မလေးရှားနိုင်ငံရောက် မွန်လူငယ်များအဖွဲ့မှ ဦးဆောင်ပြီး မွန်တော်လှန်ရေးနေ့ အခမ်းအနား တစ်ရပ် ကျင်းပ....
မလေးရှားနိုင်ငံရောက် မွန်လူငယ်များအဖွဲ့မှ ဦးဆောင်ပြီး မွန်တော်လှန်ရေးနေ့ အခမ်းအနား တစ်ရပ် ကျင်းပသွားရန် စီစဉ်ထားပြီဖြစ်ကြောင်း ယင်းအဖွဲ့အတွင်းရေးမှူး နိုင်ဥက္ကာက ကောင်းဝါသတင်းဌာနသို့ ဆက်သွယ်ပြောကြားပါသည်။
၎င်းအပြောအရ လာမည့် သြဂုတ်လ (၂၅) ရက်နေ့တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ကွာလာလမ်ပူမြို့တော်ရှိ Chinese Assembly Hall ခမ်းမဆောင် အပေါ်ထပ်တွင် ကျင်းပမည်ဟု သိရသည်။
“ဒီလိုတော်လှန်ရေးနေ့ အခမ်းအနားတွေကို မလေးရှားမှာ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ဒီနှစ်မှာမှ ပထမဆုံးအကြိမ် လုပ်ကြတာပဲ။ လှုပ်ရှားမှု ရှိမှ အမျိုးသားရေး စိတ်ဓါတ်ရှင်သန်မယ်။ ပူးပေါင်းဆောင်ရွက်မှု ရှိကြမယ်။ မတူညီတဲ့ အမြင်တွေ စုစည်းနိုင်မယ်” ဟု နိုင်ဥက္ကာ ပြောသည်။
မလေးရှားနိုင်ငံရောက် မွန်လူငယ်များ အဖွဲ့မှ ဦးဆောင်ကျင်းပမည့် ယင်းအခမ်းအနားတွင် မလေးရှားမှ မွန် အဖွဲ့အစည်း (၃၅) ဖွဲ့ ပါဝင်ကြသည်ဟု သိရသည်။
မလေးရှားနိုင်ငံရောက် မွန်များမှာ ပြည်တွင်းရှိ မိမိကျေးရွာများအလိုက် စုဖွဲ့ထားသော အဖွဲ့ (၃၀) ကျော် ရှိသည့်အပြင် မွန်ကယ်ဆယ်ရေး အဖွဲ့ကဲ့သို့ အမျိုးသားရေးကို အခြေခံ ဖွဲ့စည်းခဲ့သည့် အဖွဲ့ (၃) ဖွဲ့လည်း ရှိသည်။
“တောလှန်ရေးနေ့ အထိမ်းအမှတ် တီရှပ်အထည် ငါးရာ ရိုက်ထားတယ်။ တစ်ထည် ရင်းဂစ် (၃၀) နဲ့ ရောင်းနေ တယ်” ဟု နိုင်ဥက္ကာ ဆက်ပြောသည်။
အဆိုပါ တီရှပ်ရှေ့ပိုင်းတွင် ကွယ်လွန်သူ မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်းများ ဖြစ်ကြသည့် နိုင်ရွေကျင်၊ နိုင်နွန်လာနှင့် နိုင်ထင်တို့၏ ရုပ်ပုံပါ နောက်ခံမွန်ပြည်သစ်ပါတီ အလံနှင့် နောက်ကျောတွင် လူထုလူတန်းစား အသီးသီးတို့က တစ်ခုတည်းသော မွန်အလံတော်အောက်တွင် ချီတက်နေသည့် ရုပ်ပုံကို ရိုက်နှိပ်ထားသည်။
မွန်ပြည်သစ်ပါတီအပေါ် ဘယ်လိုမြင်သလဲဟု ကောင်းဝါက မေးမြန်းရာတွင် “မွန်ပြည်သစ် ပါတီရဲ့ ရပ်တည် ချက်က မှန်ကန်တယ်။ ပြောင်းလဲမှု တစ်စုံတစ်ရာ မပေးနိုင်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တာ ကျနော်တို့ အားလုံးရဲ့ တာဝန်ပဲ” ဟု နိုင်ဥက္ကာ ပြောသည်။
လာမည့် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ပတ်သက်ပြီး “သူတို့ ရွေးချယ် ထားတဲ့ လမ်းကြောင်းပေါ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားစေချင်တယ်။ ဒါပေမယ့် ပါတီရဲ့ အရေးထက် အဓိက မွန်ပြည်သူရဲ့အရေးကို ပိုလုပ်ဆောင်စေချင်တယ်။ တကယ်လို့ AMRDP က မွန်ပြည်နယ် အစိုးရ ဖြစ်လာ ခဲ့ရင်လည်း စေ့စပ်ညှိုနှိုင်းရမယ့် လုပ်ငန်းစဉ်ကြီး တစ်ခုကိုတော့ လုပ်ရလိမ့်မယ် ထင်တယ်။ အားလုံးက မွန် တော်လှန်ရေး စိတ်ဓါတ် ရှိနေသူတွေပဲ” ဟု ၎င်းက ဆက်ပြောသည်။
မွန်တော်လှန်ရေးနေ့သည် ကောဇာသက္ကရာဇ် (၁၃၁၀) ခုနှစ်၊ ဝါခေါင်လပြည့်ရက်၌ ဖားအံမြို့နယ်၊ ဇာသပြင် ကျေးရွာ ရဲစခန်းအား မွန်လူငယ်များ လက်နက် စတင်လုယူသိမ်းဆည်းခဲ့သည့် နေ့ကို အစွဲပြုသတ်မှတ်ခဲ့ပြီး နှစ်စဉ် ဝါခေါင်လပြည်နေ့ ကျရောက်တိုင်း အခမ်းအနားများ ကျင်းပခဲ့ကြသည်။