ဒီကေဘီအေနှင့် နအဖ တပ်စခန်း ချရာ ဒေသများ၌ လူသတ်ခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ငွေကြေး ကောက်ခံ ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ ပိုဆိုးလာ....
ဒီကေဘီအေနှင့် နအဖ တပ်စခန်း ချရာ ဒေသများ၌ လူသတ်ခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ငွေကြေး ကောက်ခံ ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ ပိုဆိုးလာနေသည်ဟု အချိုးဖေါက်ခံခဲ့ရတဲ့ ဒေသခံများမှ ပြောပါသည်။
အထူးသဖြင့် မွန်ပြည်နယ် သထုံခရိုင်နှင့် မော်လမြိုင်ခရိုင် အပါအဝင် ကရင်ပြည်နယ်မှ ဖါးအံခရိုင်နှင့် ကော့ကရိတ် ခရိုင်များလည်း ပါဝင်ပါသည်။ ၄င်းပြင် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့၌လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးဝါးစွာ ခံစားနေရကြောင်း ဒေသခံများမှ ပြောပါသည်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ၊ မာလာတောရွာတွင် အခြေချသော ခမရ (၄၈) တပ်ရင်းမှ တပ်ခွဲမှူး ခင်မောင်ကျော်သည် ခမရ (၄၈) ဒုတပ်ရင်းမှူး ထင်ကျော် အဖွဲ့နှင့် (၁၂-၈-၂ဝ၁ဝ) ရက်နေ့ ညနေ (၅) နာရီ အချိန်၌ တပ်ချိန်းခဲ့ပါသည်။
ထိုသို့ တပ်ချိန်းရာတွင် အင်အား (၃ဝ) ဦးခန့် ရှိသော တပ်ခွဲမှူး ခင်မောင်ကျော်နှင့် အဖွဲ့သည် မာလာတောရွာမှ တဲကွယ်လေးခိုရွာသို့ သွားရာ လမ်းတလျှောက်ရှိ ကျွဲနွားခြံများ၌ အလုပ်လုပ်နေသော ရွာသားတချို့ကို ပစ်သတ်သောကြောင့် ရွာသားတစ်ဦးနှင့် နွားနှစ်ကောင် သေဆုံးပြီး ရွာသားတစ်ဦး ဒါဏ်ရာရရှိခဲ့သည်။
သေဆုံးသူမှာ စောဘာကူး (အသက် ၃၅) နှစ်နှင့် ဒါဏ်ရာ ရရှိသူမှာ စောမူးဒါး (အသက် ၁၁) နှစ်တို့ ဖြစ်သည်။ ဒါဏ်ရာ ရရှိသူအား ကျောက်ကြီးမြို့နယ်၊ သပြေညိုရွာဆေးရုံသို့ ပို့ရပြီး မည်သူက ပစ်ခတ်လိုက်သည်ကို မပြောရန် တားမြစ်ထားခဲ့ပါသည်။
တပ်ခွဲမှူး ခင်မောင်ကျော်နှင့် အဖွဲ့သည် ကျောက်ကြီးမြို့နယ်အတွင်းရှိ မာလာတောရွာ၊ ကျောက်တန်းရွာ၊ ဆောဝါးဒဲရွာ၊ သပြေညိုရွာများ အတွင်းတွင် စစ်ကြောင်း လှည့်လည်လှုပ်ရှားလျက်ရှိနေသည်။
၎င်းပြင် ကျောက်ကြီးမြို့နယ် ၊ မာလာတောရွာ၌ အသစ်ရောက်ရှိလာခဲ့သော ခမရ (၄၈) တပ်ရင်းမှ ဒုတပ်ရင်းမှူး ထင်ကျော်သည် မာလာတောရွာသားများအား မှတ်ပုံတင် ရိုက်ရမည်ဟု ပြောပြီး လူတစ်ယောက်ကို ကျပ်ငွေ (၇၅ဝဝ) ကို အတင်းအကြပ် တောင်းယူသွားခဲ့ပါသည်။
ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ ထန်းတစ်ပင်မြို့နယ်ရှိ ၊ ဇရပ်ကြီးကျေးရွာ၌ အခြေချသော ခလရ (၇၃) တပ်ရင်းသည် မာလာကုန်းရွာသို့ ဝင်လာပြီး မာလာကုန်း ရွာသားနှစ်ဦး ဖြစ်သော စောမူးသော (အသက် ၂၂ နှစ်၊ အဘ စောမူးရာ့) နှင့် စောခို့ကလယ်ထူး (အသက် ၁၉နှစ်၊ အဘ စောမူးရာ့) ညီအစ်ကို နှစ်ယောက်အား (၁၉-၈-၂ဝ၁ဝ) ရက်နေ့၌ ဖမ်းဆီးသွားခဲ့သည်။ အပြစ် မရှိသော ရွာသားနှစ်ဦးအား ဖမ်းဆီးပြီး ယခုအချိန်ထိ လွတ်ပေးခြင်း မရှိသေးပါ။
ဘာကြောင့် ဖမ်းဆီးရတာလဲ၊ ဘယ်မှာ ထားသလဲ ဆိုတာလည်း အခုအချိန်ထိ မသိရသေးပါ။
၎င်းပြင်ထန်းတစ်ပင်မြို့နယ်၊ ရေတံခွန်ရွာတွင် အခြေချသော စကခ (၇) လက်အောက်ခံ မခရ (၁ဝ၂) တပ်ရင်း သည် ရေတံခွန်ရွာရှိ အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၁၆) ဦး အားလုံးပေါင်း အယောက် (၃ဝ) အား၊ (၂၃-၈-၂ဝ၁ဝ) ရက်နေ့တွင် ပေါ်တာအဖြစ် ဖမ်းဆီးခဲ့ပြီး ရေတံခွန်ရွာမှ ပုလဲဝရွာအထိ ရိက္ခာပစ္စည်းများ ပို့ပေးခဲ့ရသည်။
မွန်ပြည်နယ်၊ သထုံခရိုင် ၊ ဘီးလင်းမြို့နယ်၌ ရှိသော ဒီကေဘီအေ တပ်မဟာ (၃၃၃) ဗိုလ်စောဒါးဝေ ဦးဆောင် သော အဖွဲ့သည် ဘီးလင်းမြို့နယ်အတွင်း၌ ရှိသော မဲပလိချောင်းဖျားကျေးရွာအုပ်မှ မဲပလိချောင်း ဖျားရွာ၊ ကစယ်ဖိုးရွာ၊ ညရှုဝရွာ ဇီးကုန်းရွာ ပတာတောင်ရွာ ဘောပေါချောင်းဝ ရွာများအား တစ်အိမ်လျှင် ဝါး အချောင်း (၂ဝ)ချောင်းနှင့် အိမ်ထောင်စု စာရင်းကို (၁၅-၈-၂ဝ၁ဝ) ရက်နေ့က ပေးခဲ့ရပါသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ၊ ကော့ကရိတ်မြို့နယ်၌ ရှိသော ဒီကေဘီအေတပ်ရင်း (၃) ဗိုလ်အကြည် ဦးဆောင်သော အင်အား (၁၅) ဦးခန့် ရှိသော အဖွဲ့သည် နောင်နှိုင်းရွာ၊ ရွာတန်းရှည်၊ နန်းရွေမွန်ရွာ တောင်ကြာအင်းရွာများရှိ ရွာသူကြီးများကို (၉-၈-၂ဝ၁ဝ) ရက်နေ့တွင် ခေါ်စုပြီး တစ်ရွာလျှင် ပေါ်တာကြေး ကျပ်ငွေ (၂၅ဝဝဝ) ကျပ် တောင်းသွားခဲ့ပါသည်။
ထို့ကြောင့် ဒီကေဘီအေတပ်များ အခြေချသော တပ်ရင်းနေရာ တချို့နှင့် နအဖတပ်များသည်၊ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုများ၊ ပေါ်တာဆွဲခြင်း၊ ငွေကောက်ခံခြင်း၊ အဓမ္မ အလုပ်စေခိုင်းခြင်းများ ရှိနေဆဲ ဖြစ်ကြောင်း တင်ပြလိုပါသည်။