ရွေးကောက်ပွဲအကြို စည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတင်ပြီ

ရွေးကောက်ပွဲအကြို စည်းရုံးရေး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတင်ပြီ
by -
မင်းထက်အောင်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP မှ ရွေးကောက်ပွဲအကြို စည်းရုံးရေး လုပ်ငန်းစဉ်များ ယခုသီတင်း ပတ်မှ စတင်ပြုလုပ်....

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP မှ ရွေးကောက်ပွဲအကြို စည်းရုံးရေး လုပ်ငန်းစဉ်များ ယခုသီတင်း ပတ်မှ စတင်ပြုလုပ်နေပြီဟု ပါတီဥက္ကဌ နိုင်ငွေသိန်း (ခေါ်) နိုင်ဂျနူမွန်က ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်ရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေ အောက်မှာ လှုပ်ရှားရနေရတာ သိပ်တော့ မလွယ်လှဘူး၊ ဒါပေမယ့် ဒီလိုဘဲ ဆက်လုပ်သွားရမှာဘဲ” ဟု နိုင်ငွေသိန်း ဆက်ပြောပါသည်။

ထို့အပြင် လာမည့် စက်တင်ဘာ(၂၉) ရက်နေ့ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ ထုတ်လွှင့်နိုင်ရန် နေပြည် တော်သို့ မကြာမီ ရက်ပိုင်းအတွင်း သွားရောက်မည်ဟုလည်း ဆိုပါသည်။
Nai-Janu_Mon_AMRDP
ပါတီစည်းရုံးရေး သီချင်းများ ကိုလည်း ထင်ရှားသည့် မွန် အဆိုတော် မင်းကျန်ရစ်က စီစဉ် နေပြီဟု သိရသည်။ မင်းကျန်ရစ် သည် မွန်ပြည်နယ်လွှတ်တော်၊ မော်လမြိုင်မြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်မြေမှ AMRDP ကိုယ်စားလှယ် လောင်းတစ်ဦး ဖြစ်သည်။

မွန်ပြည်နယ်အတွင်း AMRDP မြို့နယ် ရုံးခွဲများကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့ပေါ်ရုံး အသီးသီး၌ ဖွင့်လှစ်ထားရှိသော်လည်း ကျိုက်မရောမြို့ နယ်ရုံးခွဲအား အမာခံ ဒေသ ဖြစ်သည့် တရနာကျေးရွာတွင် ထားရှိ သည်ဟု သိရသည်။

ထို့အတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ရုံးခွဲကိုလည်း မွန်အများစု နေထိုင်ရာ ကော့ဘိန်းကျေးရွာ၌ ဖွင့်လှစ် ထားရှိသည်။

သို့ရာတွင် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်၊ ရေဖြူမြို့နယ်မှ ကိုယ်စားလှယ်လောင်း တစ်ဦးသာ ထားရှိ နိုင်သည့် အတွက် မြို့နယ်ခွဲရုံး မဖွင့်လှစ်ဟု သိရသည်။

“အခု စည်းရုံးရေး ဆင်းတာက လူထုတွေကို စုပြီး စကားပြောစင်မြင့်တွေပေါ်မှာ မဲဆွယ်တာ မဟုတ်သေးဘူး၊ ကိုယ့်အမာခံလူတွေ မဲရုံနဲ့ ကြိုတင်မဲတွေအပေါ် ဘယ်လို စောင့်ကြည့်သွားမလဲ၊ နောက်ပြီး မဲထည့်တဲ့ နည်းစနစ် တွေလည်း ပါတာပေါ့၊ သက်ဆိုင်ရာကို အသိပေးပြီး လုပ်ကြတယ်” ဟု သံဖြူဇရပ်မြို့နယ်၊ AMRDP စည်းရုံးရေးမှူး တစ်ဦး ပြောသည်။

အဆိုပါ မြို့နယ်ခွဲ ပါတီရုံး အသီးသီး၌ တစ်မြို့နယ်လျှင် ပါတီစည်းရုံးရေးအတွက် ပါတီဝင် (၃၀) ဦး သီးသန့် ခန့်အပ် တာဝန်ပေးထားသည်ဟု သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ AMRDP ပါတီဝင် ဦးရေ (၁၄၀၀) ခန့် ရှိကြောင်း စာရင်းပေးအပ်ထားပြီး ဖြစ်သည်။

နောက်ဆုံး အတည်ပြုချက်အရ လာမည့် နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲ၌ AMRDP ပါတီမှ လွှတ်တော် သုံးရပ် အတွက် ကိုယ်စားလှယ် (၃၄) ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ရာ မွန်ပြည်နယ်မှ (၂၉) ဦး၊ ကရင်ပြည်နယ်မှ (၄) ဦး၊ တနင်္သာရီတိုင်းမှ (၁) ဦး ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၉) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ရာ (၅) နေရာ အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲ ရလဒ်အား လက်ရှိ စစ်အစိုးရ ပယ်ဖျက်ခဲ့ပြီး ရွေးကောက်ပွဲဝင် ပါတီများကိုလည်း ဖျက်သိမ်းစေခဲ့သည်။

ယခု ရွေးကောက်ပွဲသည် အဓိက အတိုက်အခံ ပါတီများ မပါဝင်သလို စစ်အစိုးရ စိတ်ကြိုက်ဥပဒေများအတိုင်း စီမံပြုလုပ်သည့် ရွေးကောက်ပွဲ ဖြစ်သောကြောင့် တရားမျှတမှု မရှိသဖြင့် အများက လက်မခံနိုင်ဟု အမျိုးမျိုး ဝေဖန်ခံနေရသည်။