စစ်ဆေးမှုကြောင့် လူထုအတွက် စိတ်နှောက်ယှက်

စစ်ဆေးမှုကြောင့် လူထုအတွက် စိတ်နှောက်ယှက်
by -
အောလို

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် အာဏာပိုင်များက ရွေးကောက်ပွဲ လုံခြံုရေးအတွက် အကြောင်းပြပြီး စစ်ဆေးမှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိ....

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် အာဏာပိုင်များက ရွေးကောက်ပွဲ လုံခြံုရေးအတွက် အကြောင်းပြပြီး စစ်ဆေးမှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိသောကြောင့် ဒေသခံလူထုများ အနေဖြင့် စိတ်အနှောက်အယှက် ဖြစ်စေကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။

အဖွဲ့ပေါင်းစုံ ပါ၀င်သော ရဲ၊ စစ်တပ်၊ ကြံ့ခိုင်ရေးနှင့် နယ်ထိန်းတို့သည် နေ့အချိန်ထက် ညအချိန်တွင် လမ်းဆုံ လမ်းခွများ၌ စောင့်၍ သွားလာနေကြသော ဆိုင်ကယ်များနှင့် လူများအား အစစ်အဆေးများ ပြုလုပ်နေသဖြင့် လူထုများအတွက် စိတ်နှောက်ယှက်မှု ဖြစ်စေရခြင်း ဖြစ်သည်ဟု လွိုင်ကော်မြို့ခံတဦးက ပြောသည်။

“ရွေးကောက်ပွဲ နီးလာလို့လား မသိဘူး။ ဇယားတွေ အတော်ကို ရှုပ်နေကြတယ်။ ညတိုင်းညတိုင်းပဲ။ လမ်းဆုံ လမ်းခွတွေမှာ အဖွဲ့ပေါင်းစုံက သွားလာတဲ့ လူတွေ ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး စစ်ဆေးတယ်လေ။ ကျနော် တို့လည်း အတော်စိတ်ညစ်ရတယ်။ အပြင်ကို မထွက်ချင်လောက်အောင်ပဲ” ဟု သူက ပြောသည်။

အာဏာပိုင်များသည် စစ်ဆေးမှုများ ပြုလုပ်ရာတွင် မသာင်္ကာသော လူများအား ပိုမိုစစ်ဆေးလျက်ရှိပြီး လိုင်စင်မဲ့ ဆိုင်ကယ်များကို တွေ့ရှိပါက အပြီးအပိုင် တခါတည်း သိမ်းယူသွားကြောင်း သူက ဆက်ပြောသည်။

အာဏာပိုင်များ၏ စစ်ဆေးမှုများကြောင့် လိုင်စင် မရှိသော ဆိုင်ကယ်သမား များသည် ၎င်းတို့ ဆိုင်ကယ်များကို နေအိမ်များ၌သာ သိမ်းဆည်းထားကြပြီး၊ အပြင်သို့ မသွားလာရဲကြကြောင်း ကရင်နီအမျိုးသား လူငယ် အစည်းအရုံး (ကေအဲန်ဝိုင်အို) ခေါင်းဆောင် စမ်းရှိုင်းက ပြောသည်။

၎င်းက “အဓိကတော့ လိုင်စင်မဲ့ ပိုင်ရှင်တွေကတော့ မသွားမလာရဲဘူး ပေါ့နော်။ ဆိုင်ကယ်တွေ အိမ်မှာပဲ သိမ်းထား တယ်လေ။ ၀ယ်ပြီး မသုံးရတော့ စိတ်တော့ ဘယ်ကောင်းကြမလဲ” ဟု ပြောသည်။

စစ်ဆေးမှုများ ပြုလုပ်နေသော အာဏာပိုင် အဖွဲ့ပေါင်းစုံများနက် အချို့သည် ကြားပေါက် ၀င်ငွေ ရရှိရန်အတွက် ငွေးရလမ်းကို အကြံအဖန် ဖမ်းတီးကြသည်မှာလည်း ရှိနေကြောင်း ဆိုသည်။

“ဒီကောင်တွေ ကြားပေါက် လိုအပ်နေတဲ့အတွက် တဆိတ်ကို တဆိတ်လုပ်ပြီး အကြံအဖန်တွေ လုပ်နေတာတဲ့။ ဘုရားလည်းဖူး။ လိပ်ဥလည်းတူး ဆိုသလိုပေါ့။ ခိုင်းထားတဲ့ တာဝန်ကိုလည်း လုပ်ရင်း သူတို ့အတွက် ငွေရ လမ်းကို ဖန်တီးကြတာပေါ့” ဟု စမ်းရှိုင်းက ဆက်ပြောသည်။

ငွေရရှိရန် အာဏာပိုင်များက ယခုကဲ့သို့ လုပ်ဆောင်နေသည့်အတွက် အထူးသဖြင့် လူငယ်များသည် ၎င်းကိစ္စကို မကျေမနပ် ဖြစ်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

လွိုင်ကော်မြို့တွင် အာဏာပိုင်များက တရားမဝင် ဆိုင်ကယ်များကို ယခင်လကတည်းက စတင်ဖမ်းဆီးပြီး၊ ယခင်လအတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များကို အစီးပေါင်း ၃၀ ကျော် ဖမ်းဆီးသိမ်းယူခဲ့သည်ဟု သိရသည်။