မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက် အခြေစိုက်သော တောင်ပိုင်း ၀ တပ်ဖွဲ့ စစ်ဒေသအမှတ် ၁၇၁ လက်အောက်ခံ တပ်များအားလုံး မြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ်မပြန်လျှင် ထိုးစစ်ဆင်မည်ဟု နအဖဖက်မှ ခြိမ်းခြောက်....
မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက် အခြေစိုက်သော တောင်ပိုင်း ၀ တပ်ဖွဲ့ စစ်ဒေသအမှတ် ၁၇၁ လက်အောက်ခံ တပ်များအားလုံး မြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ်မပြန်လျှင် ထိုးစစ်ဆင်မည်ဟု နအဖ ဖက်မှ ခြိမ်းခြောက် ထားကြောင်း စုံစမ်းသိရှိရပါသည်။
“တောင်ပိုင်း ၀ တပ်ဖွဲ့တွေ ပန်ဆန်းဘက်အားလုံး ပြောင်းခိုင်းထားတယ်။ မပြောင်းဘူးဆိုရင် စစ်ဖြစ်မယ်လို့ မိုင်းဆတ် ဒကစမှူးက ခြိမ်းခြောက်ထားတယ်” ဟု မိုင်းတုံဒေသခံ တစ်ဦးက ပြောပါသည်။
သြဂတ်စ် ၂၇ ရက် နံနက်ပိုင်း မိုင်းဆတ်-မိုင်းတုံမှ နအဖစစ်အရာရှိအချို့ စစ်ကားကြီး ၆ စီး၊ ကားငယ် ၃ စီးဖြင့် မိုင်းတုံ အနောက် တောင်ဖက် မိုင်းကျွက်သို့ ခရီးထွက်ခဲ့၏။ မိုင်းကျွက် အခြေစိုက် တပ်မဟာ ၇၇၂ မှ ၀ အရာရှိ များအား ခေါ်ယူပြောဆိုပြီး ညနေပိုင်း ပြန်သွားခဲ့ကြသည်။
နောက်တစ်နေ့ သြဂတ်စ် ၂၈ ရက် မိုင်းယွမ်း အခြေစိုက်တပ်မဟာ ၅၁၈ မှ တပ်မှူး အပါအ၀င် ဖှိုးဝှီးကားအစီး ၂၀ ကျော် မိုင်းကျွက်သို့ ထွက်ခွါသွားကြသည်ဟု ဆို၏။
“အသက်သွေးချွေး/ ငွေအား/ ပစ္စည်းဥစ္စာတွေ အများကြီး ရင်းနှီးထားရပြီမို့ ၀ ဖက်က တပ်ရုပ်မပေးနိုင်ဘူး။ နအဖဖက်က တိုက်မယ် ဆိုရင်လဲ တိုက်ပေါ့။ သူတို့ သဘောအတိုင်းဘဲ” ဟု ၀ တပ်မှူးက ပြောဆိုကြောင်း မိုင်းကျွက်ဒေသခံ တစ်ဦးက ပြောပါသည်။
ဝ တပ်ဖွဲ့စစ်ဒေသ ၁၇၁ လက်အောက်ခံ တပ်မဟာ ၅ ခု ရှိပြီး ၇၇၂ မိုင်းကျွက်၊ ၇၇၅ ဟွေအော့၊ ၇၇၈ ခိုင်းလုံ၊ ၂၄၈ ဟိုယွက်-ဟိုပန်နှင့် ၅၁၈ မိုင်းယွမ်းတို့၌ အသီးသီး အခြေစိုက်ကြသည်။
“၀ တပ်တွေ တပ်ရုပ် မပြန်ရင် စစ်ဖြစ်မယ်လို့ နအဖဖက်က ခြိမ်းခြောက်ထားပေမဲ့ တခြားဒေသက လာတဲ့ စစ်အင်အား ထပ်ဖြည့်တာ မတွေ့ရဘူး” ဟု ၎င်းက ဆက်လက်ပြောပါသည်။
တဖက်မှလည်း မိုင်းတုံမြို့နယ်အတွင်းရှိ ၀ ရွာသားများ လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီကို မဲပေး ထောက်ခံ ရမည်ဟုလည်း ဒေသခံနအဖအာဏာပိုင်များ ပြောဆိုထားသည်။
မဲပေးပိုင်ခွင့်ရှိသူ ၀ လူထုစာရင်း ၅၀၀၀ ကို ၀ အုပ်ချုပ်ရေး အဖွဲ့က စာရင်းတင်ပြခဲ့သော်လည်း ၂၀၀၈ ပြည်သူ့ ဆန္ဒခံယူပွဲ၌ ၀ လူထုစာရင်း ၈၀၀၀ ရှိသည်ဟု စာရင်းရထားသဖြင့် စစ်ဆေးရလိမ့်မည်ဟုလည်း နအဖက ဆို၏။