ခုခံတော်လှန်ရေးတွက် စစ်ထဲ မဝင်မနေရ မရှိဟု ကေအဲန်ပီပီပြော

ခုခံတော်လှန်ရေးတွက် စစ်ထဲ မဝင်မနေရ မရှိဟု ကေအဲန်ပီပီပြော

အမျိုးသားခုခံတော်လှန်ရေးအတွက် တိုက်ပွဲဝင်ရာတွင် မည်သူမဆို စစ်မှုထမ်းဆောင်ရမည်ဟု ထုတ်ထားသော ပေါ်လစီ မရှိ....

အမျိုးသားခုခံတော်လှန်ရေးအတွက် တိုက်ပွဲဝင်ရာတွင် မည်သူမဆို စစ်မှုထမ်းဆောင်ရမည်ဟု ထုတ်ထားသော ပေါ်လစီ မရှိကြောင်း ယနေ့ ကျရောက်သည့် ၆၂ ကြိမ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ထုတ်ဖေါ် ပြောဆိုသည်။

ကရင်နီအမျိုးသား တရပ်လုံးအတွက် ကျရောက်သည့် ၆၂ ကြိမ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေး နေ့ကို ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေအတွင်းရှိ ညာမိုတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် လာကြသော ကရင်နီတပ်မတော်များ၊ တပ်ဗိုလ်၊ တပ်မှူးများ၊ မိဘပြည်သူများ၊ ကျောင်းသူ၊သားများနှင့် မဟာမိတ်များကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(ကေအဲန်ပီပီ) အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောကြား လိုက်ခြင်း ဖြစ်သည်။

အမျိုးသားခုခံတော်လှန်ရေးကို ကရင်နီ ခေါင်းဆောင်များ၊ ရဲဘော်ရဲဖက်များနှင့် ကရင်နီအမျိုးသားများတို့က တတ်နိုင်သည့် ကဏ္ဍမှ လက်တွဲဆောင်ရွက်ကြခြင်း ဖြစ်ပြီး အမျိုးသား လွတ်မြောက်ရေးအတွက် မိမိ အသိစိတ်နှင့်မိမိ၊ ဆန္ဒအလျှောက်နှင့်မိမိ တော်လှန်ရေး၏ တာဝန်ကို ပါ၀င် ထမ်းဆောင်ကြခြင်း ဖြစ်ဟု ပြောသည်။

“ဘယ်သူမှ စစ်ထဲ မဝင်မနေရ၊ တော်လှန်ရေး မလုပ်နေရ၊ လက်နက်မကိုင် မနေရ၊ ကျနော်တို့မှာ ပေါ်လစီ မရှိဘူး။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ အခြေခံ ဥပဒေမှာလည်း မရေးထားဘူး။ ဘယ်တော့အခါမှလည်း အတင်းအကြပ် စစ်သားစုဆောင်းရေး မလုပ်ဘူး။ ဒါကြောင့်မလို့ ကျနော်တို့ ကရင်နီအမျိုးသား ခုခံ  တော်လှန်ရေးမှာ ပါ၀င်ကြတဲ့ခေါင်းဆောင်တွေ ရဲဘော်တွေ တပ်မှူးတွေဟာ သူတို့ရဲ့ စိတ်ဆန္ဒအလျှောက် အမျိုးသားရေးအတွက် အသက်ပေးဖို့အတွက် တပ်နိုင်သလောက် လုပ်ကြဖို့ လက်တွဲပါ၀င်ဆောက်ရွက်ကြတာ ဖြစ်ပါတယ်” ဟု ခူဦးရယ်က ပြောကြားသွားသည်။

ကရင်နီပြည်သည် သီးခြားလွတ်လပ်သော ပြည်တပြည်ဖြစ်ကြောင်း ကေအဲန်ပီပီ အနေဖြင့် ကြွေးကြော်ခဲ့သကဲ့သို့ ကရင်နီအမျိုးသား များမှာလည်း ခေါင်းထဲ၌ အမြဲတမ်း ထည့်ထားရန် လိုအပ်ကြောင်း၊ ကရင်နီပြည်သည် လွတ်လပ်စွာ ရပ်တည်ရန် မဖြစ်နိုင်ကြောင်း ဆိုသော်လည်း အခြားသော တိုင်းရင်းသားများနှင့် ပူးပေါင်းပြီး စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်သွားကြမည် ဆိုသည်ကိုလည်း ပြည်သူလူထုများ၏ အဆုံးအဖြတ်သာ ဖြစ်ကြောင်း ခူဦးရယ်က ပြောသည်။

၎င်းက“တကယ်လို့မျှ ကျနော်တို့ ဘာသာ လွတ်လွတ်လပ်လပ် ရတည်လို့ မဖြစ်နိုင်ဘူးဆိုရင် ကျန်တဲ့ တိုင်းရင်းသား တွေနဲ့ အစုဖွဲ့ြ့ပီးတော့ စစ်မှန်တဲ့ ဖယ်ဒ်ရယ်ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုရင်လည်း ကျနော်တို့ ၀န်မလေးဘူး။ ဒါဟာ အမျိုးသားတရပ်လုံး ဆုံးဖြတ်ရမယ့် အဆုံးအဖြတ် ဖြစ်တယ်။ ကျနော်တို့ အမျိုးသား ခုံခံတော်လှန်ရေးကနေပြီးတော့ ဆုံးဖြတ်ရမည့် အဆုံးအဖြစ် မဟုတ်ဘူးဆိုတာ အသိပေးချင်တယ်” ဟုဆက်ပြောသည်။

ကရင်နီပြည်သည် သမိုင်းကြောင်းအရ အထောက်အထားနှင့် အခိုင်အမာ ရှိထားသော သီးခြားလွတ်လပ်ခဲ့သော တိုင်းပြည်တပြည် ဖြစ်ကြောင်း ကရင်နီအမျိုးသားများအား မဟာလူမျိုးကြီးများက နိုင်ထက်စီးနင်း ပြုလုပ်သည့် အတွက် ကရင်နီအမျိုးသားများက ပြန်လည်ခုခံတော်လှန်ရခြင်းဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မဟာမိတ် ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးတပ်မတော် အတွင်းရေးမှူးက ပြောသည်။

“ကရင်နီပြည်ဟာ သမိုင်းကြောင်းအရကော ဥပဒေကြောင်းအရကော သမိုင်းအထောက်အထား အခိုင်းအမာနဲ့ကို တရားဝင် သီးခြား လွတ်လပ်ခဲ့တဲ့ တိုင်းပြည်တပြည် ဖြစ်ပါတယ်။ ကရင်နီပြည်သူတွေကနေပြီးမှ သူ့(စစ်အစိုးရ) ကျွန် မခံစိတ်ဓါတ်နဲ့ ခုံခံတော်လှန်ခဲ့တယ်။ ပြီးတော့ ကရင်နီပြည်သူတွေကနေပြီးတော့ သွေးမော်ကွန်းနဲ့ ရေးထိုးခဲ့တဲ့ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ တက်ရောက်တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသော ကရင်နီ အမျိုးသား လူငယ်အစည်းအရုံး (ကေအဲန်ဝိုင်အို) မှ အဖွဲ့ဝင် လူငယ်တဦးဖြစ်သူ မော်ဆော်မိုက “ရဲဘော်တွေကို ကျမအားပေး စကား ပြောချင်တာက ကျမတို့ လွတ်လပ်ရေး မရနိုင်သ၍တော့ တိုင်းပြည် လွတ်လပ်ရေး ရအောင်၊ နောက်ပြီးတော့ သူတို့ ဆက်လက် တိုက်ပွဲဝင်သွားနိုင်ဖို့ ကျမ အဲလို အားပေးချင်တယ်” ဟု ပြောပါသည်။

မြန်မာပြည် ဖဆပလ အစိုးရသည် ကရင်နီပြည်ကို မြန်မာပြည်နှင့် ပူးပေါင်းရန် နိုင်ငံရေးနည်းအရ စည်းရုံး ခဲ့သော်လည်း မအောင်မြင်သည့်အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေး ရရှိခဲ့အပြီး အစိုးရ ဖြစ်လာသည့် အခါ ကရင်နီပြည်ကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ဖဆပလ အစိုးရနှင့် ၎င်း၏ အပေါင်းအပါ စစ်တပ်များသည် သီးခြားလွတ်လပ်သည့် ကရင်နီပြည်ကောင်စီ ဥက္ကဌ ဦးဘီီတူရီ နေထိုင်သည့် မြလဲရွာကို ၁၉၄၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့နံနက် (၂) နာရီအချိန်တွင် ကျူးကျော် ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ဦးဘီတူရီနှင့် ရဲဘော်များက ပြန်လည် ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်နှင့် လူအင်အား မမျှခြင်းကြောင့် ကြယ်ဖိုးကြီးနယ်၊ ဖရူဆိုမြို့အထိ ဆုတ်ခွာပေးခဲ့ရပါသည်။

ထိုနေ့မှ စ၍ ဦးဘီတူရီမှ ကရင်နီအမျိုးသားတပ်မတော် တရပ်ကို ဖွဲ့စည်းထူထောင်ပြီး ကျူးကျော် ၀င်ရောက် လာသည့် ဖဆပလ အစိုးရနှင့် စစ်တပ်တို့ကို ခုခံတိုက်ခိုက်ခဲ့ရာမှ ကရင်နီတော်လှန်ရေးနေ့ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ယခု၂၀၁၀ သြဂုတ်လ ၉ ရက်နေ့ ညာမိုအမာခံတပ်စခန်းတွင် ကျင်းပပြုလုပ်သည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခန်းအနားသို့ လူဦးရေ ၁၀၀၀ ၀န်းကျင် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

 

 

 

 

 

Most read this week