ကရင်နီပြည် ကိုယ်စားပြု-လူမျိုးပေါင်းစုံစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP အား လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်မယှဉ်ပြိုင်နိုင်ရန် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် အာဏာပိုင်တို့မှ အနှောက် အယှက် ပေးနေမှုနှင့် ပါတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား....
ကရင်နီပြည် ကိုယ်စားပြု-လူမျိုးပေါင်းစုံစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP အား လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်မယှဉ်ပြိုင်နိုင်ရန် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် အာဏာပိုင်တို့မှ အနှောက် အယှက် ပေးနေမှုနှင့် ပါတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားသည်ဟု သိရသည်။
“ငွေရေးကြေးရေးလည်း မလုံမလောက်နဲ့ ဒီပါတီ (UNDP)ကို ပြန်ရုပ်သိမ်းလိုက်ပါလို့ လာပြောတယ်။ ပါတီအဖွဲ့ တွေက မှတ်ပုံတင် ကျပြီးသား ပါတီကို ဒီလိုလာပြောတာဟာ နှောက်ယှက်ရာ ကြတယ်ဆိုပြီး ပြည်နယ် ကော်မရှင်ထံ အကြောင်းကြားထားတယ်။ အခုက ပါတီကို လာပြီး စိတ်ဓာတ်ကျအောင် စစ်ဆင်ရေးထိုးနေတယ်။ ပုဂ္ဂိုလ်ရေးတွေကစ လိုက်ပြီး ပုတ်ခတ်နေတယ်” ဟု NUDP ပါတီနှင့်နီးစပ်သူ တဦးက ပြောသည်။
ယခုလ ၂၂ ရက်နေ့က စပြီး NUDP ဥက္ကဌ ပိုင်ဆိုင်သော ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းများကို ကြံ့ဖွံ့နှင့် ဒေသခံ အာဏာပိုင်တို့ ပူးပေါင်းပြီး ပိတ်ပင်ခဲ့သည်။
“ပါတီကို အမျိုးမျိုး လိုက်ပြီး ရုပ်သိမ်းဖို့ ဦးဆောင်တဲ့ သူက ကိုယ့်မျက်ချည်း ကိုယ်မမြင်ပဲ သူများရဲ့ မျက်ချည်း ကိုပဲ မြင်တယ်။ ၂၀၁၀ အရေးဟာ နိုင်ငံသားတွေရဲ့ အရေးပဲမို့လို့ အားလုံးက ပါဝင်ပတ်သက် တယ်ဆိုတာ ပြည်သူတိုင်းက သိကြလို့ ပါတီရဲ့လှုပ်ရှားမှုတွေနဲ့ ကြံ့ခိုင်ရေးတွေရဲ့ လှုပ်ရှားမှုတွေကို လူထုတိုင်း စောင့်ကြည့် နေကြပါပြီ” ဟု ယခု ၂၀၁၀ ခုနှစ်တွင် အသစ်ထူထောင်လိုက်သော NUDP ပါတီအား ထောက်ခံအားပေးသူ လွိုင်ကော်မြို့ခံတဦးက ပြောပါသည်။
လာမည့် နိုင်ဝင်ဘာ-၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် NUDP ပါတီ အနေဖြင့် ကရင်နီပြည်ရှိ မြို့နယ်ခုနှစ်မြို့အား ကိုယ်စားပြု ယှဉ်ပြိုင်သွားမှာ ဖြစ်သော်လည်း မြို့နယ်ကိုယ်စားလှယ်များအတွက် ပြည်သူကြား စည်းရုံးရေး ဆင်းနိုင်ရန်နှင့် ပါတီမူပေါ်လစီများ ပြန့်နှံ့ရန် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ငွေရေးကျေးရေး အခက်အခက်များ ရှိနေကြောင်း သိရှိရသည်။
NUDP ပါတီကို ပြီးခဲ့သည့် ဇူလှိုင်လ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်လိုက်ပြီးသည့်နောက် ကရင်နီပြည်တွင် ပြည်နယ်ကြံ့ဖွံ့နှင့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရန် အဓိက ပါတီတခုလည်း ဖြစ်လာသည်။