ပိုင်ရှင်မဲ့ လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူ အာဏာပိုင်များ သိမ်းဆည်းရမိ

ပိုင်ရှင်မဲ့ လက်လုပ်ဗုံးတစ်လုံး ဘုရားသုံးဆူ အာဏာပိုင်များ သိမ်းဆည်းရမိ
by -
မင်းချမ်း

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၁) အတွင်းရှိ မြို့ပေါ်လျှပ်စစ်မီးဓါတ်အားပေး ထရန်စဖေါ်မာ တစ်လုံး အောက်၌ ပိုင်ရှင်မဲ့ လက်လုပ်ဗုံးတစ်လုံး ယနေ့နံနက်ပိုင်းတွင် မြန်မာအာဏာပိုင်များ တွေ့ရှိခဲ့ပြီး သိမ်းဆည်း....

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၁) အတွင်းရှိ မြို့ပေါ်လျှပ်စစ်မီးဓါတ်အားပေး ထရန်စဖေါ်မာ တစ်လုံး အောက်၌ ပိုင်ရှင်မဲ့ လက်လုပ်ဗုံးတစ်လုံး ယနေ့နံနက်ပိုင်းတွင် မြန်မာအာဏာပိုင်များ တွေ့ရှိခဲ့ပြီး သိမ်းဆည်းရမိကြောင်း အမည်မဖေါ်လိုသော ရဲဝန်ထမ်းတစ်ဦး ပြောပြချက်အရ သိရသည်။

ထိုသတင်းဟုတ်မှန်ကြောင်း ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်အရာရှိ တစ်ဦးကလည်း အတည်ပြု ပြောကြား ခဲ့သည်။

“မနက်ရှစ်နာရီလောက်မှာ လူတွေရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး ဟိုပြေးဒီပြေးလုပ်နေကြတယ်၊ နောက်တော့ ဗုံးတွေ့တယ်ဆိုပြီး စစ်တပ်၊ ရဲဝန်ထမ်းတွေလာဖြုတ်သိမ်းလိုက်တာ မနက်ဆယ်နာရီကျော်မှ အေးအေးဆေးဆေး ဖြစ်သွားတာ” ဟု မြို့ခံတစ်ဦး ဆက်သွယ်ပြောကြားခဲ့သည်။

အဆိုပါလက်လုပ်ဗုံးပုံသဏ္ဍာန်မှာ တစ်တိုနီတာမိုင်းကရိယာကို RPG-7 ဗုံးသီးအတွင်း ထည့်သွင်းထား၍ အဝေးထိန်း စနစ်ဖြင့် ဖေါက်ခွဲနိုင်ရန် ဖန်တီးထားကြောင်း မြန်မာအာဏာပိုင် အချို့ထံမှ တဆင့် သိရသည်။
ဘုရားသုံးဆူ နယ်စပ်မြိုအတွက် အသုံးပြုနေသောလျှပ်စစ်မီးများမှာ တစ်ဖက်ထိုင်းနိုင်ငံမှ တရားဝင်ဝယ်ယူ သွယ်တန်း ထားကြသည်ဟု သိရသည်။

အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံမြို့ကြီးများတွင် လျှပ်စစ်မီးမလုံလောက်မှုများ ဖြစ်ပေါ်နေသော်လည်း ဘုရားသုံးဆူမြို့သည် ၂၄ နာရီမီးမပြတ်မလပ်ဗို့အားအပြည့်အဝ အသုံးပြုခွင့်ရှိကြသည်။

(၂၀၀၉) ခုနှစ်၊ အောက်တိုဘာလတွင် ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃) ရှိ လျှပ်စစ်မီးဓါတ်အားပေး ထရန်စဖေါ်မာ တစ်လုံး ဗုံးဖေါက်ခွဲခံခဲ့ရပြီး ပျက်စီးခဲ့ရာ အာဏာပိုင်များ လက်သည်မဖေါ်နိုင်ဖြစ်ခဲ့သည်။

ထို့အပြင် လွန်ခဲ့သည့် မေလဆန်းပိုင်းတွင် ဘုရားသုံးဆူမြို့အဝင်ဂိတ်ဝ၌ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်ဟောင်း နှစ်ဦး သယ်ဆောင်လာသော ဗုံးပေါက်ကွဲခဲ့ရာ ဘုရားသုံးဆူဗုံးကိစ္စပြဿနာရပ်များအနက် ပထမဆုံးအကြိမ် အာဏာပိုင်များဖမ်းဆီးရမိခြင်း ဖြစ်သည်။

“ဘုရားသုံးဆူဗုံးကိစ္စတွေဟာ မကြာခဏဆိုသလိုပဲဖြစ်ပေါ်နေတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း များတယ်၊ နယ်ခြားစောင့်တို့ ဌာနေပြည်သူစစ်တို့ကိစ္စကြောင့် မကြေလည်မှုတွေလည်း ရှိနေတယ်” ဟု နယ်စပ်စစ်ရေးလေ့လာသူတစ်ဦး ပြောသည်။

လက်ရှိဘုရားသုံးဆူ၌ ခလရ(၃၂) တပ်ရင်း၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ဒီကေဘီအေ၊ ကရင်ငြိမ်းချမ်းရေး (ဟောင်သရောဒေသ) KPF, KNU/KNLA-PC ဗိုလ်ထိန်မောင်အဖွဲ့၊ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရကို တိုက်ခိုက်နေဆဲ ဖြစ်သည့် KNU တပ်မဟာ ၆ လှုပ်ရှားရာ ဒေသလည်းဖြစ်ပြီး ထိုလက်နက်ကိုင် တပ်ဖွဲ့များသည် ဂိတ်စခန်းများ အသီးသီး ဖွင့်လှစ်ထားရှိကာ ဖြတ်သန်းသွားလာသူ ကုန်သည်၊ ခရီးသွားများထံမှ အခွန်ငွေများ ကောက်ခံနေကြသည်ကို တွေ့ရှိရသည်။

ဘုရားသုံးဆူဒေသ၌ ပုံမှန်အားဖြင့် သုံးလတစ်ကြိမ် ဗုံးတွေရှိမှု၊ ဗုံးဖေါက်ခွဲမှုပြဿနာများ မကြာခဏ ဖြစ်ပေါ် ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရှိနိုင်သည်။

Most read this week