ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းရေး သတ်မှတ်ရက်ကြောင့် နိုင်ငံရေးပါတီ ထက်ဝက်ခန့်သာ ကျန်ရှိနိုင်

ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းရေး သတ်မှတ်ရက်ကြောင့် နိုင်ငံရေးပါတီ ထက်ဝက်ခန့်သာ ကျန်ရှိနိုင်

လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရမည့်နောက်ဆုံးရက် သြဂတ်စ် ၃၀ သတ်မှတ်ချက်ကြောင့် အခက်အခဲ အမျိုးမျိုးကြုံတွေ့....

လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရမည့်နောက်ဆုံးရက် သြဂတ်စ် ၃၀ သတ်မှတ်ချက်ကြောင့် အခက်အခဲ အမျိုးမျိုးကြုံတွေ့ကာ မှတ်ပုံတင်ပြီးနိုင်ငံရေး ပါတီများထက်ဝက်ခန့်သာကျန်ရှိ နိုင်ချေရှိမည်ဟု ခန့်မှန်းရ ကြောင်း အမည်မဖော်လို သျှမ်းပြည်အလယ်ပိုင်း ကျားဖြူပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောဆိုပါသည်။

“သြဂတ်စ် ၃၀ နောက်ဆုံးထားပြီး ကိုယ်စားလှယ်လောင်းစာရင်းတင်ရမယ်ဆိုတာ ပါတီတိုင်းအတွက် သိပ်ခက် တယ်။ မှတ်ပုံတင်ပြီး ၄၁ ပါတီထဲက တ၀က်ဘဲကျန်နိုင်မယ်လို့ ခန့်မှန်းရတယ်။ အတိုက်ခံ ပါတီဦးရေ နည်းလေ ကျနော်တို့ ရင်လေးရလေ။ ကြံ့ဖွတ်အတွက်အကြိုက်တွေ့လေဘဲ။ အဲဒီလိုဖြစ်အောင်လဲ သူတို့စီစဉ်ထားပြီးသား။ ကျားဖြူပါတီ တော့နောက်မဆုတ်တမ်းဆက်ကြိုးစားသွားမယ်”

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အတွက် ထည့်သွင်းရမည့်ငွေကြီးမားခြင်း၊ ကိုယ်စားလှယ်လောင်း ရှာရမည့် အချိန်နှင့် စည်းရုံးမဲဆွယ်ရန် အချိန်အလွန်ကျဉ်းကြပ်ခြင်းတို့ကြောင့် နိုင်ငံရေးပါတီများ အခက်ကြုံနေ ကြရခြင်း ဖြစ်၏။

“ကျနော်တို့တိုင်းရင်သားပါတီတွေကတော့ စစ်အစိုးရသတ်မှတ်ထားတဲ့ ဥပဒေဘောင်အတွင်း လုပ်ရှား လုပ်ဆောင် နေရပေမဲ့ အာဏာပိုင်တွေနဲ့ အာဏာပိုင် ကျောထောက်နောက်ခံပြုကြံ့ဖွတ်ပါတီကတော့ အောက်လမ်းကနေ ထင်တိုင်း ကျဲနေတယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။

“မိုင်းရှုးမှာ ရုံးခွဲဖွင့်ဖို့ အိမ်ခန်းငှါးရေးအခက်တွေ့နေတယ်။ အာဏာပိုင်တွေက ခင်ဗျားတို့ပေးငှါးရင် အိမ်ချိတ်ပိတ် ခံရနိုင်တယ်လို့ ခြိမ်းခြောက်ထားတော့ အိမ်ရှင်တွေလဲ မငှါးရဲကြဘူး”

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင်လည်း ကျားဖြူပါတီဝင်များ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအား ဒေသခံ အာဏာပိုင်များ ပိတ်ခိုင်းကြောင်းသိရှိရပါသည်။

လုပ်ငန်းပိတ်ခံရသူများမှာ- ကားပြင်လုပ်ငန်း (၀ပ်ရှော့) ပိုင်ရှင် အသက် ၇၀ ကျော် မိုင်းပန်မြို့နယ်ကျားဖြူပါတီ ကော်မတီဥက္ကဋ္ဌ ဦးစိုင်းမိုးကြည်၊  ကွန်ပျူတာစာစီနှင့်မိတ္တူဆိုင်ဖွင့်သည့် မြို့နယ် EC ၀င် စိုင်းဘိုဘိုလှိုင်၊ ကျားဖြူ ပါတီဝင် စိုင်းစံဖ၊ ဗွီဒီယို- သီချင်းခွေ- စာအုပ်အငှါးဆိုင်ဖွင့်သည့် စိုင်းထွန်းမြင့်ဦးတို့ဖြစ်ကြသည်။

“အဲဒီဆိုင်တွေမှတ်ပုံတင်ထားတာမရှိလို့တဲ့။ ကြံ့ဖွတ် EC တချို့နဲ့ သာမန်အရပ်သားတွေ ဒီလိုလုပ်ငန်းမျိုးလုပ် တာကိုတော့ ဘာမှမပြောဘူး။ ကျားဖြူပါတီဝင်တွေလောက်ဘဲပိတ်ခိုင်းတယ်” ဟု မိုင်းပန်သားတစ်ဦးက ပြောပါသည်။
white-tiger
မိုင်းပန်ကျားဖြူပါတီမြို့နယ် EC အား ဂျူလိုင် ၂၉ ရက်၌ရွေးချယ်ခဲ့ပြီး နောက်တစ်နေ့ မယကဥက္ကဋ္ဌ ဦးထွန်းဝင်းအောင် နှင့် ပြန်/ဆက် ဒုစီးဦးမှူး ဦးသန်းမြင့်တို့ကိုယ်တိုင်ပိတ်ခိုင်းခြင်းဖြစ်သည်။

“ကျားဖြူပါတီဝင်တွေ စာစီစာရိုက်မယ်၊ မိတ္တူကူးမယ် ဆိုရင် ဘယ်ဆိုင်မှမလုပ်ပေးရဘူးလို့တောင် အပိတ် မခံရတဲ့ ဆိုင်တွေကို ခြိမ်းခြောက်ထားတယ်။ ဒါကြောင့် သူတို့တွေ လက်ရေးနဲ့ ကာဗွန်ခံပြီး ၀ိုင်းရေးကြ ရတယ်” ဟု ကျားဖြူ ပါတီဝင်နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

မည်သို့ပင်ဆိုစေ မိုင်းပန်မြို့နယ်ကျားဖြူပါတီဝင်များ ကြောက်ရွံ့နောက်တွန့်ခြင်းမရှိဘဲ  တစိုက်မတ်မတ်နှိုးကြား ကြိုးစားကြကြောင်း၊ (နအဖအာဏာပိုင်များ၏) ခြိမ်းခြောက်မှုခံရသည့်မိုင်းရှူးဒေသခံများကဲ့သို့ အားငယ်တုန်လှုပ် ကြောက်ရွံ့ခြင်းမရှိဘဲ ဆက်လက် တက်ကြွ လှုပ်ရှားနေသဖြင့် ကျေးလက်လူထုပါမကျန် အားတက်သရော ၀င်ရောက် ပူးပေါင်းလာကြကြောင်းလည်း ၎င်းကဆက်ပြောပြ၏။

တက်သစ်စလူငယ်များ၏ထောက်ခံအားပေးမှုရရှိနေသော လူမျိုးပေါင်းစုံ စည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ NUDP နှင့် ဆက်စပ်မှုရှိသောအဖွဲ့အစည်းများအပေါ်လည်း ကြံ့ခိုင်ရေးပါတီကို ကျောထောက် နောက်ခံပြုသည့် လွယ်ကော် မြို့နယ် အာဏာပိုင်၊ ဒီးမော့ဆိုးမြို့နယ် အာဏာပိုင်များက အနှောင့်အယှက် ပြုလုပ် နေကြောင်း ကရင်နီသတင်းဌါန တစ်ခုဖြစ်သော ကန္တရ၀တီတိုင်း(မ်)ကဆိုသည်။

 

 

 

 

Most read this week