ချုံခိုတိုက်ခိုက်ခံရ၍ နအဖစစ်တပ်မှ အရာရှိ တဦးပါ ၇ ဦး ထိခိုက် ၃ ဦး ကျဆုံး

ချုံခိုတိုက်ခိုက်ခံရ၍ နအဖစစ်တပ်မှ အရာရှိ တဦးပါ ၇ ဦး ထိခိုက် ၃ ဦး ကျဆုံး
by -
စောသိန်းမြင့်

ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါ်လေဒေသတွင် တပ်ပြောင်းလဲရန် ရောက်ရှိလာသော နအဖတပ်ဖွဲ့နှင့် လှုပ်ရှားနေဆဲ တပ်ဖွဲ့တို့ကို ကေအဲန်ယူမှ ယမန်နေ့နှင့် ယနေ့မနက်တွင် နှစ်ကြိမ်ဆက်တိုက် ချုံခိုက်တိုက်ခိုက်ခဲ့ရာ နအဖတပ် ...

 

ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါ်လေဒေသတွင် တပ်ပြောင်းလဲရန် ရောက်ရှိလာသော နအဖတပ်ဖွဲ့နှင့် လှုပ်ရှားနေဆဲ တပ်ဖွဲ့တို့ကို ကေအဲန်ယူမှ ယမန်နေ့နှင့် ယနေ့မနက်တွင် နှစ်ကြိမ်ဆက်တိုက် ချုံခိုက်တိုက်ခိုက်ခဲ့ရာ နအဖတပ်ဘက်က ၃ ဦး သေဆုံးပြီး ဗိုလ်ကြီး တစ်ဦး အပါအဝင် ၇ ဦး ဒဏ်ရရှိခဲ့သည်ဟု သိရသည်။

ဝေါ်လေဒေသ မော်ခီး အခြေစိုက် အရှေ့တောင် တိုင်းစစ်တပ်ဌာနချုပ် ရတခ လက်အောက်ခံ တပ်ရင်း ခလရ (၂၇၅)နှင့် တပ်ပြောင်းလဲရန် ရောက်ရှိလာသော ခလရ (၉၇)အား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း (၂ဝ၁)က ယမန်နေ့ ညနေ ၃ နာရီခန့်တွင် တကြိမ် ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ယနေ့မနက် (၆) နာရီခန့်တွင် ကနဲလေး အခြေစိုက် နအဖ DSCF9237စကခ (၈) လက်အောက်ခံ ခမရ (၄ဝ၃) လှုပ်ရှားတပ်ရင်းအား ကေအဲန်အယ်လ်အေ (၂ဝ၁) တပ်ဖွဲ့က ထပ်မံ၍ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ၎င်းတပ်ရင်း (၂ဝ၁) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောကြည်အောင်က အတည်ပြုပြောဆိုသည်။

“မနေ့က ညနေ ၃ နာရ်ီမှာ ခလရ (၉၇) နဲ့ ကျနော်တို့ တပ်ဖွဲ့ ကနဲလေးရွာ အနောက်ဘက်ခြမ်း တောင်ကုန်းဘေးနားမှာ တိုက်ပွဲ ဖြစ်တော့ နအဖဘက်က ၃ ယောက်သေ၊ ၃ ယောက် ဒဏ်ရတယ်။ ဒီမနက် ကနဲလေးရွာ အခြေစိုက် ခမရ (၄ဝ၃) နဲ့ တကြိမ် ထပ်ဖြစ်တယ်။ နအဖဘက်က ၄ ယောက် ဒဏ်ရာရတယ်။ အဲဒီအထဲမှာ ဗိုလ်ကြီး တယောက်ပါတယ်။ ကျနော်တို့ ဘက်ကတော့ ထိခိုက်သေဆုံးမှု မရှိဘူး” ဟု ဗိုလ်မှူး စောကြည်အောင်က ပြောသည်။

ကျေးရွာ အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ရွာသားများကို ဖမ်းဆီးအကြပ်ကိုင်မှုများ လုပ်ဆောင်ခြင်း မရှိသော်လည်း ခလရ (၂၇၅) သည် ခလရ (၉၇) နှင့် တပ်အပြောင်းအလဲ လုပ်ပြီးနောက် ယနေ့မနက်တွင် မောကီး စခန်းမှ မိခင်ဌာနချုပ် မော်လမြိုင်သို့ အပြန်လမ်း၌ ကေအဲန်ယူ တပ်ဖွဲ့ဝင်များ၏ ချုံခိုတိုက်ခိုက်ခံရမည် စိုးရိမ်သောကြောင့် ကနဲလေး ရွာသူကြီး အပါအဝင် ရွာသူရွာသား ၃ဝ ဦးကျော် လိုက်ပါပို့ဆောင်ပေးရသည်ဟု သိရသည်။

ခြောက်မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့သည့် ၎င်းချုံခိုတိုက်ပွဲတွင် ဒဏ်ရာရရှိသွားသော နအဖစစ်သည်များကို ဝေါ်လေမှတဆင့် မြဝတီ ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်ဟု နယ်မြေခံများက ပြောဆိုနေကြသော်လည်း ယနေ့မွန်းလွဲပိုင်းအထိ စစ်သည်လူနာများ ရောက်ရှိလာခြင်း မရှိကြောင်း မြဝတီဆေးရုံမှ ဝန်ထမ်းတဦးက ကေအိုင်စီကို ပြောသည်။

နအဖ တပ်များသည် ပြီးခဲ့သည့် အပတ်ကတည်းက ဖားအံ-မြဝတီကားလမ်းမှ အင်အားများစွာ ထပ်မံရောက်ရှိလာကာ ယခု တိုက်ပွဲ ဖြစ်ပွားသည့် ဝေါ်လေဒေသသို့ သွားရောက်ခဲ့ရာ တပ်ရင်း (၅) ရင်းအထိ ရှိသည်ဟုလည်း နယ်စပ် သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ တောင်ပိုင်း (၁၂ဝ) ကီလိုမီတာ အကွာအဝေးရှိ အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာဒေသသည် ကေအဲန်အယ်လ်အေ တပ်ရင်း (၂ဝ၁)၊ နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေ တပ်မဟာ (၅) တပ်ဖွဲ့နှင့် နအဖ ရတခနှင့် စကခ (၈) လက်အောက်ခံ တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။

 

 

 

 

 

Most read this week