တိုင်းပြည်တွင် ပြောင်းလဲနေသော အခြေအနေနှင့်အညီ လိုက်လျောညီထွေရှိမည့် အဖွဲ့အစည်း ပုံစံမျိုး ပြောင်းလဲသွားမည်ဟု....
တိုင်းပြည်တွင် ပြောင်းလဲနေသော အခြေအနေနှင့်အညီ လိုက်လျောညီထွေရှိမည့် အဖွဲ့အစည်း ပုံစံမျိုး ပြောင်းလဲသွားမည်ဟု နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် ငြင်းဆိုထားသည့် အပစ်ရပ် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တွဲဖက်အတွင်းရေးမှူးက ယနေ့ ထုတ်ဖော် ပြောဆိုလိုက်သည်။
KIO ရှေ့ရေးနှင့် ပတ်သက်၍ မြစ်ကြီးနား၊ ဗန်းမော်၊ ရှမ်းပြည်နယ်မှ ကချင်အရပ်သား လူကြီးများ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှု အဖွဲ့များမှ ကိုယ်စားလှယ်များ အနည်းဆုံး ၃ဝ ဦးခန့် တက်ရောက်ခဲ့သော တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ KIO ဌာနချုပ်တွင် ၂ ရက်ကြာ ဆွေးနွေးပွဲအပြီး ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အခြေခံအားဖြင့် ပြောနိုင်တာက အပြောင်းအလဲဆိုတာ တိုင်းပြည်မှာ ရှိနေတာ။ အဲဒီပြောင်းလဲနေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေတဲ့ အဖွဲ့အစည်းပုံစံပေါ့လေ။ လိုက်လျော ညီထွေမှု ဖြစ်အောင်တော့ အပြောင်းအလဲ လုပ်ရမှာပဲ။ ကချင်ပြည်နယ်မှာ တက်လာမယ့် ပါတီအစိုးရနဲ့ KIO ဘယ်လို ဆက်သွားမလဲ ဆိုတာလည်း ပါတယ်” ဟု KIO တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီးဆင်ဝါးက မဇ္ဈိမကို ပြောသည်။
၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် KIO တို့ကြား အပစ်ရပ်စဲရန် ကြားဝင် ဆက်စပ်ပေးသည့် ကချင်နှစ်ခြင်း အသင်းတော်မှ တရားဟောဆရာကြီး ဒေါက်တာဇဘွမ်းဂျွမ် Lahtaw Saboi Jum အပါအဝင် ဆွေးနွေးပွဲ တက်လာသူ ကချင်လူကြီးများ၏ အကြံဥာဏ်များကို စုဆောင်းကာ KIO အတွင်း ဆွေးနွေး ဆုံးဖြတ်သွားမည်ဟု သူက ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
KIO အနေဖြင့် အသွင်ကူးပြောင်းရေးကို မူအားဖြင့် လက်ခံထားသောကြောင့် ဌာနချုပ်တွင် ယခုလို အစည်းအဝေး ကျင်းပလိုက်ခြင်းသည် အဆိုပါ အသွင်ကူးပြောင်းရေးအတွက် လက်တွေ့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သုံးသပ်သည်။
ဒေါက်တာတူးဂျာသည် ယခင်က KIO အဖွဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်ရောက်ရန်အတွက် အဖွဲ့မှ နုတ်ထွက်ကာ KSPP ပါတီ ဖွဲ့စည်းတည်ထောင်ခဲ့သူ ဖြစ်သည်။
သူက “ရွေးကောက်ပွဲကို အနှောင့်အယှက်မပေးဘူး၊ အသွင်ကူးပြောင်းရေး လက်ခံတယ်ဆိုတဲ့ နေရာမှာ ပြည်ထောင်စုကနေ မခွဲထွက်ဘူး၊ ထာဝရ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်၊ ဒီလိုမျိုး သဘောထားတွေ ဆုံးဖြတ်ချက်ချမယ်လို့ ထင်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။
စစ်အစိုးရက KIO ကို နယ်ခြားစောင့်တပ် Border Guard Force (BGF) အဖြစ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ယခုနှစ် ရွေးကောက်ပွဲမတိုင်မီ အဖြေပေးရန် အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်မှတဆင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် သတိပေးခဲ့သည်။
လက်နက်ကိုင်အင်အား ၈ ထောင်ခန့်ရှိသော KIO ကမူ စစ်အစိုးရထံ ပြည်ထောင်စုတပ်မတော်တွင် ကချင်တပ်ရင်းများ အဖြစ်သာ ပါဝင်လိုကြောင်း နောက်ဆုံး တုံ့ပြန်ပြောဆိုထားသည်။
KIO က ယခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် လက်မခံကြောင်း ပြောဆိုခဲ့ပြီး နောက်ပိုင်း မေလထဲတွင် KIO ၏ အောက်ခြေအဆင့် ဝန်ထမ်းများနှင့် ကချင်ပြည်သူလူထုကို အသွင်ပြောင်းရေးနှင့် ပတ်သက်၍ သဘောထားများ တောင်းခံခဲ့သေးသည်။
KIO ကဲ့သို့ပင် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ BGF အဖြစ် အသွင်ပြောင်းရေးအတွက် ငြင်းဆန်နေချိန်တွင် စစ်အစိုးရကမူ မူလကတည်းက ပြောဆိုထားသည့်အတိုင်း ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာခဲ့သည်။
သို့သော် ယခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည့် KSPP ကို ယနေ့ထိ ပါတီထောင်ခွင့် မပြုသေးသဖြင့် ပါတီစည်းရုံးရေးလုပ်ငန်းများ ကျယ်ပြန့်စွာ မပြုလုပ်နိုင်သည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဒေါက်တာတူးဂျာက ပြောဆိုသည်။ အစိုးရ၏ ဥပဒေအတိုင်း လုပ်ဆောင်ခဲ့သဖြင့် မှတ်ပုံတင်ခွင့် ရရှိရန် ခွင့်ပြုလိမ့်မည်ဟု ယနေ့ထိ မျှော်လင့်နေကြောင်း သူက ဆိုသည်။
KSPP ကဲ့သို့ပင် နောက်ထပ် ကချင်ပါတီ ၂ ပါတီဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်း တိုးတက်ရေးပါတီနှင့် ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ကိုလည်း စစ်အစိုးရက မှတ်ပုံတင်ခွင့် ချမပေးသေးပါ။
သို့သော် စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်ကာ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ UDPKS ကိုမူ ယခုလ ၂ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့်ပြုကာ ယနေ့တွင် စည်းရုံးရေးများ လုပ်ဆောင်နေပြီဖြစ်သည်။