ချင်းအမျိုးသား တပ်မတော်အင်အား တိုးချဲ့တည်ဆောက်မည်

ချင်းအမျိုးသား တပ်မတော်အင်အား တိုးချဲ့တည်ဆောက်မည်

နအဖစစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေသည့် ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်)က ၎င်းတို့၏ တပ်မတော် အင်အားကို တိုးချဲ့ တည်ဆောက်....

 

 

နအဖစစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေသည့် ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်)က ၎င်းတို့၏ တပ်မတော် အင်အားကို တိုးချဲ့ တည်ဆောက်သွားမည်ဟု ပြောဆိုလိုက်သည်။  

အိန္ဒိယ-မြန်မာနယ်စပ် တနေရာတွင် ယခုလ ၆ ရက်နေ့မှ ၁၃ ရက်နေ့အထိ တပတ်အကြာ ကျင်းပပြုလုပ်သော ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်)၏ ဒုတိယအကြိမ်ပါတီ ဗဟိုကော်မီတီ အစည်းအဝေးတွင် ချင်းအမျိုးသား တပ်မတော်အင်အားကို တိုးချဲ့တည်ဆောက်သွားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။  

CNAသြဂုတ်လ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ၎င်းတို့၏ ကြေညာချက်တွင် ချင်းအမျိုးသား တပ်မတော် အင်အား တိုးချဲ့တည်ဆောက်ရေးကို ၂၀၁၀ -၂၀၁၁ ဘဏ္ဍာရေး နှစ်၏ အဓိက တာဝန်တရပ်အဖြစ် ထားရှိပြီး တဆက်တည်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် ဆုံးဖြတ်ခဲ့ကြ ကြောင်း ဖော်ပြထားသည်။

ယင်းကိစ္စနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှူး ပူးပေါလ်ဆီထာ “ ကျနော်တို့ တော်လှန်ရေးကို ပြန်သုံးသပ်ကြည့်တော့ တပ်အင်အားရှိမှ အားကောင်းတာကို ဒါကြောင့် တော်လှန်ရေးရဲ့ အင်အား ဖြစ်တဲ့ တပ်ကို ဒီနှစ်ထဲမှာ ပိုမိုတိုးချဲ့ဖို့ ဆုံးဖြတ်တာ ဖြစ်တယ် “ ဟု ခိုနူမ်းထုန်ကို ပြောသည်။

“တိုးချဲ့တယ် ဆိုတဲ့ နေရာမှာ လူအင်အားရော၊ လက်နက်အင်အားရော စစ်တပ်နဲ့ ဆိုင်တဲ့ အရာတွေ အားလုံးကို တိုးချဲ့မှာပါ” ဟု သူက ဆက်ပြောသည်။  

ချင်းအမျိုးသားတပ်မတော်သည် အိန္ဒိယ-မြန်မာနယ်စပ်တလျောက်တွင် အခြေချ လှုပ်ရှားနေကြပြီး ၎င်းတို့၏ တပ်မတော်ကို မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့်ဖြင့် တိုင်း ၄ တိုင်းဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

ချင်းအမျိုးသား တော်လှန်ရေး တိုက်ပွဲတွင် ဒေသစုံ၊ မျိုးနွယ်စုံမှ ပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များ၊ သြဇာတိက္က မရှိ ပုဂ္ဂိုလ်များ ပိုမိုပါဝင်လာရေးကို ဦးတည်၍ အရေးပေါ် ပါတီညီလာခံ တရပ်ကို တနှစ်အတွင်း ခေါ်ယူကျင်းပရန် ယင်းအစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟုလည်း သိရသည်။

ထို့အပြင် ယနေ့ကာလသည် မိမိတို့ အမျိုးသား တော်လှန်ရေးအတွက် အရေးကြီးဆုံး အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် မိမိတို့ ဆင်နွဲနေသည့် တော်လှန်ရေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ အပါအ၀င် ချင်းအမျိုးသား တရပ်လုံး အနေဖြင့် တတ်နိုင်သည့် ဖက်မှ ၀ိုင်းဝန်းပါဝင်ကူညီပံ့ပိုးကြရန် အဆိုပါ ကြေညာချက်တွင် လှုံ့ဆော်ထားသည်။

 

Most read this week