မော်လမြိုင်ခရိုင် (၆) မြို့နယ်အတွင်း လာမည့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းမူကြမ်းကို လက်ခံ.....
မော်လမြိုင်ခရိုင် (၆) မြို့နယ်အတွင်း လာမည့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းမူကြမ်းကို လက်ခံရရှိခဲ့သည်။
အဆိုပါ မြို့နယ်အားလုံးတွင် လွှတ်တော်သုံးရပ်လုံး၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP၊ တိုင်းရင်းသား စီးလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
အထူးသဖြင့် ကျိုက်မရောမြို့နယ်တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)နှင့် ဖလုံ-စဝေါဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအချို့ ပါဝင်ယှဉ်ပြိုင်မည့် စာရင်းကိုလည်း တွေ့ရှိရသည်။
ထို့အတူ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ကိုယ်စားလောင်း တစ်ဦး ပါရှိနေသည်။
ထို့အပြင် သံဖြူဇရပ်မြို့ မဲဆန္ဒနယ်မြေတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးနှင့် မော်လမြိုင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးလည်း တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
၎င်းတစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်မြမောင်မှာ ရှေ့နေတစ်ဦး ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ပါတီကိုယ်စားလှယ်လောင်းအဖြစ် သံဖြူဇရပ်မြို အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ပါတီကို ရှုံးနိမ့်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
ထို့အပြင် အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရေးမြို့နယ် မဲဆန္ဒနယ်မြေတွင် AMRDP ပါတီမှ မိမြင့်သန်းနှင့် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်မြေတွင် ကြံ့ဖွံ့ပါတီမှ ဒေါ်မိယဉ်ချမ်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းမူကြမ်းအရ မော်လမြိုင်ခရိုင်အတွင်း မဲဆန္ဒ (၆) နေရာ၌ ပြည်နယ် လွှတ်တော်နေရာ (၁၂) နေရာအတွက် အမတ်လောင်းဦး (၄၀) ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ထို့အပြင် ပြည်သူ့လွှတ်တော် (၆) နေရာနှင့် အမျိုးသားလွှတ်တော် (၇) နေရာများတွင် ကိုယ်စားလှယ်လောင်း (၂၂) ဦးစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။
မွန်ပြည်နယ်တွင် မော်လမြိုင်ခရိုင်အတွင်း (၆) မြို့နယ်နှင့် သထုံခရိုင်၌ (၄) မြို့နယ်၊ စုစုပေါင်း ပြည်နယ် တစ်ခု လုံးတွင် မြို့နယ် (၁၀) မြို့နယ် ရှိသည်။