၁၃ သြဂတ်စ် ဆန်ပြဿနာနေ့ အခမ်းနား ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ကျင်းပ

၁၃ သြဂတ်စ် ဆန်ပြဿနာနေ့ အခမ်းနား ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ကျင်းပ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ၄၃ နှစ်မြောက် ဆန်ပြဿနာနေ့ အထိမ်းအမှတ် အခမ်းနား တရပ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရောက် ရခိုင်နိုင်ငံရေး လှုပ်ရှားသူများက ကောစ်ဘဇား (ဖလောင်းချိပ်) မြို့တွင် ကျင်းပ....

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ၄၃ နှစ်မြောက် ဆန်ပြဿနာနေ့ အထိမ်းအမှတ် အခမ်းနား တရပ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရောက် ရခိုင်နိုင်ငံရေး လှုပ်ရှားသူများက ကောစ်ဘဇား (ဖလောင်းချိပ်) မြို့တွင် ကျင်းပခဲ့ကြသည်။

၄၃ နှစ်မြောက် ပြည့်မြောက်နှစ် ဖြစ်သော ၂၀၁၀ သြဂတ်စ် ၁၃ ရက်နေ့ မနက်ပိုင်းတွင် ဆန်ပြဿနေ့တွင် ကျဆုံး သွားခဲ့ကြသော ပြည်သူများကို ရည်စူးပြီး တောကျောင်း ဘုန်းတော်ကြီး ကျောင်းတွင် ရဟန်း သံဃာများကို ဆွမ်းများ ဆက်ကပ်လှူဒါန်း အမျှပေးဝေကာ နေ့လည် ၁နာရီတွင် အခမ်းနားကို စတင်ကျင်းပ ခဲ့ကြသည်။

အခမ်းတွင် ဆရာတော် ဦးဣန္ဒာစက္ကက သဘာပတိအဖြစ် ဆောင်ရွက်ပြီး လူပေါင်း ၄၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ကျင်းပရေး ကော်မီတီ အဖွဲ့ဝင်သူ တဦး ဖြစ်သူ ကိုကျော်ဇံက နိရဉ္စရာကို ယခုကဲ့သို့ ပြောသည်။

“ဆန်ရေစပါး ပေါကြွယ်ဝတဲ့ ရခိုင်ပြည်မှာ နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အစိုးလက်ထက်မှာ အငတ်ဘေး ဆိုက်ကပ်မှုကို ပြည်သူများက ဖြေရှင်းပေးရန် တောင်ဆိုတာကို အာဏာပိုင်များက အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြရပါတယ်။ ဒါကို နောင်လာနောက်သား ရခိုင်သားများ သိရှိစေရန်နဲ့ လက်ရှိ ရခိုင်ပြည်မှာ ထိုထက် ဆိုးဝါးမှု ဖြစ်ပေါ်လာပါက ဘယ်လို ပြင်ဆင်သင့်သလဲ စတာတွေ အပြင် သင်ခန်းစာ ယူနိုင်ရန်နဲ့ မိမိတို့ လူမျိုးအနေနဲ့ ကိုယ်ပိုင် ဖန်တီးနိုင်ခွင့် မရှိသေးတာကြောင့် အခုလို အဖြစ်ဆိုးမျိုး ကြုံတွေရတယ် ဆိုတာကို မျိုးဆက်သစ် လူငယ်များ အနေဖြင့် သိရှိထားရန်နဲ့ ဆင်ခြင် တွေးတော နိုင်ရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်ရတာ ဖြစ်ပါတယ်” ပြောသည်။

အခမ်းနားတွင် တက်ရောက်လာသူများကလည်း ဆန်ပြဿနာ ဖြစ်ပွားရခြင်း၏ အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြပြီး အခမ်းနားကို ညနေ ၄ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

ယခုနှစ် ကျရောက်သော စစ်တွေ ဆန်ပြဿနာနေ့ကို စစ်တွေမြို့ရှိ ဘုန်းတော်ကြီး ကျောင်းတချို့နှင့် မင်းဂံ ရပ်ကွက်လည်း ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်လည်း သြဂတ်စ်လ ၁၄ ရက်နေ့တွင် ၄၃ နှစ်မြောက် စစ်တွေ ဆန်ပြဿနာ နေ့နှင့် နှစ် ၂၀ မြောက် ဆရာကြီး ဦးသာထွန်းနေ့တို့အား တပြိုင်တည်း ကျင်းပမည် ဖြစ်ပြီး ဆရာကြီး ဒေါက်တာ အေးကျော်နှင့် ဆန်အရေးအခင်းတွင် ထိပ်ဆုံးက ဦးဆောင် ပါဝင်ခဲ့သူ ဦးခိုင်အောင်ကျော်တို့မှ တက်ရောက်ပြီး အဆို အခမ်းအနား များနှင့် ပတ်သက်ပြီး ဟောပြောကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူ ရခိုင်နိုင်ငံရေး ပါတီများ ဖြစ်ကြသည့် ရခိုင်ပြည် အမျိုးသားကောင်စီ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ)နှင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှလည်း သြဂတ်စ် ၁၃ စစ်တွေ ဆန်ပြဿနာနေ့နှင့် ပတ်သက်ပြီး ကျေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

၁၉၇၆ ခုနှစ် မိုးရာသီတွင် ရခိုင်ပြည်သူများ ဆန်ရှားပါးပြီး အငတ်ဘေး ကျရောက်ခဲ့သဖြင့် စစ်တွေမြို့ လမ်းမများ ပေါ်တွင် ဆန်ရရှိရေး တောင်းဆိုတိုက်ပွဲဝင်မူကို ဗိုလ်နေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီ စစ်အစိုးရမှ လူမျိုးရေးအရ အငြိုးတေးထားကာ သတ်ဖြတ်ခဲ့သဖြင့် အဆိုပါနှစ် သြဂတ်စ် ၁၃ ရက်နေ့တွင် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြရသည်။ အဆိုပါ နေ့မှာ နောင်အခါတွင် သမိုင်းဝင်နေ့ တနေ့ ဖြစ်လာပြီး နှစ်စဉ်နှစ်တိုင်း သြဂတ်စ်လ ၁၃ ရက်နေ့ ရောက်တိုင်း ရခိုင်လူမျိုးများက အောက်မေ့ဖွယ် အခမ်းနားကို ကျင်းပကြသည်။

 

 

 

Most read this week