မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ Central Anti Drug Squad (CADS) နှင့် မူးယစ်ဌာန Excise and narcotics staff ပူးပေါင်းပြီး မြန်မာပြည်သားတစ်ဦးထံမှ ရူပီး ရ သိန်းကျော် (ကျပ်သိန်း ၁၄၀) တန်ဖိုးရှိ ဘိန်းဖြူ ဖမ်းဆီးရမိ....
မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ Central Anti Drug Squad (CADS) နှင့် မူးယစ်ဌာန Excise and narcotics staff ပူးပေါင်းပြီး မြန်မာပြည်သားတစ်ဦးထံမှ ရူပီး ရ သိန်းကျော် (ကျပ်သိန်း ၁၄၀) တန်ဖိုးရှိ ဘိန်းဖြူ ဖမ်းဆီးရမိကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်တွင် နေထိုင်သူ မောင်တုပ်လှဲမန်း အသက် (၃၃) ဆိုသူကို အိုက်ဇောလ်မြို့ ဆရွန်းရပ်ကွက်တွင် သြဂုတ် လ ၅ ရက်နေ့က ဘိန်းဖြူ ၁၁ ဟောင်နှင့်အတူ ဖမ်းဆီး လိုက်ကြောင်း ဒေသခံထုတ် The Zozam Times သတင်းစာ ဖော်ပြချက်အရ သိရသည်။
အဖမ်းခံရသူ မောင်တုပ်လှဲမန်းသည် အိုက်ဇောလ်မြို့သို့ ရောက်ရှိလာသည်မှာ မကြာသေးကြောင်း၊ တည်ခိုးမည့် နေရာလည်း အတည်တကျ မရှိသေးသူ ဖြစ်သည်ဟု သိရသည်။ သူ့ကို အမှုတိုင်ချက်ဖွင့်ထားပြီး ဗဟိုထောင်သို့ ပို့ဆောင်လိုက်ပြီဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လပိုင်းလောက်ကစပြီး အိုက်ဇောလ်မြို့ပေါ်တွင် မူးယစ်ဆေးဝါးများ ပြန်လည်ထူပြောလာပြီး အဓိက အားဖြင့် ဘိန်းဖြူနှင့် Proxyvon ထိုးဆေးများ ပိုမိုများပြားလာသည်ဟု သိရသည်။
Proxyvon ထိုးဆေးများသည် ကုလားပြည်မဘက်မှ ၀င်ရောက်လာပြီး ဘိန်းဖြူမှာ မြန်မာနိုင်ငံဘက်မှ အဓိက ၀င်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။
ဇူလိုင်လ ၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း လက်ပံချောင်း ကျေးရွာသား မောင်နုမ်လျံထန်း ဆိုသူကို မီဇိုရမ် မူးယစ်ဆေးဝါး နှိမ်နှင်းရေးအဖွဲ့နှင့် ရဲက ပူးပေါင်ပြီး အိုင်ဇောလ်မြို့ ဘောင်းကွန် ရပ်ကွက်တွင် ကျပ်သိန်း ၉၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၃၈ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သေးသည်။
မီဇိုရမ် လူငယ်များအသင်း ၀ိုင်အမ်အေ (Young Mizo Association) မှ ဖွဲ့စည်းထားသည့် CADS အဖွဲ့က ယခု သြဂုတ်လ ပထမပတ်အတွင်း၌ အိုင်ဇောလ်မြို့ရှိ ရပ်ကွက်အသီးသီးတွင် Proxyvon အလုံးရေ ၉၉၆ လုံး ၊ ဘိန်းဖြူ ပင်နီစီလင်ပုလင်း ၃ လုံးခွဲနှင့် အရက်နီ ပုလင်း ၅၀ စသည် တို့ကိုလည်း ဖမ်းဆီးရမိထားပြီး တရာခံ ၅ ဦးကိုလည်း ရဲထံသို့ အပ်နှံနိုင်ခဲ့ကြောင်း အဆိုပါ သတင်းစာထဲတွင် ထပ်မှန်ဖော်ပြသည်။
CADS အဖွဲ့ကို ယခုနှစ် မေလ ၂၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းသည့် နေ့မှ စ၍ မနေ့အထိ မူးယစ်ဆေးဝါး အမျိုးပေါင်းစုံ ရူပီး ၄၈ သိန်းကျော် တန်ဖိုးခန့် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။