သြဂတ်စ် ၁၅ ရက် မနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်တွင် ကျားဖြူပါတီ မြို့နယ်ကော်မတီရုံးခွဲ ဖွင့်လှစ်ကြောင်း စုံစမ်းသိရှိရ...
သြဂတ်စ် ၁၅ ရက် မနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်တွင် ကျားဖြူပါတီ မြို့နယ်ကော်မတီရုံးခွဲ ဖွင့်လှစ်ကြောင်း စုံစမ်းသိရှိရပါသည်။
“အခမ်းအနားက မနက် ၇း၃၀ နာရီခွဲလောက်မှာ စတယ်။ သံဃာပင့်ပြီးဆွမ်းကပ်တယ်။ မနက် ၈ နာရီအတိမှာ အလံ နဲ့ ဆိုင်းဘုတ်တင်တယ်၊ ဆန်ဆိုင်းလိ လမ်းသွယ် ၁၃ မှာ။ ကျားဖြူသတင်းလွှာတောင်မှ ဝေငှပေးတယ် ” - ဟု အခမ်းအနား တက်ရောက်သူ တဦးကပြော၏။
တာချီလိတ်မြို့ မြို့နယ်ကော်မတီရုံးခွဲဖွင့်ပွဲ၌ ရန်ကုန်ရုံးချုပ်က တက်ရောက်ခြင်းမရှိသော်လည်း ကျိုင်းတုံမှလာ သည့် ကျိုင်းတုံမြို့နယ်ကော်မတီခွဲ ဥက္ကဌ ဆရာလုံးကျောက်၊ အတွင်းရေးမှူး စိုင်းသောင်းစိန်တို့ တက်ရောက်ဖွင့် လှစ်ကြောင်း၊ တာချီလိတ် ကော်မတီခွဲ ဥက္ကဌမှာ ဒေါ်နန်းငွေမြ (အသက် ၅၀ ကျော်) ဆိုသူဖြစ်ကြောင်းပါတီဝင် တဦးက ပြောပါသည်။
“အခု တာချီလိတ်ရုံးခွဲဖွင့်ပြီးရင် ကျိုင်းတုံဥက္ကဌ ဆရာလုံးကျောက် ဦးဆောင်တဲ့အဖွဲ့က မိုင်းခတ်၊ မိုင်းယန်း ဘက် သွားမယ်။ အတွင်းရေးမှူး စိုင်းသောင်းစိန်က မိုင်းဖြတ် မိုင်းယောင်းဘက်သွားမယ်၊ မိုင်းတုံ၊ မိုင်းဆတ် ဘက်တော့ မသွားတော့ဘူး၊ ဒေသခံတွေကဘဲ ဦးဆောင်ပြီးရုံးခွဲဖွင့်ကြလိမ့်မယ်” - ဟု ကျားဖြူပါတီဝင်တဦးကပြောပါသည်။
ကျားဖြူပါတီ ကျိုင်းတုံကော်မတီရုံးခွဲမှနေ၍ ကိုယ်စားလှယ်လောင်း ၃ ဦးရွေးချယ်ထားကြောင်း၊ ကျိုင်းတုံမြို့နယ် ကျားဖြူပါတီ ဥက္ကဌ ဆရာလုံးကျောက်က အမျိုးသားလွတ်တော်၊ စိုင်းဝင်း (ဒုဥက္ကဌ) ကပြည်သူ့လွတ်တော်၊ စိုင်းသောင်းစိန်(အတွင်းရေးမှူး)က ပြည်နယ်လွတ်တော် အမတ်များအဖြစ် ၀င်ရောက်အရွေးခံကြရန်လျာထား ကြောင်း ဆက်၍ ပြောပြ၏။
တာချီလိတ်မြို့ မြို့နယ်ကော်မတီရုံးခွဲဖွင့်ပွဲ၌ ဖိတ်ကြားထားသော အခြားနိုင်ငံရေးပါတီများ တက်ရောက်ခြင်းမရှိ ကြောင်း၊ စစ်ဘက်လုံခြုံရေး MAS နှင့် SB သုံးလေးယောက်သာ လာရောက်ဓါတ်ပုံရိုက်ယူကြောင်း၊ တက်ရောက် သူ ပရိသတ်အင်အား ၅၀ ခန့်ရှိကြောင်း - အဆိုပါ ပုဂ္ဂိုလ်ကပြောပြပါသည်။