မိုးကုတ်မြို့ အနောက်ဘက် မိုးကုတ်-၀ါးဖြူတောင် ကားလမ်းပိုင်း/လမ်းဧရိယာ အပါအ၀င် အနီးတ၀ိုက်ရှိ ယူရေနီယမ် သတ္တုစီမံကိန်းခွင်နှင့် မလွတ်ကင်းသော လီစူးရွာ ၃ ရွာ မကြာခင် ပြောင်းရွှေ့ခံရဖွယ်ရှိ.....
မိုးကုတ်မြို့ အနောက်ဘက် မိုးကုတ်-၀ါးဖြူတောင် ကားလမ်းပိုင်း/လမ်းဧရိယာ အပါအ၀င် အနီးတ၀ိုက်ရှိ ယူရေနီယမ် သတ္တုစီမံကိန်းခွင်နှင့် မလွတ်ကင်းသော လီစူးရွာ ၃ ရွာ မကြာခင် ပြောင်းရွှေ့ခံရဖွယ်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
“ယူရေနီယမ် တူးမယ် ဆိုတော့ အဲ့ဒီဒေသမှာ ရှိတဲ့ လီစူးရွာ ၃ ရွာလဲ မကြာခင် ပြောင်းရတော့မယ်။ တရွာဆို အိမ်ခြေ ၅၀ ကျော် ရှိမယ်” ဟု မိုးကုတ်ဒေသခံ တစ်ဦးက ပြောပါသည်။
ထိုလီစူးရွာသည် မိုးကုတ်မြို့ အနောက်တောင်ဘက် ၇-၈ မိုင်အကွာ၌ တည်ရှိသည်ဟု ဆို၏။ နအဖက ထိုဒေသ တွင် ယူရေနီယမ် တူးဖော်ရေး စီမံကိန်းကြီး ပြုလုပ်နေသောကြောင့် ဖြစ်သည်။
ထိုယူရေနီယမ် တူးဖော်ရေး စီမံကိန်းကြောင့် မိုးကုတ်-၀ါးဖြူတောင်သွားလမ်းကို နအဖက ပိတ်မည်ဟုလည်း သတင်း ထွက်နေခဲ့ပြီး မိုးကုတ်မှ မန္တလေးကားလမ်းသစ်တစ်ခု အစားထိုး ဖောက်လုပ်ပြီးစီးလုနီးပြီဟု ဆို၏။
“မြေမြို့ရဲ့မြောက်ဘက်ကနေ မိုင်းလုံ-မိုးကုတ်ကို တိုက်ရိုက်ဖောက်ထားတာ။ လမ်းသစ်ပြီးစီးသွားရင် မိုးကုတ် ပြည်သူတွေ မန္တလေးသွားရင် ဒီလမ်းကို သုံးရမယ်တဲ့” ဟု ၎င်းက ဆက်လက်ပြောပါသည်။
မေမြို့-မိုင်းလုံ-မိုးကုတ်လမ်းသစ်ကို ယခုနှစ်ဆန်းပိုင်းမှ စတင်ဖောက်လုပ်ခဲ့ပြီး မိုင် ၆၀ ကျော် ရှည်မည်ဟု ဆိုသည်။
“မြေဖို့ ကျောက်ခင်းတာ အားလုံးပြီးလုနီးနီး ရှိပြီ။ ကတ္တရာဆက်ခင်းနေတယ်။ ဒီနှစ်ကုန် အပြီးခင်းမယ်ဆိုဘဲ။ အားလုံး ပြီးသွားရင်တော့ မေမြို့ကနေ မိုးကုတ်ကို ၂ နာရီကြာ မောင်းရမယ်” ဟု တောင်ကြီးရောက် မိုးကုတ် ကုန်သည်လီစူး အမျိုးသား တစ်ဦးက ပြောပါသည်။
ယခုနှစ် ဂျွန်လဆန်းပိုင်း၌ နအဖ စစ်အုပ်စုက ယူရေနီယမ် သတ္တုသုံး နျူးကလီးယား လက်နက် လျှို့ဝှက်စွာ ထုတ်လုပ်နေသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းကလည်း သြဂတ်စ် ၁၁ ရက် နေပြည်တော် ကြံ့ဖွတ်သင်တန်း ဆင်းပွဲတစ်ခုတွင် “နျူးကလီးယား လက်နက် ထုတ်သင့်လျှင် ထုတ်ရမည်”ဟု RFA သတင်းဌါနက ထုတ်လွှင့်ခဲ့ပါသည်။