အငတ်ဘေးဒဏ်ခံ ချင်းပြည်သူများကို စီအေဒီက ကူညီမည်

အငတ်ဘေးဒဏ်ခံ ချင်းပြည်သူများကို စီအေဒီက ကူညီမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့ အခြေစိုက် Country Agency for Rural Development (CAD) အဖွဲ့က လာမည့် အောက်တိုဘာလမှ စတင်ပြီး ချင်းပြည်နယ်အတွင်း ကြွက်ကျမှုကြောင့် အငတ်ဘေးဒဏ် ခံနေရသည့် ပြည်သူ များအား အကူအညီတွေ ထောက်ပံ့....

မြန်မာနိုင်ငံ ရန်ကုန်မြို့ အခြေစိုက် Country Agency for Rural Development (CAD) အဖွဲ့က လာမည့် အောက်တိုဘာလမှ စတင်ပြီး ချင်းပြည်နယ်အတွင်း ကြွက်ကျမှုကြောင့် အငတ်ဘေးဒဏ် ခံနေရသည့် ပြည်သူ များအား အကူအညီတွေ ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

ယခုလက်ရှိ အခြေအနေတွင် ချင်းပြည်နယ် ဟားခါးမြို့နယ် Zokhua ကျေးရွာတ၀ိုက်သည် ၀ါးသုဉ်းပြီး ကြွက်ကျမှု ဘေးဒဏ် အများဆုံး ခံစားနေရကြောင်း၊ လုံလောက်သည့် ရံပုံငွေများ ရရှိပါက အခြားဒေသများ ဖြစ်သည့် ကန်ပလက်နှင့် ပလက်ဝမြို့နယ်များတွင်လည်း ကူညီထောက်ပံ့ပေးရေး အစီစဉ်များ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း စီအေဒီ ညွန်ကြားရေးမှူး Joseph Kung Za Hmung က အီးမေးလ်မှတဆင့် ခိုနူမ်းထုန် သတင်းဌာနကို ပြောကြားခဲ့သည်။

သြဂုတ်လ (၁၂) ရက်နေ့စွဲဖြင့် ထုတ်ဝေသည့် စီအေဒီ ထုတ်ပြန်ချက်တွင် ဟားခါးမြို့နယ် Malsawm, Tinam နှင့် Zokhua ကျေးရွာတွင် ၀ါးသုဉ်းပြီး ကြွက်ကျမှုကြောင့်  ပြောင်းဖူးတင်း ခြောက်သောင်းကျော်နှင့် ကောက်ပဲ သီးနှံ တင်း နှစ်ထောင်ကျော် ပျက်ဆီးခဲ့ရပြီး Malsawm ကျေးရွာတရွာတည်းတွင်ပင် ပြောင်းဖူး ၈၂ ရာခိုင်နှုန်းနှင့် ကောက်ပဲ သီးနှံ ၇၂ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ကြောင်း ဖေါ်ပြထားသည်။

ယင်းကဲ့သို့ သဘာဝဘေးအန္တာရာယ်ကပ်ဆိုးကြောင့် အကြီးအကျယ် ဆုံးရှုံးမှုများ ရှိနေသော်လည်း နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများက ချင်းပြည်နယ်အပေါ် စိတ်ဝင်စားမှု နည်းပါးနေသေးကြောင်း စီအေဒီ ဒါရိုက်တာက ပြောသည်။

သူက "နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက ချင်းပြည်နယ်မှာ ကူညီမှု ပေးဖို့ စိတ်ဝင်စားမှု မရှိ သလောက် ဖြစ်နေတယ်၊ ဘာကြောင့်လဲဆိုတော့ ချင်းပြည်နယ်မှာ NGO တွေ မရှိလို့  ချင်းပြည်သူတွေရဲ့ အခြေအနေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက မသိကြဘူး။ သူတို့ ကိုယ်တိုင် ချင်းပြည်နယ်မှာ မလာနိုင်တာလဲ ပါတယ်" ဟု ပြောသည်။

ချင်းပြည်နယ် အငတ်ဘေးနဲ့ ပတ်သက်ပြီး စီအေဒီ၏  နိုင်ငံတကာ အလှူရှင်များထံ ရံပုံငွေ တောင်းခံသည့် အဆိုပြုလွာများအပေါ် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစုံတဦးကမျှ ယခုချိန်ထိ တုံ့ပြန်ခြင်း မရှိသေးကြောင်း စီအေဒီ ညွန်ကြားရေးမှူးက ဆိုသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ကျေးရွာတချို့တွင်လည်း ကြွက်ဖျက်ဆီးမှုကြောင့် တောင်ယာစပါး (၇) ဧကနှင့် သီးနှံ  အများအပြား ဆုံးရှုံးမှု ရှိနေကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များက ကြွက်နှိမ်နှင်းရေးအတွက် ကြွက်သတ်ဆေး တထုတ်ကို ကျပ်ငွေ ၅၀၀ ဖြင့် ရွာသားများထံ ရောင်းချပေးနေသော်လည်း အိမ်မွေး တိရိစ္ဆာန်များကိုပါ သေစေနိုင်သောကြောင့် မ၀ယ်ယူဘဲ လက်လုပ်သေနတ်များဖြင့် ပစ်သတ်ခဲ့ကြရကြောင်း ယခုလ (၃) ရက်နေ့ ထုတ် Mizzima သတင်းတွင် ဖေါ်ပြထားသည်။

ထို့အပြင် မတူပီနှင့် ပလက်ဝမြို့နယ် ရှိကျေးရွာ (၂၀) ကျော်တွင်လည်း ကြွက်များက စပါးနှင့် ကောက်ပဲသီးနှံများ ဖျက်ဆီးနေပြီး ဒေသခံတချို့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ဒေသ မီဇိုရမ်ပြည်နယ် လောင်တလိုင် မြို့နယ် များတွင် သွားရောက်ကာ ကြုံရာကျဘမ်းအလုပ်များ လုပ်ကိုင်လျက်ရှိကြောင်း သြဂုတ်လ (၃) ရက်နေ့ထုတ် ခိုနူးမ်ထုန်သတင်းဌာနတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

မတူပီမြို့နယ် အမ်ဆွေး၊ မားဒူ၊ ဝေလူး၊ ထင်းခေါင်၊ တွီရှစ်၊ ပလာရို၊ ဆီးလှည့်၊ ပန်တွီး၊ လိန်တွီး၊ ထိုတွီး၊ ငပန်၊ ရုန်း၊ ရောက်ထန်း၊ ဘဲလ်ခေါင်း၊ ခဲန်စား၊ ကွီးစား၊ ဘွေရှစ်နှင့် ပလက်ဝမြို့နယ် အွေကြီး၊ ဒွီး၊ တွီစား၊ ဟုန်း၊ မှုန်းတနူး၊ ခိုင်းစားနူး၊ အိုက်စား၊ လောင်ဒန် ကျေးရွာတို့တွင် ကြွက်များ ပေါများပြီး သီးနှံများ ဖျက်ဆီးကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အမည်မဖေါ်လိုသူ တောင်သူတဦးက "ကြွက်တွေက နေရာတကာမှာ ပေါ်နေတယ်။ အထူးသဖြင့် တောင်ယာ၊ လယ်ယာများမှာ ရှိတယ်။ အခုအတိုင်းဆိုရင် တောင်ယာ လုပ်တဲ့ ကျတော်တို့အတွက် တော်တော်ကို ခံရမှာဘဲ။ အခု ဘယ်လိုချေမှုန်းရမလဲ ဆိုတာ ခေါင်းခဲနေပြီ" ဟု ဆိုသည်။

၂၀၀၆ နှစ်ကုန်ပိုင်းမှ ချင်းပြည်နယ်တွင် စတင်ဖြစ်ပွါးခဲ့သည့် ၀ါးသုဉ်းမှု ပြသနာကြောင့် အစာရေစာ ငတ်ပြတ် သည့် ပြည်သူများကို ပြည်တွင်းပြည်ပရှိ ချင်းအဖွဲ့အစည်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက တတ်နိုင်သည့် ဘက်မှ ကူညီထောက်ပံ့ပေးခဲ့ကြသည်။ ယင်းအထဲတွင် ယခု စီအေဒီ အဖွဲ့သည်လည်း ချင်းပြည်သူ များအား အဓိက ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့ ဖြစ်သည်။

 

 

 

 

Most read this week