ဝ နှင့် မိုင်းလားတပ်ဖွဲ့ စက်တင်္ဘာ ပထမပတ် အသွင်ပြောင်းရန် နအဖ ဒက်လိုင်းထပ်ပေး

ဝ နှင့် မိုင်းလားတပ်ဖွဲ့ စက်တင်္ဘာ ပထမပတ် အသွင်ပြောင်းရန် နအဖ ဒက်လိုင်းထပ်ပေး

ဝ နှင့် မိုင်းလားတပ်ဖွဲ့အား စက်တင်္ဘာ ပထမပတ် နောက်ဆုံးထား အသွင်ပြောင်းရန် နအဖ အဆင့်မြင့် ကိုယ်စားလှယ်/စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်က ပြောကြား....

ဝ နှင့် မိုင်းလားတပ်ဖွဲ့အား စက်တင်္ဘာ ပထမပတ် နောက်ဆုံးထား အသွင်ပြောင်းရန် နအဖ အဆင့်မြင့် ကိုယ်စားလှယ်/စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်က ပြောကြားလိုက်ပါသည်။

“၀ ကိုယ်စားလှယ်တွေကို ဗိုလ်ရဲမြင့်က မနက် ၉း၃၀ ကနေ ၁၀း၀၀ ကျော်၊ မိနစ် လေးဆယ်လောက်ဘဲ တွေ့တယ်။ ၀ တပ်ဖွဲ့ရဲ့ နိုင်ငံရေး အတိုင်အပင်ခံ ကွန်ဖရင့် ဥက္ကဌ ဗိုလ်လာခမ်း ဦးဆောင်တဲ့ ၈ ယောက် အဖွဲ့က ထိုင်ပြီး နားထောင်ရုံဘဲ တခွန်းမှ ပြန်ပြောဆွေးနွေးတာ မရှိဘူး။ ဗိုလ်ရဲမြင့် ပြောတဲ့ဟာတွေ  ၀ ခေါင်းဆောင် ပိုင်းဆီ ဆက်လက်တင်ပြဆွေးနွေးမယ်ဘဲ ပြန်ပြောတယ်တဲ့” ဟု တန့်ယန်း ဇာတိ ၀ အမျိုးသားတဦးက ပြောပါ သည်။

သြဂတ်စ် ၂၀ ရက် မနက်ပိုင်း၌ နအဖ အဆင့်မြင့် ကိုယ်စားလှယ် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ဗိုလ်လာခမ်း ဦးဆောင်သည့် ၀ ကိုယ်စားလှယ် အဖွဲ့အား တန့်ယန်းမြို့ အခြေချ စစ်ဗျူဟာ ရုံး၌လည်းကောင်း၊ နေ့လည်ပိုင်း မိုင်းလားတပ်ဖွဲ့ ကိုယ်စားလှယ်အား ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စစ်ဗျူဟာရုံး၌ လည်းကောင်း တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“မိုင်းလား ဥက္ကဌ စ၀်စိုင်းလင်း မပါဘူး၊ ဒုဥက္ကဌ ခွန်ဆန်လူ၊ ဒုစစ်ဦးစီးချုပ်-၂ စိုင်းခမ်းမောင် ဦးဆောင်တဲ့ ၇-၈ ယောက် ကိုယ်စားလှယ် အဖွဲ့ကို ညနေ ၃ နာရီမှာ တွေ့ဖို့ ချိန်းတယ်။ ဒါပေမယ့် တန့်ယန်းကနေ ဟက်စကီးနဲ့ စောစော ရောက်လာလို့ မွန်းလွဲ ၁ နာရီမှာဘဲ တွေ့လိုက်ကြတယ်။ ထူးခြားတာက  စက်တင်္ဘာလ ပထမပတ်/ ရွေးကောက် ပွဲမလုပ်ခင် အသွင်ပြောင်းဖို့ဘဲ အဓိက ပြောတယ်။ မိုင်းလားအဖွဲ့က ဘာမှ ပြန်မပြောတော့ ဒီအတိုင်းဘဲ ပြီးသွားတယ်လို့ ပြောတယ်” ဟု တြိဂံစစ်တိုင်း ရုံးနှင့် နီးစပ်သည့် ကျိုင်းတုံသားတဦးက ပြောပြ ပါသည်။

စရဖ အရာချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က နှစ်ဖွဲ့စလုံးအား အသွင်ပြောင်းဖို့ရန်သာ ပြောဆိုကြောင်း၊ ရွေးကောက်ပွဲ ကိစ္စ တခွန်း တပါဒမှ ပြောဆိုခြင်း မရှိကြောင်း အဘက်ဘက် ၀င်ဆန့်သူ ကျိုင်းတုံသား နောက်တဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြော၏။

“နှစ်ဖွဲ့စလုံးကို ‘ရွေးကောက်ပွဲအတွက် ကျုပ်တို့ အလုပ်အရမ်းများတယ်၊ အချိန်အခါနဲ့ ကိုက်ညီတဲ့ ဒီကာလမှာ အသွင်ပြောင်းဖို့ အသင့်တော်ဆုံး၊ စက်တင်ဘာ ပထမပတ်နောက်ဆုံး ထားပြီး အကြောင်းပြန်ပါ။ ဒီတိုင်း ဆက်သွားရင် ခင်ဗျားတို့ ဥပဒေပြင်ပ အသင်းအဖွဲ့ ဖြစ်သွားမယ်’ လို့ ဗိုလ်ချုပ် ရဲမြင့်က ပြောတယ်”

ဝ နှင့် မိုင်းလားတပ်ဖွဲ့ကိုယ်စားလှယ်များမှ တင်ပြတောင်းဆိုထားချက်အပေါ် နအဖတို့ ညှိနှိုင်းပြောဆို ဆွေးနွေးခြင်း မရှိသောကြောင့် နအဖ၏ တောင်းဆိုချက်ကိုလည်း လက်ခံရန် မဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသည့် UWSA  ၀ပ်တပ်မှူးတဦးက ပြောပါသည်။

ဝ နှင့် မိုင်းလား တပ်ဖွဲ့တို့၏ လက်ရှိ နောက်ဆုံးရပ်တည်ချက်မှာ - ၁။ လက်နက်မချရန် ၂။ မိုင်းလားတပ်ဖွဲ့ တောင်းဆိုချက် ၆ ချက်၊ ၀ တပ်ဖွဲ့ တောင်းဆိုချက် ၈ ချက် (နောက်ဆုံးအကြိမ်)အား နအဖ မှ လှစ်လျူရှု ထားခြင်းကြောင့် နအဖ အလိုကျ တဖက်သတ် အသွင်ပြောင်းရေးကိစ္စ  လက်မခံရန်၊ ၃။ ဦးစွာ တိုက်ခိုက်ခြင်း မပြု ။ ၄။ မိမိကိုမိမိ ကာကွယ်ရန် စစ်ရေး ပြင်ဆင် စသည်တို့ဖြစ်၏။ ထို့အပြင် ဧပြီလကတည်းက  စစ်ရေးအရ  ပူးပေါင်းထားကြောင်း အဆိုပါ တပ်မှူးက ပြောပြပါသည်။