ယူဒီပီ ရွေးကောက်ပွဲဝင်ဖို့ မသေချာ အန္တရာယ်လည်းကြံုရနိုင်

ယူဒီပီ ရွေးကောက်ပွဲဝင်ဖို့ မသေချာ အန္တရာယ်လည်းကြံုရနိုင်

ပြည်ထောင်စု ဒီမိုကရေစီပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရေး မသေချာသေးကြောင်း၊ ပါတီအတွက်လည်း အန္တရာယ်ရှိ...

ပြည်ထောင်စု ဒီမိုကရေစီပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရေး မသေချာသေးကြောင်း၊ ပါတီအတွက်လည်း အန္တရာယ်ရှိလာနိုင်သည်ဟု ပါတီဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ပြောဆိုလိုက်သည်။

တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဟုဆိုပြီး ကျောခိုင်းသွားခဲ့သော ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်း နေရာတွင် အစားရောက်ရှိလာသော ပါတီဥက္ကဋ္ဌသစ်က ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က မင်္ဂလာတောင်ညွန့် မြို့နယ် ရှင်အာဒိစ္စဝံသ ကျောင်းတိုက်တွင် ပြုလုပ်သော (၂၂)နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားတွင် ယင်းသို့ပြောခြင်း ဖြစ်သည်။

” ကျနော်က ပါတီမှာ ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူတာ သြဂုတ်လ ၅ ရက် နေ့ကပါ၊ ဥက္ကဋ္ဌဟောင်းနှင့်လည်း အဆက်အသွယ် မပြတ်ပါဘူး၊ ရွေးကောက်ပွဲဟာ သေချာတာတခုက တရားမျှတဖို့ မသေချာတာပဲ ဖြစ်တယ်” ဟု ဦးသိန်းဌေးက ပြောသည်။

ဦးသိန်းဌေးသည် ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ၏ ဒုတိယဥက္ကဋ္ဌ(၂) ရာထူးဖြင့် လုပ်ခဲ့သူ ဖြစ်သည်။

” ဒါပေမယ့် ကျနော်တို့ တောင်းဆိုစရာတွေကို ဆက်လက် တောင်းဆိုသွားမယ်၊ အစွမ်းကုန် လုပ်စရာရှိတာကို လုပ်သွားမှာပါ။ ဒါ့ကြောင့် ကျနော်တို့အတွက် လုံခြံုရေးတော့ အားနည်းမှာ ဖြစ်တယ်၊ အန္တရာယ်လည်း ရှိကောင်း ရှိလာနိုင်မယ်။ ဒါကြောင့်မို့ လောလောဆယ် ပါတီအနေနှင့် ရွေးကောက်ပွဲကို ဝင်မယ်မဝင်ဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး” ဟု သူက ပြောသည်။

ရွေးကောက်ပွဲ ဥပဒေများအပေါ် ဝေဖန်ပြောကြားနေလေ့ ရှိခြင်းကြောင့် ပါတီနှင့် ပါတီဝင်များကို အာဏာပိုင် များက ရန်လိုလာနိုင်ဖွယ် ရှိသည်ဟု သူက တွက်ဆထားသည်။

” ကျနော်ကတော့ ရွေးကောက်ပွဲကို မဆန့်ကျင်ပါဘူး။ ဒါပေမယ့် ဥပဒေကောင်းတွေ ရံထားတဲ့ ရွေးကောက်ပွဲ ဖြစ်ချင်တယ်" ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ပါတီတွင် ထုတ်ဝေခွင့် ကျထားသောဂျာနယ် (TheUnion ) ဂျာနယ်ကို ဆက်လက် ထုတ်ဝေသွားကာ မိမိတို့ ပြောဆိုလိုသော အရာများကိုလည်း ဂျာနယ်ကတဆင့် ပြောဆိုသွားမည် ဖြစ်ကြောင်း ပြောသည်။

အဆိုပါ ဂျာနယ်သည် ဇူလိုင်လ ၂၇ ရက်နေ့ စတင်ထုတ်ဝေကာ မြို့နယ်အချို့တွင် ဆိုင်ပေါ် တင်ရောင်းချခဲ့သည်။

ယခုတကြိမ် ထွက်မည့်ဂျာနယ်ကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်တွင် သတင်းများ ပြန့်နေ သော်လည်း ထုတ်ဝေခွင့် ရ မရ ပြည်ထောင်စု ဒီမိုကရေစီပါတီပင်  မသိသေးပေ။

ဦးရွှေအုံး နာယကအဖြစ် တာဝန်ယူနေသော ပြည်ထောင်စု ဒီမိုကရေစီ ပါတီသည် မေ၂၈ ရက်နေ့က ပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့သောပါတီ ဖြစ်သည်။

 

 

 

 

 

 

 

Most read this week