လူရှိုင်း (မီဇိုး) မျိုးနွယ်အမည်ဖြင့် လွှတ်တော်ကိုယ်စားလှယ် တင်သွင်းမည်

လူရှိုင်း (မီဇိုး) မျိုးနွယ်အမည်ဖြင့် လွှတ်တော်ကိုယ်စားလှယ် တင်သွင်းမည်

မြန်မာနိုင်ငံအနောက်ဘက် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တမူးမြို့တို့တွင် နေထိုင်ကြသည့် ချင်းအနွယ်ဝင် လူရှိုင်း (မီဇိုး) မျိုးနွယ်စုတို့သည် လာမည့် ရွေးကောက်ပွဲတွင် အမတ်တနေရာ ရရှိရေးအတွက် လူဦးရေ စုဆောင်း...

မြန်မာနိုင်ငံအနောက်ဘက် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တမူးမြို့တို့တွင် နေထိုင်ကြသည့် ချင်းအနွယ်ဝင် လူရှိုင်း (မီဇိုး) မျိုးနွယ်စုတို့သည် လာမည့် ရွေးကောက်ပွဲတွင် အမတ်တနေရာ ရရှိရေးအတွက် လူဦးရေ စုဆောင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်တွင် လူရှိုင်းမျိုးနွယ်စု လူကြီးများက စစ်အစိုးရထံ ကလေးခရိုင်နှင့် တမူးခရိုင်အတွင်း လူရှိုင်း မျိုးနွယ်စု အမည်ခံမြို့နယ်တခု ထားရှိပေးရန် တောင်းဆိုခဲ့ရာ စစ်အစိုးရက ဒေသတွင်း လူရှိုင်းမျိုးနွယ်စု ငါးသောင်းကျော် ရှိပါက လွတ်တော်ကိုယ်စားလှယ် တနေရာ ပေးရန် ပြောကြားခဲ့သည်ဟု လူရှိုင်းမြို့နယ် ရရှိရေး ကော်မီတီဝင် တဦးက ပြောသည်။

ထို့ကြောင့် တမူးနှင့် ကလေးမြို့နယ်အတွင်း လူရှိုင်းမျိုးနွယ်စုဦးရေ ၅ သောင်း ပြည့်မပြည့် ကောက်ခံကြပြီး အကယ်၍ ငါးသောင်းကျော် ရှိပါက လာမည့် ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ်စားလှယ်တဦး အမည် တင်သွင်းမည်ဟု သိရသည်။

“ခုလောလောဆယ် စာရင်း ကောက်ရသလောက်တော့ လူရှိုင်းမျိုးနွယ်စုတွေက နှစ်သောင်းခန့်လောက်ပဲ ရှိသေးတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

လူရှိုင်းမျိုးနွယ်စုတွေ အနေနဲ့ လာမည့် ရွေးကောက်ပွဲတွင် အမတ်တဦး တင်သွင်းမည် ကိစ္စနှင့် ပါတ်သက်ပြီး တာဟန်းမြို့တွင် ယခုနှစ်ဆန်းပိုင်းက ကျင်းပသည့် Chapcharkut ခေါ်လူရှိုင်းရိုးရာပွဲတော်တွင် မြို့နယ်ရရှိရေး ကော်မီတီခေါင်းဆောင် တဦးက လူထုထံ တရားဝင် ပြောဆိုခဲ့သည်။

သို့သော်လည်း မည်သည့် ပုဂ္ဂိုလ်ကို လူမျိုးစုလွတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခိုင်းမည်ကိုမူ ယခုချိန်ထိ ရွေးချယ်ထားခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ဒေသတွင် တီးတိန်၊ ဖလမ်း၊ ဟားခါး မျိုးနွယ်များလည်း နေထိုင်ကြရာ ၎င်းတို့ပါ အမည်စာရင်း ပေးမှသာ လူဦးရေ ငါးသောင်း ပြည့်နိုင်ဖွယ်ရှိမည်ဟု ပြောဆိုကြသည်။ သို့သော် ဒေသတွင်း ချင်းလူမျိုး မည်မျှ ရှိမည်ကို အသေးစိတပ် မသိရပါ။

လူရှိုင်းနွယ်ဝင်များသည် မြန်မာပြည်တွင်း စစ်ကိုင်းတိုင်းအပြင်၊ ချင်းပြည်နယ်၊ ရန်ကုန်မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်များတွင် နေထိုင်ကြသည်။

နအဖစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစီရင်စု ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေ ဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုညဒသမတစ်ရာခိုင်နှုန်းနှင့်အထက် ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသား လူမျိုးအသီးသီးက လူမျိုးတမျိုးလျင် တစ်ဦးကျစီ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်နိုင်သည်ဟု ဖော်ပြထားသည်။

 

 

 

 

 

Most read this week