လုံခြုံရေး အခြေအနေအရ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို နေရာပြောင်းကျင်းပရ

လုံခြုံရေး အခြေအနေအရ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို နေရာပြောင်းကျင်းပရ
by -
ဆူးပန်း

မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်ဒေသ ဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ဂျပန်ရေတွင်းကျေးရွာမှာ ကျင်းပမြဲ ဖြစ်.....

မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်ဒေသ ဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ဂျပန်ရေတွင်းကျေးရွာမှာ ကျင်းပမြဲ ဖြစ်သော်လည်း ယခုနှစ်တွင် ပါတီရဲ့အခြေခံဒေသ ဖြစ်သည့် ဗလဲ့ဒွန်ဖိုက် ကျေးရွာတွင် ပြောင်းလဲပြုလုပ်ကျင်းပခဲ့ပါသည်။

မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးတို့အကြား ဆက်ဆံရေး တင်းမာမှုကြောင့် ယခုလို ပြောင်းရွှေ့ကျင်းပရသည်ဟု မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အရာရှိ တစ်ဦးမှ ယခုလို ပြောပါသည်။

“ကျွန်တော်တို့တတွေဟာ(၂ဝဝ၈)အခြေခံဥပဒေကို လက်မခံတဲ့အတွက်ကတစ်ကြောင်း အသွင်ကူးပြောင်း ရေးကာလမှာ နယ်ခြားစောင့်တပ်နဲ့ ဌာနေပြည်သူ့စစ်ကို ကျွန်တော်တို့ လက်မခံတဲ့အတွက် (၂ဝ၁ဝ) မွန်တော်လှန်ရေးနေ့ကို ကျွန်တော်တို့ မွန်တို့ရဲ့လွတ်လပ်သော နယ်မြေမှာ လာရောက်ကျင်းပခြင်း ဖြစ်ပါတယ်”

သြဂုတ်လ (၂၅) ရက်နေ့တွင် ကျင်းပသော မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင် မွန်ပြည်သစ်ပါတီမှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လရီဂကောင်းမှ သဘာပတိအဖြစ် တက်ရောက်ခဲ့ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် ဗဟိုကော်မီတီဝင် နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင် ဗဟိုကော်မီတီဝင် ဗိုလ်မှူး အာမ်စိုက်ချမ်း တို့ပါဝင်ခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် နိုင်ထောရော့မှ ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဂုဏ်ပြု တပ်ဖွဲ့မှ သေနတ် (၂၁) ချက် ပစ်ဖေါက်၍ ဖွင့်လှစ်ခဲ့ပါသည်။ လက်ရှိ အနေအထားအရ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့အကြား ဆက်ဆံရေး အခြေအနေများကို ဗိုလ်မှူးချုပ် လရီဂကောင်းက ယခုလို ရှင်းပြပါသည်။
Nai-Layeht-Gkau
“ဆက်ဆံရေးကတော့ အရင်ကလို ပုံစံအဟောင်းအတိုင်းတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ပါတီက စစ်အစိုးရနဲ့ ဆက်ဆံတဲ့ အခါမှာ ဟိုတုန်းကဆိုရင် မြို့ထဲမှာဆိုရင် ဗဟိုအလုပ် အမှုဆောင်ကော်မီတီအဆင့် ဦးစီးပြီးတော့ ထားထားတာ ရှိတယ်။ အခုကျတော့ အခြေအနေ အရပ်ရပ်ကြောင့် ဗဟိုကော်မီတီ အဆင့်ဘဲ ထားပြီးတော့ အဆင့်လျော့ချ ထားတာ ရှိပါတယ်။”

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ တိုက်တွန်းထားသည့် နယ်ခြားစောင့်တပ်နှင့် ဌာနေပြည်သူ့စစ် အသွင် ပြောင်းရန် လက်မခံသည့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါသည်။

(၂ဝ၁ဝ) ခုနှစ် ဧပြီလ (၂၂)နေ့ အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး အပြီးတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ လက်မခံကြောင်း စစ်အစိုးရကို တရားဝင် အကြာင်းပြန်ခဲ့ပြီး ဖြစ်ပါသည်။

အကယ်၍ စစ်အစိုးရကနေ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ထပ်မံ ဖိအားပေး အကြပ်ကိုင်လာမယ် ဆိုလျှင် မွန်ပြည်သစ် ပါတီရဲ့သဘောထားကို ဗိုလ်မှူးချုပ် လရီဂကောင်းက အခုလို ပြောခဲ့ပါသည်။

“ဒီနယ်ခြားစောင့်တပ် ကိစ္စနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ သဘောထားကတော့ ရှင်းရှင်းပါဘဲ။ စစ်အစိုးရကိုလဲ ပြန်လည်အဖြေပေးပြီးသားဘဲ။ နယ်ခြားစောင့်တပ်ဘဲဖြစ်ဖြစ် ပြည်သူ့စစ်ဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ ချထားတာက လုံးဝလက်မခံဘူး။”

မွန်တော်လှန်ရေးသည် မွန်အမျိုးသားတွေရဲ့ ရပိုင်ခွင့်အတွက် (ဖဆပလ) အစိုးရဆီမှာ ဥပဒေနည်းလမ်းအရ တောင်းဆိုခဲ့သော်လည်း အစိုးရကနေ လက်မခံသည့်အပြင် မွန်ခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ခြင်း ထောင်ချခြင်း လုပ်ကြံသတ်ဖြတ်ခြင်း ပြုလုပ်ခဲ့သည့်အတွက် မတတ်သာသည့်အဆုံး (၁၉၄၈) ခုနှစ် ဝါခေါင် လပြည့် နေ့တွင် မွန်လူငယ်အဖွဲ့များမှ ဂျိုင်းမြစ်ကမ်းနံဘေးကျေးရွာများမှ ကာကွယ်ရေး လက်နက်များ သိမ်းဆည်းပြီး လက်နက်ကိုင် တိုက်ပွဲကို စတင်ခဲ့သည့် နေ့ရက် ဖြစ်ပါသည်။ မွန်လက်နက်ကိုင် တော်လှန်ရေး သည် (၆၃) နှစ် သက်တမ်း ပြည့်ခဲ့ပြီး ဖြစ်သည်။