ရွေးကောက်ပွဲ အောင်နိုင်ရေး ၃ ပါတီ မဟာမိတ်ဖွဲ့

ရွေးကောက်ပွဲ အောင်နိုင်ရေး ၃ ပါတီ မဟာမိတ်ဖွဲ့
by -
ဆလိုင်း ဟံသာစန်း

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ကုန် အခြေစိုက် နိုင်ငံရေး ပါတီ ၃ ပါတီက ယခုလ ၂၁ ရက်နေ့တွင် မဟာမိတ် ပါတီများအဖြစ် ဖွဲ့စည်း....

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ကုန် အခြေစိုက် နိုင်ငံရေး ပါတီ ၃ ပါတီက ယခုလ ၂၁ ရက်နေ့တွင် မဟာမိတ် ပါတီများအဖြစ် ဖွဲ့စည်း လိုက်ကြသည်။

ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များ ခွဲဝေ ယှဉ်ပြိုင်သွားရန်နှင့် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိရေးကို ကူညီသွားရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် UMFNP ၊ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) 88 GSYU နှင့် မြန်မာ ဒီမိုကရေစီ ကွန်ဂရက်ပါတီ MDCP တို့က မဟာမိတ်ဖွဲ့လိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲအတွက် ပါတီ ၃ ခု မဟာမိတ် ဖွဲ့လိုက်တာပါ။ ပါတီတခု ပြိုင်တဲ့နေရာကို ကျန်တဲ့ပါတီက ဝင်မပြိုင်ဘူး။ အနိုင်ရရေးကို အားပေးကူညီသွားမယ်” ဟု UMFNP ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။

MDC ပါတီက ရန်ကုန်မြို့အခြေစိုက် ပါတီ ၂၄ ပါတီကို ရွေးကောက်ပွဲဝင်ရောက်မည့် မဲဆန္ဒနယ်မြေများ ညှိနှိုင်းနှင့် မဟာမိတ် ဖွဲ့စည်းရန် ယခုလ ၂၁ ရက်နေ့တွင် အစည်းအဝေး ဖိတ်ကြားခဲ့သေးသည်။

သို့သော် ထိုနေ့တွင် ပြည်ထောင်စုဒီမိုကရေစီ မဟာမိတ်အဖွဲ့ပါတီ နာယကဟောင်း ဦးရွှေအုန်း ကွယ်လွန်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကျန်ပါတီများ မတက်ရောက်နိုင်သောကြောင့် တက်ရောက်လာသည့် ယခု ၃ ပါတီ မဟာမိတ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

မဟာမိတ်အဖွဲ့သည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်းနှင့် အနောက်ပိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အနည်းဆုံး ၁ဝဝ မှ အများဆုံး ၁၅ဝ အထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု UMFNP ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။ ယင်းကိုယ်စားလှယ် လောင်း စာရင်းတွင် ၎င်း၏ ပါတီမှ အနည်းဆုံး ၅ဝ ဦး ပါဝင်မည်ဖြစ်သည်။

“မူဝါဒမတူလည်းဘဲ မဲဆန္ဒနယ်မြေ ညှိနှိုင်းချင်လို့ မဟာမိတ်အဖြစ် လာရောက်ပူးပေါင်းမယ်ဆိုရင်လည်း လက်ခံ ပါတယ်။ ကျနော်တို့က အမြဲကြိုဆိုနေပါတယ်” ဟု သူက ပြောသည်။

မဟာမိတ် ၃ ပါတီကဲ့သို့ပင် ပြီးခဲ့သည့်လ လဆန်းပိုင်းတွင် ရန်ကုန်အခြေစိုက် ပါတီ ၃ ခုဖြစ်သည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) DPM ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP နှင့် တိုင်းရင်းသား ပါတီ ၂ ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ RNDP နှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ SNDP တို့လည်း ရန်ကုန်မြို့၌ တွေ့ဆုံကာ မဟာမိတ် ဖွဲ့စည်းရေး ဆွေးနွေးခဲ့ သေးသည်။

၅ ပါတီ မဟာမိတ်ဖွဲ့ရန် ပဏာမ တွေ့ဆုံခဲ့သော်လည်း ၎င်းတို့၏ ပါတီဝင် ၁ဝဝဝ စာရင်းများကို ရက်ပေါင်း ၉ဝ မပြည့်မီ တင်ပြရခြင်းနှင့် ၁၆ ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့် ကိစ္စများအတွက် အလုပ်ရှုပ်နေသဖြင့် အပြီးသတ် တွေ့ဆုံနိုင်ခြင်း မရှိသေးကြောင်း UDP ဒုဥက္ကဋ္ဌ (၁) ဦးဋ္ဌေးက ပြောသည်။

UDP သည် ပါတီဖျက်သိမ်းမခံရရေးအတွက် ယာယီဥက္ကဋ္ဌ ဦးသိန်းဋ္ဌေးက ပဲခူးမြို့နယ်၊ ဒုဥက္ကဋ္ဌ (၁) ဦးဌေးက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နှင့် အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က တာမွေမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

နိုင်ငံရေးပါတီတခုသည် ရွေးကောက်ပွဲတွင် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ပါက ဖျက်သိမ်းခံရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က) အပိုဒ်ခွဲ (၁) တွင် ပြဋ္ဌာန်းထားသည်။

စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ဖွံ့ပါတီ USDP ကို ယှဉ်ပြိုင်ရမည့် ပါတီများအနေဖြင့် မဟာမိတ် မဖွဲ့စည်းပါက မဲဆန္ဒနယ်မြေများ တူညီပြီး USDP ကို အခွင့်အရေး ပေးသကဲ့သို့ ဖြစ်နိုင်ကြောင်း ရန်ကုန်ရှိ ဝါရင့်သတင်းစာတဦးက သုံးသပ်ပြောဆိုသည်။

“ဒီမိုကရေစီ အင်အားစုလို့ သတ်မှတ်ထားတဲ့ ပါတီတွေ မဲဆန္ဒနယ်တူနေရင် ပြည်သူတွေဘက်က နစ်နာတာ ပေါ့ဗျာ။ ဥပမာ မဲဆန္ဒနယ်တနယ်မှာ ဦးသုဝေတို့ ပါတီက ဝင်ပြိုင်တယ်။ နောက် NDF ကလည်း ဝင်ပြိုင်ပြန်တော့ ပြည်သူ့ဆီက မဲကွဲသွားမှာပေါ့။ အဲဒီအခါ USDP ကို သူတို့ ရှုံးမှာပေါ့။ တကယ်လို့ တယောက်ထဲဆိုရင် သူတို့ နိုင်ကောင်း နိုင်နိုင်သေးတယ်” ဟု သူက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မိမိတို့အနေဖြင့် ဒီမိုကရေစီအင်အားစု ပါတီချင်း မဲဆန္ဒနယ်မြေများ မတူညီစေရန် ကြိုးစားသွားမည်ဖြစ်ပြီး UDP ၏ မဲဆန္ဒနယ်များတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောသည်။

“ဒီမိုကရေစီ အင်အားစုအချင်းချင်း မဲဆန္ဒနယ်မြေတွေ ထိပ်တိုက်တွေ့ပြီးတော့ သူလည်း နစ်နာ၊ ကိုယ်လည်း နစ်နာ ပြည်သူလူထုကလည်း မဲပေးဖို့ နစ်နာတာမျိုး မဖြစ်အောင် ညှိနှိုင်းပြီးတော့ နေရာချထားမှုတွေ လုပ်နေ ပါတယ်” ဟု သူက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၄၇ ပါတီအနက် ၄၂ ပါတီကို ခွင့်ပြုပေးခဲ့ပြီး၊ ၎င်းပါတီများအနက် ၂၆ ပါတီမှာ ပါတီဝင်စာရင်း တင်ပြပြီးကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

 

 

 

 

 

 

 

Most read this week