မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ယူထားသော ငြိမ်းချမ်းရေး အဖွဲ့များက အာဏာပိုင်များနှင့် ပူးပေါင်းပြီး သစ်များ မတရား ခုတ်ယူရောင်းချမှုကြောင့် ကရင်နီပြည်နယ်ရှိ သစ်တောများ ကုန်သလောက် ဖြစ်နေ....
မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ယူထားသော ငြိမ်းချမ်းရေး အဖွဲ့များက အာဏာပိုင်များနှင့် ပူးပေါင်းပြီး သစ်များ မတရား ခုတ်ယူရောင်းချမှုကြောင့် ကရင်နီပြည်နယ်ရှိ သစ်တောများ ကုန်သလောက် ဖြစ်နေသည်ဟု ကရင်နီတပ်မတော်တို့က ပြောသည်။
“သစ်က ဘယ်မှာမှ မရှိတော့ဘူး။ ရှိမှာက ဒီမော်ချီး ပတ်ဝန်းကျင်လေး နည်းနည်းပါးပါးပဲ ကျန်မှာပေါ့နော်။ ကျန်တဲ့ အပိုင်းကတော့ ကုန်သလောက် ဖြစ်သွားပြီ။ အပစ်ခတ်ရပ်စဲရေး အဖွဲ့တွေကလည်း အများအားဖြင့် လုပ်ကြတယ်လေ။ ရန်သူက စီးပွားရေးအရ ဆိုပြီးတော့မှ တနည်းတလမ်းနဲ့ ဆွယ်တယ်မလား။ တနည်းတလမ်းနဲ့ ဆွယ်တာပေါ့” ဟု ကရင်နီတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။
စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းလိုက်သည့် ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့သည် နန်းဖဲတွင် သစ်များ ထုတ်လုပ်ရန် လမ်းများ ဖောက်လုပ်လျက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
“သစ်တောလား။ ကုန်သလောက် ရှိနေပြီလေ။ တနေ့တနေ့ ထုတ်တာ မနည်းဘူးလေ။ ဦးထွန်းကျော်လည်း ထုတ်ဖို့ ထပ်လုပ်ပြန်ပြီလေ။ အကုန်ပြောင်ပြီ။ ဒီတခါတော့ အခုတောင် နန်းဖဲမှာ လမ်းဖောက်နေပြီ။ ငါတို့ ရွာဖက်ကပေါ့” ဟု ဒေသခံ တဦးက ပြောပြသည်။
ကရင်နီပြည်တွင် သစ်များ မော်ချီး တ၀ိုက်တွင်သာ အနည်းအကျဉ်း ကျန်ရှိနေပြီး အဓိက သစ်ကုမဏီမှာ ထူးကုမဏီ ဖြစ်ပြီး ကြယ်ဖြူ၊ နဂါး၊ ကယားရွေတံခါး (ကလလတ နာမည်ခံ) စသည့် တသီးပုဂ္ဂလများကလည်း လုပ်ကြပါသည်။
အပစ်ရပ်စဲထားသော အဖွဲ့များသည် သစ်များကို အစိုးရထံသို့ သစ်တစ်တန်( ၆ ပေ )မှာ ၉၀၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး စစ်အစိုးရမှ ဒေါ်လာ ၁၄၀၀ ပြန်ရောင်းထုတ်သည်ဟု သိရသည်။
“သစ်အကြီးတွေတော့ မရှိတော့ဘူး။ နောက်ပိုင်းရတဲ့ဟာတွေကို ခုတ်လာကြတာ နှမြောစရာပဲ။ နန်းဖဲ တဂွင်လည်း ပြဲပြဲစင်ကို ခုတ်နေကြတာပဲ” ဟု လွိုင်ကော်မှ ဒေသခံ တဦးက ပြောပါသည်။
ကရင်နီပြည်နယ် ထွက်သော သစ်များသည် များသောအားဖြင့် မန္တလေးတိုင်း မလိုင် (သာစည်မြို့) အနီးတွင် လည်းကောင်း၊ ဖြူး၊ ကညွတ် ကွင်း စသည့်မြို့တွင်လည်း သစ်များ ပုံထားသည်ကို တွေ့ရှိနိုင်ပြီး တရုတ်၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှားတွင် တင်သွင်းပြီး တရုတ်၊ ထိုင်းနှင့် စင်ကာပူတွင် အဓိက အများဆုံး တင်သွင်းသည်။