မြန်မာစစ်အစိုးရမှ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည် မည်ကဲ့သို့ ရလဒ်များ ထွက်ပေါ်လာသည်ဖြစ်စေ အသိအမှတ် ပြုလိမ့်မည် မဟုတ်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ပြော....
မြန်မာစစ်အစိုးရမှ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည် မည်ကဲ့သို့ ရလဒ်များ ထွက်ပေါ်လာသည်ဖြစ်စေ အသိအမှတ် ပြုလိမ့်မည် မဟုတ်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ပြောဆိုသည်။
ပြီးခဲ့သည့် ၉ ရက်နေ့က ကရင်နီအမျိုးသားများအတွက် ကျရောက်သော ၆၂ ကြိမ်မြောက် ကရင်နီအမျိုးသား ခုံခံတော်လှန်ရေးနေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) အတွင်းရေးမှူး ၁ ခူဦးရယ်က ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
စစ်အစိုးရမှ အတည်ပြုသွားခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမျိုးသားပြည်သူတရပ်လုံးအတွက် ဒီမိုကရေစီ အခွင့်အလမ်းနှင့် ပတ်သက်၍ ရှေ့ရှုထားသော အခြေခံဥပဒေ မဟုတ်သောကြောင့် လူထုဆန္ဒ ခံယူပွဲကတည်းက လက်မခံနိုင်သကဲ့သို့ လာမည့် ရွေးကောက်ပွဲ၏ ရလဒ်ကိုလည်း အသိအမှတ် မပြုရခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဆန္ဒခံယူပွဲ လုပ်တဲ့ အချိန်တုန်းက တကယ် လူထုဆန္ဒ သဘောထားကို လွတ်လွတ် လပ်လပ် ရယူပြီးတော့ အတည်ပြုခဲ့တာ မဟုတ်ဘူး။ အတင်းအကြပ် လူထုဆန္ဒ သဘောထားတွေကို ဓါးမြတိုက်ပြီးတော့ အတည်ပြု ထားတယ်လို့ ကျနော်တို့ အခြစ်ချသတ်မှတ် ထားတာ ဖြစ်တယ်။ ဒါကြောင့်မိုလို့ ကျနော်တို့ အခြေခံဥပဒေကို လက်မခံနိုင်တဲ့ တကြိမ်ထဲမှာပဲ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို ရလဒ်မျိုးပဲ ထွက်လာ ထွက်လာ ဒီရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဘူးဆိုတာ ကျနော်တို့ အတိအလင်း ထုတ်ပြန်ကြေညာ ထားပြီး ဖြစ်ပါတယ်” ဟု ခူဦးရယ်က ပြောကြားခဲ့ပါသည်။
ကေအဲန်ပီပီ အနေဖြင့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ၏ ရလဒ်ကို လက်မခံနိုင် သော်လည်း ကရင်နီ ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီအသစ် ဖွဲ့စည်းတည်ထောင် လိုက်သော လူမျိုးပေါင်းစုံ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ယူအဲန်ဒီပီ) ကမူ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အခွင့်အလမ်း ရရှိနေပြီ ဖြစ်သည်။
ဦးမီရယ်မြင့်နှင့် ဦးမီရယ် (ခ) ရဲအောင်တို့ ဦးဆောင်ဖွဲ့စည်းသော ယူအဲန်ဒီပီသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီ လျှောက်ထားခဲ့ရာ ယခုလ ၅ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ယူအဲန်ဒီပီ တည်ထောင်ရခြင်းမှာ ကရင်နီပြည်နယ်တွင် နိုင်ငံရေးပါတီ တဖွဲ့မှ မရှိသေးသောကြောင့် လာမည့် စစ်အစိုးရ ရွေးကောက်ပွဲတွင် ကရင်နီပြည်နယ်နှင့် ကရင်နီလူထုများ ကိုယ်စားပြုပါတီတဖွဲ့ ပါဝင်သင့်ကြောင်း၊ အနာဂတ်တွင်လည်း ကရင်နီ မျိုးဆက်သစ် လူငယ်များအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု ယူအဲန်ဒီပီ အတွင်းရေးမှူး ဦးမီရယ် (ခ) ရဲအောင်က ပြောပါသည်။
၎င်းက “ပါတီတည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကယားပြည်နယ် ကိုယ်စားပြုပါတီတစ်ခု ရှိသင့်တယ်လို့ ခံယူထားပါတယ်။ အနာဂတ်မှာ ကယားပြည်နယ် အတွင်းရှိ လူမျိုးစုံ မျိုးဆက်သစ် လူငယ်များအတွက် ရည်ရွယ်ချက် ကြီးစွာနဲ့ ဖွဲ့စည်းတည်ထောင် ရခြင်း ဖြစ်တယ်။ ပြည်နယ်နှင့် ပြည်သူလူထုအတွက်လို့ ရည်ရွယ် ဖွဲ့စည်း တည်ထောင်တယ်” ဟု ပြောသည်။
ကရင်နီပြည်နယ်တွင် အခြားသော နိုင်ငံရေးပါတီများ လာရောက်ပါဝင်ကိုယ်စားပြုရန် ဆောင်ရွက်နေကြသည်မှာ အချို့ရှိနေသော်လည်း ယင်းပါတီများအား အတိုက်အခံ ပြုလုပ်ရန် မဟုတ်ကြောင်း ဦးမီရယ် (ခ) ရဲအောင်က ဆက်ပြောသည်။
စစ်အစိုးရသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော်လည်း ယခုအချိန်ဆိုလျှင် နှစ်တ၀က်ကျော် ရှိနေပြီဖြစ်ကြောင်း၊ အကယ်၍ ရွေးကောက်ပွဲ ကျင်းပဖြစ်လျှင်လည်း တတ်နိုင်သည့် နည်းလမ်းဘက်မှ ဆန့်ကျင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကေအဲန်ပီပီက ဆိုသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာစစ်အစိုးရမှ အတည်ပြုသွားခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်မခံနိုင်ကြောင်း ကေအဲန်ပီပီက ထုတ်ပြုကြေညာထားပြီး ဖြစ်သည်။