မြန်မာ့ခရီးသွား တာထွက်မကောင်း

မြန်မာ့ခရီးသွား တာထွက်မကောင်း
by -
ဆလိုင်း ဟံသာစန်း

ခရီးသွားရာသီ ဝင်ရောက်ပြီ ဖြစ်သော်လည်း ကမ္ဘာလှည့်ခရီးသည်များ ကြိုတင်စာရင်းပေးသွင်းမှု လျော့နည်း နေသေးကြောင်း မြန်မာ့ခရီးသွား လုပ်ငန်းများနှင့် ဟိုတယ်များက ပြော....

ခရီးသွားရာသီ ဝင်ရောက်ပြီ ဖြစ်သော်လည်း ကမ္ဘာလှည့်ခရီးသည်များ ကြိုတင်စာရင်းပေးသွင်းမှု လျော့နည်း နေသေးကြောင်း မြန်မာ့ခရီးသွား လုပ်ငန်းများနှင့် ဟိုတယ်များက ပြောသည်။

ပုံမှန်အားဖြင့် ခရီးသွားရာသီ အကြိုကာလဖြစ်သည့် သြဂုတ်လကုန်ပိုင်းမှစ၍ ကြိုတင်စာရင်းပေးမှု (Booking) များ ပြုလုပ်လေ့ရှိရာ ယခုနှစ်တွင် နည်းပါးနေကြောင်း ၎င်းတို့က ပြောဆိုကြခြင်း ဖြစ်သည်။

“ဒီနှစ်မှာ တော်တော်လေး ခရီးသည် ပါးပါတယ်။ အမှန်အတိုင်းပြောရရင် ခါတိုင်းဆို ဒီအချိန်မှာ Booking တွေ ရနေပါပြီ။ ဒီနှစ်တော့ အခုထက်ထိ Booking တယောက်မှ မရသေးဘူး” ဟု ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ်ရှိ ခရီးသွားကုမ္ပဏီမှ ထိပ်တန်းအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ရှိ Strand ဟိုတယ်မှ တာဝန်ရှိသူတဦးကလည်း “ဧည့်သည်တွေ ဝင်တော့ဝင်နေတယ်။ Booking (ကြိုတင်စာရင်းပေး) လုပ်တာတချို့လည်း ရှိပါတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားက မနှစ်ကလောက် အားရစရာ မကောင်းဘူး။ မနှစ်ကနဲ့ ယှဉ်ရင် Booking လုပ်ကြတာ နည်းနေတယ်” ဟု ပြောသည်။

Booking နည်းပါးသည်ဟု ၎င်းတို့က ပြောဆိုကြသော်လည်း လူဦးရေစာရင်း အတိအကျကို ထုတ်ဖော် ပြောဆို လိုခြင်း မရှိကြပါ။

ပြီးခဲ့သည့် လကုန်ပိုင်းတွင် စစ်အစိုးရက နိုင်ငံခြားသား ခရီးသွားများကို မြန်မာသံရုံးများ၌ ကြိုတင်စီစဉ်ရန် မလိုအပ်သည့် ဆိုက်ရောက်ဗီဇာ ပိတ်ပင်ကြောင်း သတင်းပေါ်ထွက်ပြီးနောက် ရန်ကုန်နှင့် မြန်မာပြည် အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံရှိ ဟိုတယ်များတွင် ခရီးသည် ဝင်ရောက်မှု ကျဆင်းသွားခဲ့သည်။

ပုဂံမြို့ရှိ နာမည်ကြီး ဟိုတယ်တခု၏ ဧည့်ကြိုဌာနမှ တာဝန်ရှိသူတဦးက ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့သည့် ကာလများတွင် ခရီးသည်တည်းခိုမှု များခဲ့သော်လည်း ပိတ်ပင်ပြီးနောက်ပိုင်း ကျဆင်းသွားကြောင်းနှင့် ဟိုတယ်တွင် အခန်းပေါင်း ၇၆ ခန်း ရှိသော်လည်း လက်ရှိတွင် ၅ ခန်းသာ ဧည့်သည်ရှိနေကြောင်း ပြောသည်။

သို့သော် ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့သည့် ယခုနှစ် မေလမှ ဇူလိုင်လကြား ကာလအတွင်း မိုးရာသီ ဖြစ်သော်လည်း ခရီးသည် လာရောက်မှု များပြားခဲ့ကြောင်း သူက ဆိုသည်။

ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ Chatrium ဟိုတယ်မှ တာဝန်ရှိသူတဦးက “ဆိုက်ရောက်ဗီဇာ ပိတ်လိုက်တဲ့ အစပိုင်းတော့ ခရီးသည်ဝင်တာ တော်တော်လျော့ကျသွားတာပေါ့နော်။ အခုတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ” ဟု ပြောသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲကာလတွင် နိုင်ငံခြားသား ဝင်ရောက်မှုကို ကန့်သတ်လိုသည့်အတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးခြင်းကို ယခုလ ၁ ရက်နေ့မှစ၍ ရပ်ဆိုင်းခဲ့ပြီး ရပ်ဆိုင်းချိန် အနည်းဆုံး ၃ လ ကြာမြင့်မည်ဟု သိရသည်။

ပြည်တွင်းရှိ သံရုံးများ၊ NGO အရာရှိများနှင့် ဝန်ထမ်းများ စသည့် နိုင်ငံခြားသားများမှာလည်း နိုဝင်ဘာလမှ မတ်လအတွင်း ချောင်းသာ၊ ငွေဆောင် စသည့် ကမ်းခြေများသို့ အပန်းဖြေခရီး သွားလေ့ရှိသော်လည်း ယခုနှစ်တွင် ရွေးကောက်ပွဲနှင့် တိုက်ဆိုင်နေသဖြင့် ခရီးစဉ်များကို ဆိုင်းငံ့ထားကြောင်း ရန်ကုန်မြို့ရှိ ခရီးသွား လုပ်ငန်းရှင်တဦးက ပြောသည်။

“၁ဝ လပိုင်းမှာ သွားနေကျ ကျနော့်ဖောက်သည်တွေကို ဘယ်လိုလဲ၊ သွားမလားလို့ ပုံမှန်လုပ်နေကျအတိုင်း လုပ်တဲ့အခါ အကုန်လုံးက ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် ပုံစံမျိုးတွေ ဖြစ်နေတယ်။ ရွေးကောက်ပွဲမှာ ဘာဖြစ်မလဲဆိုတာ မသိသေးတော့ ပိုက်ဆံတန်ဖိုးရှိတယ်၊ မသွားသေးဘူးဆိုပြီး ပြောကြတယ်” ဟု သူက ပြောသည်။

ဗြိတိန်နှင့် အမေရိကန် အစိုးရတို့က မြန်မာ့ရွေးကောက်ပွဲတွင် အကြမ်းဖက်မှုများ ဖြစ်လာနိုင်သဖြင့် သတိထား သင့်ကြောင်း ၎င်းတို့၏ နိုင်ငံသားများကို ပြီးခဲ့သည့်လကုန်ပိုင်းက သတိပေးနှိုးဆော်ထားသည်။

သို့သော် ရန်ကုန်မြို့ရှိ အထင်ကရ ဟိုတည်ကြီးများဖြစ်ကြသည့် Traders ၊ Chatrium နှင့် Strand တို့က ၎င်းတို့ ထံသို့ ဗြိတိန်နှင့် အမေရိကန်ုနိုင်ငံသားများ ဝင်ရောက်မှုမှာ လျော့ကျသွားခြင်း မရှိသေးကြောင်း ပြောဆိုကြသည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဦးရေမှာ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အတွင်း ၁၆၁၃၂၂ ဦး ရှိပြီး၊ ပြီးခဲ့သည့်နှစ်ထက် ၃၇ ရာခိုင်နှုန်း တိုးတက်လာသည်ဟု အရှေ့အလယ်ပိုင်းဒေသ အာရပ်စော်ဘွားများ နိုင်ငံ UAE အခြေစိုက် 4Hoteliers ခရီးသွားဝက်ဆိုဒ်၏ အင်တာနက် စာမျက်နှာတွင် သြဂုတ်လ ၃၁  ရက်နေ့စွဲဖြင့် ဖော်ပြထားသည်။

လာရောက်သူများမှာ အာရှနိုင်ငံများမှ ၆၇ ရာခိုင်နှုန်း၊ ဥရောပမှ ၁၉ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများမှ ၁၄ ရာခိုင်နှုန်း ဖြစ်သည်။

စစ်အစိုးရက ယခုနှစ် စက်တင်ဘာလမှ လာမည့်နှစ် မတ်လအထိ ၇ လကြာမြင့်မည့် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် မြန်မာ့ ခရီးသွား ရာသီအတွင်း ခရီးသွား ဦးရေ တသန်းခန့်အထိ မျှော်မှန်းထားသည်။

 

 

 

 

 

 

Most read this week