လူငယ်တစ်ဦးအား မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့မှ သေနတ် ပစ်ခတ်သဖြင့် မော်လမြိုင် ဆေးရုံကြီး အရိုးအကြောဌာန၌ ကုသခံနေရ.....
လူငယ်တစ်ဦးအား မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့မှ သေနတ် ပစ်ခတ်သဖြင့် မော်လမြိုင် ဆေးရုံကြီး အရိုးအကြောဌာန၌ ကုသခံနေရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
ထိုသို့ အပစ်ခတ်ခံရသူ လူငယ်တစ်ဦးမှာ သံဖြူဇရပ်မြို့ပေါ်၊ အောင်မင်္ဂလာ ရပ်ကွက်မှ အသက် (၁၆) နှစ်ရှိ၊ မောင်အောင်သူ ဖြစ်ပြီး ပုခုံးရိုးတစ်ဖက် ရှပ်မှန်သွားသည်ဟု သိရသည်။
ယင်းဖြစ်စဉ်အား အမှုဖွင့်ရန် သံဖြူဇရပ်မြို့မ ရဲစခန်းသို့ ကာယကံရှင်များ တိုင်တန်းသော်လည်း အမှုမဖွင့်ပေးဟု ဆိုပါသည်။
“လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်နေတယ်၊ ရဲမှာ အမှုဖွင့် မရဘူးတဲ့၊ ဘယ်သူ့ကို သွားတိုင်ရမှာလဲ၊ မပြောတတ်တော့ဘူး” ဟု အမည်မဖေါ်လိုသော ကာယကံရှင်နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
သံဖြူဇရပ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ယခုကိစ္စအား ဖြေကြားခွင့် မရှိကြောင်း တာဝန်မှူးက ပြောပါသည်။
“အပစ်ခံရတဲ့ လူက လက်ပစ်ဗုံးနဲ့ သူတို့ကို ပစ်တယ်လို့ ဆိုပြီး သေနတ်နဲ့ ပြန်ပစ်တာလို့ ဆိုတယ်၊ တကယ်မှာတော့ လက်ပစ်ဗုံးလည်း မရှိဘူး၊ သူတို့ကိုက လက်နက်ကိုင်ခွင့် ရထားပြီး တမင်ကို ပစ်ခတ်တာပါ” ဟု အဆိုပါ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
လွန်ခဲ့သည့် စက်တင်ဘာလ (၂၂) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ရွာ အနီး၌ မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့မှ နိုင်ချစ်စိန်နှင့်အတူ လိုက်ပါခဲ့သည့် တပည့်တစ်ဦး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“နိုင်ချစ်စိန်က သူ့ကို လုပ်ကြံမယ့်သူ ရှိတဲ့ သတင်းထွက်နေတယ်၊ ဘယ်သူ့ကိုမှ သူစိတ်မချတော့ဘူး၊ လမ်းသွားတိုင်း သတိနဲ့ပဲ” ဟု မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သူ ရဲဘော်ဟောင်းတစ်ဦး ပြောသည်။
ယမန်နှစ် စက်တင်ဘာလတွင် သံဖြူဇရပ် မြို့အဝင် ခလရ (၆၂) တပ်ရင်းရှေ့ကားလမ်းမပေါ်၌ အမည်မသိ သေနတ်သမားတစ်ဦး ပစ်ခတ်ခဲ့ရာ နိုင်ချစ်စိန်နှင့် တပည့်တစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့ဘူးသည်။
ကျုံကဒတ်ရွာနှင့် ကျိုက္ခမီ အကြားရှိ ရသေ့တောင်ရွာတွင် မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့ စခန်းတစ်ခုကို စစ်အစိုးရက ထားရှိခွင့် ပြုခဲ့သည်။
စုံစမ်းသိရှိချက်များအရ မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့တွင် လူအင်အား (၃၀) နီးပါးခန့် ရှိသော်လည်း လက်နက် ပြည့်စုံမှု မရှိပေ။
ယင်းတပ်ဖွဲ့သည် နိုဝင်ဘာလ (၇) ရက်နေ့ မတိုင်မီ ပြည်သူ့စစ်တပ် အသွင်ပြောင်းလဲရန် စစ်အစိုးရထံ တင်ပြထားသော်လည်း သတ်မှတ်အင်အားစာရင်း မပြည်မီသဖြင့် အကောင်အထည် မဖေါ်နိုင်ဖြစ်နေသည်။
မွန်ငြိမ်းချမ်းရေးကာကွယ်ရေး တပ်ဖွဲ့တွင် မွန်ပြည်သစ်ပါတီမှ စစ်အစိုးရထံ ဘက်ပြောင်းခဲ့သူ ဗိုလ်ချုပ် အောင်နိုင် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး သူကွယ်လွန်ပြီးနောက် ဗိုလ်မှူးကြီး နိုင်ရှောင် ဆက်လက်ဦးဆောင်နေသည်။