NUDP ရွေးကောက်ပွဲ မ၀င်ဖြစ်တော့

NUDP ရွေးကောက်ပွဲ မ၀င်ဖြစ်တော့

ကရင်နီပြည်နယ် ကိုယ်စားပြု လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP သည် မြန်မာစစ်အစိုးရမှ ကျင်းပပြုလုပ်မည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်.....

ကရင်နီပြည်နယ် ကိုယ်စားပြု လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP သည် မြန်မာစစ်အစိုးရမှ ကျင်းပပြုလုပ်မည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

NUDP သည် ကရင်နီပြည်နယ်ရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် ဒေသခံအာဏာပိုင်တို့၏ နှောင့်ယှက်မှုနှင့် ခြိမ်းခြောက်မှု အမျိုးမျိုးကို ခံနေရသဖြင့် ရွေးကောက်ပွဲအတွက် လူထုမဲဆွယ်စည်းရုံးရေး မလှုပ်ရှားနေသောကြောင့် ရွေးကောက်ပွဲ မ၀င်တော့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO ခေါင်းဆောင် စမ်းရှိုင်းက ပြောသည်။

“သူတို့ အဖွဲ့က ဆုံးဖြတ်ချက်တခု ချလိုက်တာကတော့ ရွေးကောက်ပွဲ မ၀င်တော့ဖို့ပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်တော့ဖို့ ဆိုပြီးတော့ သူတို့ အဲလိုမျိုး ဆုံးဖြတ်ပြီးတော့ သူတို့ ရုံးတွေ ဘာတွေ အကုန်ပိတ်လိုက်ရ တယ်လေ”  ဟု သူက ပြောသည်။

လောလောဆယ်တွင် NUDP က ပါတီဖျက်သိမ်းခြင်းကို တရားဝင် ကြေညာထားခြင်း မရှိသေးသော်လည်း ပါတီဖျက်သိမ်း လိုက်သည့် အနေအထား သက်ရောက်နေသည်ဟု ပါတီနှင့် နီးစပ်သူ တဦးကလည်း ပြောပါသည်။

“နားတာလား။ ဖျက်သိမ်းတာလားတော့ မသိဘူး။ သူတို့ဟာ သူတို့ ဖျက်သိမ်းတဲ့ ပုံစံလိုမျိုးတော့ သက်ရောက်နေတာပေါ့။ တရားဝင် ကြေညာတာမျိုးလည်း မရှိဘူး”  ဟု သူက ပြောသည်။

ကြံ့ဖွံ့နှင့် အာဏာပိုင်တို့သည် NUDP ၏ ပုဂ္ဂလိကပိုင် စီးပွားရေးကို ပိတ်ပင်ခိုင်းခြင်း၊ ယခင်က ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ဆက်သွယ်ခဲ့မှုနှင့် ပတ်သက်၍ ၎င်းတို့အား ဥပဒေအရ အရေးယူဖမ်းဆီးနိုင်ခြင်း စသည့်တို့ကို မကြာခဏ ခြိမ်းခြောက်ထားသဖြင့် NUDP က ပါတီလုပ်ငန်းကို ရှေ့ဆက်မတိုးရဲကြကြောင်း စမ်းရှိုင်းက ဆိုသည်။

ဒီးမော့ဆိုမြို့၌ အခြေစိုက်ထားသော NUDP ရုံးကိုလည်း ပိတ်ခဲ့လိုက်ရပြီဖြစ်ကြောင်း သိရသည်။

NUDP သည် နယ်မြေခံ အရပ်သားပြည်သူမှ ဖွဲ့စည်းထူထောင်လိုက်သော နိုင်ငံရေးပါတီတခု ဖြစ်၍ ပြည်သူလူထုများက ၎င်းတို့ကို အတော်များများ နှစ်သက်ကြကြောင်း၊ ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ကရင်နီပြည်နယ်ရှိ အင်အားတောင့်ပြီး တက်ကြွလှုပ်ရှားသော ကန္တာရ၀တီ လူငယ်အဖွဲ့ကို အသုံးပြုသွားမည် ဖြစ်သောကြောင့် ၎င်းတို့ကို လူထုထောက်ခံမှု အားကောင်းမည့် ဟန်ရှိကြောင်း သိရသည်။

အကယ်၍ NUDP က ကရင်နီပြည်နယ်နှင့် ကရင်နီလူထုများ ကိုယ်စားပြုပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပါက ကရင်နီပြည်နယ်တွင် ကြံ့ဖွံ့က မဲမနိုင်တော့မှာကို ကြိုတင်တွက်ဆထားသောကြောင့် NUDP ကို အနှောင့်အယှက် ပေးနေရခြင်း ဖြစ်သည်ဟု ကရင်နီပြည်နယ် နိုင်ငံရေး အခြေအနေအား အမြဲလေ့လောစောင့်ကြည့်နေသော ကရင်နီအမျိုးသား လူမှုအသိုင်းအ၀ိုင်း ကနေဒါ KNCC မှ ပြောရေးဆိုခွင့်ရှိသူ ခွန်းမျိုးမင်းလတ်ကလည်း ပြောသည်။

၎င်းက “ကယားပြည်နယ်မှာ NUDP ပါတီသာ ၀င်ရောက်ယှဉ်ပြိုင်ရင်တော့ ကြံ့ဖွံ့ မဲမနိုင်နိုင်ပါဘူး။ ကြံဖွံ့ ရှုံးမယ့်ဆိုတာ ကြိုတင်တွက်ဆ ထားတဲ့အတွက် ပါတီကို နှောင့်ယှက်ထားတာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရမှာ ပြည်သူက ဆင်းသက် လာတဲ့ ကိုယ်စားလှယ်လောင်းတွေ ပါဝင်လာမှာကို မလိုလားတာ သေချာနေပါပြီး။ ဒါတွေကြောင့် ပါတီကို  စနစ်တကျ နှောင့်ယှက်နေတာ ဖြစ်တယ်”  ဟု ပြောသည်။

NUDP တည်ထောင်ရခြင်းမှာ ကရင်နီပြည်နယ်တွင် တိုင်းရင်းသား နိုင်ငံရေးပါတီ တဖွဲ့မှ မရှိသေးသောကြောင့် ရွေးကောက်ပွဲတွင် ကရင်နီပြည်နယ်နှင့် ကရင်နီလူထုများ ကိုယ်စားပြု ပါတီတဖွဲ့ ပါဝင်သင့်ကြောင်း၊ ကရင်နီပြည်နယ်တွင် အခြားသော နိုင်ငံရေးပါတီများ လာရောက်ရွေးခံရန် ဆောင်ရွက်နေကြသည်မှာ အချို့ရှိသော်လည်း ယင်းပါတီများကို အတိုက်အခံ လုပ်ရန် မဟုတ်ကြောင်း NUDP အဖွဲ့ဝင် ဦးမီရယ် (ခ) ရဲအောင်က ပြောခဲ့သည်။

၎င်းက “ပါတီ တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကယားပြည်နယ် ကိုယ်စားပြုပါတီတစ်ခု ရှိသင့်တယ်လို့ ခံယူထားပါတယ်။ အနာဂတ်မှာ ကယားပြည်နယ်အတွင်းရှိ လူမျိုးစုံ မျိုးဆက်သစ် လူငယ်များအတွက် ရည်ရွယ်ချက် ကြီးစွာနဲ့ ဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ်တယ်” ဟု ပြောခဲ့ပါသည်။

NUDP ကို ဦးမီရယ်မြင့်နှင့် ဦးမီရယ် (ခ) ရဲအောင်တို့ ဦးဆောင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီလျှောက်ထားခဲ့ရာ သြဂုတ်လ ၅ ရက်နေ့တွင် ကော်မရှင်မှ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ပြုခဲ့သည်။ သို့သော် ယခုအချိန်ထိ ကော်မရှင်က ၎င်းတို့ ပါတီကို တရားဝင် ထုတ်ပြန်ကြေညာထားသည်ကို မတွေ့ရှိရပေ။