၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျရောက်မည့် စစ်အစိုးရ၏ ရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှု မရှိသည့်အပြင်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အတိုက်အခံ ခေါင်းဆောင်များကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှု မရှိသည့်အတွက် ရွေးကောက်ပွဲကို အသိအမှတ် မပြု....
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျရောက်မည့် စစ်အစိုးရ၏ ရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှု မရှိသည့်အပြင်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အတိုက်အခံ ခေါင်းဆောင်များကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှု မရှိသည့်အတွက် ရွေးကောက်ပွဲကို အသိအမှတ် မပြုနိုင်ကြောင်း ကနေဒါရောက် ကရင်နီလူမှုအသိုင်းအ၀န်းက ဆိုသည်။
“ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာကော၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတာထက် ကျနော်တို့ ပြည်တွင်းမှာကော၊ တကယ်ရင်ဆိုင်ခံစားနေရတဲ့ ပြည်သူတွေရဲ့ ဘ၀ကို ဘာမှ အပြောင်းအလဲဖြစ်မှာ မမျှော်လင့် ပါဘူး။ အဒီလိုပဲ တကယ်တမ်းကြိုးစားရမှာလည်း အခုလာမဲ့ ရွေးကောက်ပွဲပြီးသွားရင် အစိုးရအသစ်မှာ ဖြစ်စေ မယ်လို့ မျှော်လင့်ချက်ပေးပြီ။ နိုင်ငံရေး တွေ့ဆုံမှုတွေ၊ တည်ငြိမ်ချမ်းမှုတွေ မတည်ဆောက်တရွေ့တော့ ကျနော်တို့ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ပြည်သူတွေရဲ့ စီးပွားရေးစနစ်ကိုလည်း ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လည်း လွတ်လပ်တဲ့ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို ကျနော်တို့ အသိအမှတ် မပြုနိုင်ဘူး”ဟု ကရင်နီ အမျိုးသား လူမှုအသိုင်းအ၀န်း ကနေဒါအဖွဲ့ KNCC မှ ပြောရေးဆိုခွင့်ရှိသူ ခွန်းမျိုးမင်းလတ်က ပြောပါသည်။
စစ်အစိုးရသည် နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွင် သင့်မြတ်သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို ကြိုးပမ်းမည့် အစား စစ်ရေးနှင့် ဖြေရှင်းခြင်း၊ တိုင်းရင်းသားများအပေါ် လူသားမဆန်သည့် လုပ်ရပ်များ ဆောင်ရွက်နေသည့်အတွက်ကြောင့် လာမည့် ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှုတို့ကို လျှပ်လှူရှုထားသည်ဟု KNCC မှ ယနေ့ ၁၇ ရက် ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။
ရွေးကောက်ပွဲအပြီး အစိုးရအသစ်ကိုလည်း အယုံအကြည် မရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ဆွေးနွေးမှု မရှိခြင်း၊ ဒုက္ခသည်များနှင့် ရွေ့ပြောင်း အလုပ်သမား များကိုလည်း ပြန်လည်နေရာချထားရန် အကောင်အထည် ဖော်နိုင်မှုများ မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ခွန်းမျိုးမင်းလတ်က ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရပါတီများ ပြန့်ပွားနေသည့်အတွက် ထူးခြားသည့် ပြောင်းလဲမှု တစုံတရာ မရှိနိုင်ကြောင်း၊ အမှန်တကယ် ပြောင်းလဲမှု လိုအပ်ပါက နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချရန်၊ အခြားသော လူ့အခွင့်အရေးများ စောင့်ထိန်းရန်နှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးရန် လိုအပ်သည်ဟု ကရင်နီလူမှုအဖွဲ့အစည်းများက ဆိုသည်။
“ဒီရွေးကောက်ပွဲက ထွက်လာမည့် ရလဒ်ကတော့ စစ်အာဏာ ဆက်လက်တည်မြဲဖို့ဆိုတာ ယုံမှားစရာ မဖြစ်မိဘူး။ စစ်အစိုးရရဲ့ တရားဝင် အစိုးရ ဖြစ်လာဖို့ကတော့ နိုင်ငံတကာရဲ့ အဆုံးအဖြတ်အပေါ် မူတည်တယ်။ သူတို့ကတော့ တရားဝင် ဖြစ်လာဖို့အတွက် ကြိုးစားတာက ရှင်းတယ်လေ။ ဒီရွေးကောက်ပွဲကို ဘမ်းပြပြီးတော့ တရားဝင် လူထုတွေကို စိတ်ကြိုက် နှိပ်စက်လို့ ရသွားတာပေါ့” ဟု ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO ဥက္ကဌ စမ်းရှိုင်းက ပြောပါသည်။
KNCC အဖွဲ့သည် ကရင်နီအပစ်ရပ်အဖွဲ့များအား စောင့်ကြည့်နေသောအဖွဲ့ ဖြစ်သလို ကရင်နီပြည်တွင်း ရေးရာ များကို သုတေသနပြုနေသောအဖွဲ့တခု ဖြစ်သည်။