တင်းကြပ်သည့် ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေး ဆင်းနေဆဲ

တင်းကြပ်သည့် ဥပဒေကြားမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေး ဆင်းနေဆဲ
by -
မိစန္ဒာဦး

ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုး ဦးဆောင်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ်နှင့် ခေါဇာမြို့နယ်ခွဲတွင် မဲဆွယ်စည်းရုံးရေး ခရီးဆင်း....

ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုး ဦးဆောင်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ်နှင့် ခေါဇာမြို့နယ်ခွဲတွင် မဲဆွယ်စည်းရုံးရေး ခရီးဆင်းနေသည်ဟု ရေးမြို့ဒေသခံ တစ်ဦးမှ ပြောပါသည်။

သြဂုတ်လ (၁၃) ရက်နေ့တွင် စည်းရုံးရေးခရီး စတင်ခဲ့ကာ အဆိုပါ အဖွဲ့တွင် ဒေါက်တာ မင်းနွယ်စိုး၊ နိုင်သိန်းဟန်၊ နိုင်မောင်လု၊ နိုင်ကရက်နွန် (ယခင်မွန်ပြည်သစ်ပါတီ အငြိမ်းစား ဗိုလ်ကြီးဟောင်း)တို့ ဦးဆောင်ခဲ့သည်ဟု ဆိုပါသည်။ ၄င်းတို့၏ ခရီးစဉ်နှင့် ပက်သက်၍ ခေါဇာမြို့နယ်ခွဲမှ ဒေသခံတစ်ဦးက ယခုလို ပြောပြပါသည်။

“(၁၃) ရက်နေ့မှာ ခေါဇာမြို့နယ်ခွဲကို စည်းရုံးရေးခရီး ဆင်းတယ်၊ (၁၄) ရက်နေ့ နံက်ပိုင်းမှာတော့ ကဗျာဝ ရွာနဲ့ ယင်းဒိန်ရွာမှာ ဆင်းတယ်။ (၁၅) ရက်နေ့ နံက်မှာတော့ ယင်းရဲကျေးရွာ သဲခုန်ရွာ တိုးတက်ရွာ (ရွာသစ်) ဆင်ဂူရွာတွေမှာ စည်းရုံးရေး ဆင်းတယ်။ ညနေပိုင်းမှာတော့ ကော့လှိုင်ရွာနဲ့ ဟံဂံရွာ ည (၈) နာရီအချိန်မှာတော့ ကလော့ရွာမှာ စည်းရုံးရေး ဆင်းပြီး ပါတီရဲ့ လမ်းစဉ်တွေကို ဟောပြောခဲ့ပါတယ်။  ဒါပေမဲ့ အစည်းအဝေးကို (၃) နာရီ ထက်ပိုမလုပ် ရတာတို့ အပြင်ထွက်ပြီး စည်းရုံးခွင့် မပြုတာတို့ ရှိနေတော့ အိမ်အတွင်းမှာဘဲ ကြပ်ကြပ် တည်းတည်းနဲ့ လုပ်နေရတယ်ခင်ဗျ”

အဆိုပါ စည်းရုံးရေး ခရီးစဉ်များတွင် စစ်အစိုးရဘက်မှ အနှောက်အယှက် မပြုသော်လည်း စောင့်ကြည့်သည့် အနေအထားတွင် ရှိနေခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့၏ တင်းကြပ်သော ဥပဒေ ကန့်သတ်ချက်များကြောင့် ထင်သလောက် ခရီးမပေါက်ဟု ပါတီကို အကူညီပေးသူရွာခံတစ်ဦးမှ ပြောပါသည်။

ထို့အပြင်မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီ ပါတီဝင်အသိမှတ်ပြု ကာဒ်ပြားများကိုလည်း ပြုလုပ်နေဆဲ ဖြစ်ကြောင်း ပါတီဝင်တစ်ဦးမှ အတည်ပြု ပြောခဲ့ပါသည်။