ကုလသမဂ္ဂ အနေဖြင့် မြန်မာ စစ်အစိုးရမှ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲအပေါ် အားမလို အားမရ ဖြစ်မှုများ တိုးပွားလာနေကြောင်းကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ...
ချင်းမိုင် (မဇ္စျိမ)။ ။ ကုလသမဂ္ဂ အနေဖြင့် မြန်မာ စစ်အစိုးရမှ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲအပေါ် အားမလို အားမရ ဖြစ်မှုများ တိုးပွားလာနေကြောင်းကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တနင်္လာနေ့က မှတ်ချက်ပေး ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နယူးယောက်တွင် သတင်းထောက်များအား ပြောကြားခဲ့ရာတွင် မြန်မာ စစ်အစိုးရမှ ယခု နှစ်ထဲတွင် ကျင်းပ ပြုလုပ်မည်ဟု ဆိုသည့် ရွေးကောက်ပွဲ မတိုင်မီ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရုံးမှ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေရန် အတွက် အကြံပြု တိုက်တွန်းချက်များအား မြန်မာ စစ်အစိုးရက လျစ်လျူရှုခဲ့သည်ဟု ဆိုသည်။
“ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပါအဝင် မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောကြားလိုပါတယ်။ မြန်မာ အစိုးရဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တာဝန်မကျေတဲ့ အတွက် အားမလို အားမရ ဖြစ်မိပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက နိုင်ငံတကာ သံတမန်များအား မှတ်ချက်ပေး ပြောကြားခဲ့သည်။
“အခုလို အလွန်အရေးကြီးတဲ့ အခြေအနေ အချိန်အခါမျိုးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်နေတာတွေက မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတွေ အများကြီး ဆုံးရှံုးသွားစေနိုင်ပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
မစ္စတာ ဘန်ကီမွန်းသည် ၂ဝဝ၈ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံ၏ နာဂစ်ဘေးဒဏ်သင့် ဒေသများသို့ ဘေးအန္တရာယ် ကင်းရှင်းစွာ အကူအညီပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ချီးကျူးမှှု တချို့ ရရှိခဲ့သော်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်း များ ပြေလည်ကာ နိုင်ငံရေး အဖြေတခု ရရှိလာစေရန် ကြိုးပမ်းခဲ့သည့် ၄င်း၏ ရည်ရွယ်ချက်မှာမူ မအောင်မြင်ခဲ့ပေ။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်း၏ အထူးအကြံပေးအရာရှိ အိန္ဒိယသံတမန် ဝိဂျေ နမ်ဘီယာ (Vijay Nambiar) သည် ဇွန်လက အိန္ဒိယ၊ တရုတ် နှင့် စင်ကာပူ နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟမ် ဂမ်ဘာရီ ၂ဝဝ၉ ခုနှစ် နှောင်းပိုင်း ရာထူးမှ နုတ်ထွက်သွားခဲ့စဉ် ကတည်းက ထိုရာထူးအတွက် နေရာလစ်လပ်လျက် ရှိသည်။
မစ္စတာ ဘန်ကီမွန်းသည် ထိုရာထူးတွင် ခန့်ထာရန်အတွက် ဂျပန်အဆင့်မြင့် သံတမန်တဦးကို ရှာဖွေနေသည် ဟုလည်း သြဂုတ်လ ပထမပတ်ထဲတွင် ကောလဟာလများ ထွက်ပေါ်ခဲ့သေးသည်။ ဦးနေဝင်း၏ လမ်းစဉ်ပါတီအစိုးရခေတ်၌ ဂျပန်၏ အကူအညီကို ရယူခဲ့ဖူးသည့် သမိုင်းကြောင်း ရှိခဲ့ဖူးသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်းကမူ ဂျပန်အစိုးရသည် အနောက်နိုင်ငံများ မြန်မာနိုင်ငံ အပေါ်တွင် ပိတ်ဆို့အရေးယူသကဲ့သို့လည်း မပြုလုပ်၊ အာဆီယံ နိုင်ငံများကဲ့သို့လည်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကိုလည်း မကျင့်သုံးခဲ့ပဲ ဖွ့ံဖြိုးရေး အကူအညီများပေးခြင်းဖြင့်သာ နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုခဲ့သည်။
မစ္စတာ ဂမ်ဘာရီ၏ ရာထူးအား ဆက်ခံမည့်သူသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား တာဝန်ယူ ကူညီ ဖြေရှင်းပေးရမည်ဖြစ်ပြီး ထိုရာထူးကို ဂျပန်သံတမန် တဦးဦးက ဆက်ခံသည် ဖြစ်စေ၊ အခြားနိုင်ငံမှ သံတမန် တဦးဦးက ဆက်ခံသည်ဖြစ်စေ ကုလသမဂ္ဂ၏ အခန်းကဏ္ဍနှင့် ဆောင်ရွက်နိုင်စွမ်းသည် အတူတူပင် ဖြစ်လိမ့်မည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူမှ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရုံးဟာ တယောက်ချင်းစီ လုပ်ဆောင်နေတာမျိုး မဟုတ်ပါဘူး။ နောက်ကွယ်မှာ အလုပ်လုပ်ပေးနေတဲ့သူတွေလည်း ရှိပါတယ်။ အားလုံးရဲ့ မျက်စိရှေ့မှောက်မှာချည်း အရာရာအားလုံးက ဖြစ်ပျက်နေတာ မဟုတ်ပါဘူး” ဟု ၄င်းကဆိုသည်။
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အကြားတွင် သဘောထား ကွဲလွဲမှှုများ ရှိနေဆဲဖြစ်သည်။ မြောက်အမေရိကနိုင်ငံများနှင့် ဥရောပအစိုးရများက မြန်မာစစ်အစိုးရ၏ တဘက်သတ်ဆန်သော ရွေးကောက်ပွဲ အခြေအနေများကို အပြင်းအထန် ဝေဖန်နေချိန်တွင် ဒေသတွင်း နိုင်ငံများကမူ မြန်မာ့နိုင်ငံရေး အခြေအနေ တည်ငြိမ်တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ရင်း စောင့်ကြည့်နေကြသည်။
မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှာမူ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ် ဆက်လက် ကျခံနေရဆဲ ဖြစ်ပြီး ရွေးကောက်ပွဲ ဖြစ်စဉ်မှလည်း ပ,ထုတ်ထားခြင်း ခံနေရသည်။ မြန်မာ့ အဓိက အတိုက်အခံ ပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြန်မာစစ်အာဏာပိုင် များ၏ အနှစ် နှစ်ဆယ်ကျော် နိုင်ငံရေး အငြင်းပွားမှှု ဖြစ်စဉ်သည် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံရေးဖြစ်စဉ်ကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့သည်။