စစ်ခေါင်းဆောင်များ ခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ

စစ်ခေါင်းဆောင်များ ခရီးစဉ်ပြီးဆုံးသည့်နေ့တွင် မြဝတီမြို့၌ဗုံးတစ်လုံးပေါက်ကွဲ
by -
မင်းထက်အောင်

နေပြည်တော်မှမြန်မာစစ်အရာရှိ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော် နှင့်အဖွဲ့ ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီ ခန့်တွင် ထိုင်းနယ်စပ်မြဝတီမြို့မှ ဖားအံမြို့သို့ စစ်ယာဉ်တန်းများဖြင့် ပြန်လည်ထွက်ခွာသွားပြီး ညပိုင်း၌မြဝတီ မြို့ပေါ်တွင် ပေါက်ကွဲမှူတစ်ရပ် ဖြစ်ပေါ်....

နေပြည်တော်မှမြန်မာစစ်အရာရှိ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော် နှင့်အဖွဲ့ ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီ ခန့်တွင် ထိုင်းနယ်စပ်မြဝတီမြို့မှ ဖားအံမြို့သို့ စစ်ယာဉ်တန်းများဖြင့် ပြန်လည်ထွက်ခွာသွားပြီး ညပိုင်း၌မြဝတီ မြို့ပေါ်တွင် ပေါက်ကွဲမှူတစ်ရပ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပေါက်ကွဲမှူမှာ မြဝတီမြို့ညစျေးတန်းရှိ ဆိုင်ကယ်အပ်နှံရာနေရာ၌ ယမန်နေ့ညဒေသစံတော် (၈) နာရီခွဲခန့် အချိန်၌ဖြစ်ပေါ်ခဲ့ကြောင်း သတင်းဌာနအသီးသီးကလည်း ရေးသားဖေါ်ပြကြသည်။

ပေါက်ကွဲမှုအပြီး ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက “လူနှစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တစ်စစီ ဖြစ်သွားတယ်၊ ဦးခေါင်းတစ်လုံးက ဒူးရင်းသီးရောင်းတဲ့ဆိုင်ပေါ် ရောက်သွားပြီး လက်တစ်ဖက်ပြတ်နေတာက အိမ်တစ်အိမ်ရဲ့ ခေါင်မိုးပေါ်ရောက်နေတယ်၊ အူတွေလည်းအပိုင်းပိုင်းပြန့်ကြဲနေ” ဟု ပြောသည်။

Myawaddy_street

မြဝတီမြို့မြင်ကွင်း

ယင်းပေါက်ကွဲမှုတွင် အခြားသူအများအပြားလည်း ဒဏ်ရာရရှိကြသည့်အနက် အတွင်းလူနာ အဖြစ်(၄) ဦးကို မြဝတီမြို့၊ ပြည်သူ့ဆေးရုံတွင် ကုသထားဆဲဖြစ်သည်ဟု သိရသည်။

မြဝတီမြို့ရဲစခန်းအရာရှိတစ်ဦးက အဆိုပါသေဆုံးသူနှစ်ဦးမှာ ဖေါက်ခွဲရေးသမားများဟုယူဆရပြီး မော်တော် ဆိုင်ကယ်ကိုလည်း ဖေါက်ခွဲရေးကိရိယာအဖြစ် ဖန်တီးထားသည်ဟု ဆိုပါသည်။

ထို့အပြင် ယင်းပေါက်ကွဲမှုအပြီးအနီးအနား၌ ကျည်တောင့်အချို့အပါအဝင် (0.38) ဆုံလည်ခြောက်လုံးပြူး တစ်လက်နှင့် လက်ပစ်ဗုံးတစ်လုံးကိုလည်းတွေ့ရှိခဲ့ရာ အာဏာပိုင်များ သိမ်းဆီးခဲ့သည်။

သေဆုံးသူနှစ်ဦးမှာ ပြောက်ကျားဝတ်စုံများဝတ်ဆင်ထားကြပြီး ၄င်းတို့သည်မည်သည့်အဖွဲ့အစည်းလက်ချက် ဖြစ်ကြောင်း မြဝတီရဲများသုံးသပ်ချက်ကို ပြောဆိုရန်ငြင်းပယ်သည်။

သို့သော် “ဒီကေဘီအေအဖွဲ့ကလို့ တပ်အပ်မပြောနိုင်ပေမယ့် အခုတစ်လောနယ်ခြားအသွင်ပြောင်းလဲဖို့ စာရင်း ပေးနေရတဲ့ကိစ္စ၊ ဒီကေဘီအေ ကရင်တပ်ဖွဲ့အလံဖြုတ်ချလိုက်ရတာ၊ ဂိတ်တွေမှာအကောက်ကောက်ခွင့်မရ၊ လက်နက် ကိုင်ဆောင်ခွင့် ကန့်သတ်ပိတ်ပင်တာ ပြီးတော့နယ်ခြားစောင့်ကို လုံးဝလက်မခံနိုင်တဲ့သူ မကျေနပ် မှူတွေ အမျိုးမျိုးရှိနေတယ်” ဟု ထိုင်းနယ်စပ်စစ်ရေးစောင့်ကြည့်နေသူတစ်ဦး ယူဆပြောဆိုသည်။

နေပြည်တော်မှ ကစထမှူး ဒုဗိုလ်ချုပ်ကြီးခင်ဇော်၊ စရဖညွှန်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ ရတခတိုင်းမှူး၊ ဒုတိုင်းမှူးတို့အဖွဲ့ လွန်ခဲ့သည့်သြဂုတ်လ(၅) ရက်နေ့တွင် မြဝတီမြို့သို့လာရောက်ပြီး ကရင်အပစ်ရပ်အဖွဲ့များ တပ်အသွင်ပြောင်းလဲရေးပြုလုပ်သွားရန် အစီအစဉ်များ လာရောက်ချပြသွားသည်ဟု ဒီကေဘီအေ အရာရှိတစ်ဦး ပြောသည်။

ကရင်အပစ်ရပ်အဖွဲ့များ မြဝတီမြို့တွင် တပ်အသွင်ကူးပြောင်းရေးစာရင်းပေးသွင်းနေရာ ဗိုလ်မှူးကြီးစောချစ်သူ ဒီကေဘီအေတပ်ဖွဲ့မှ အင်အားတစ်ထောင်ကျော် စာရင်းပေးသွင်းထားပြီဖြစ်ကြောင်း နီးစပ်သူတစ်ဦးအပြောအရ သိရှိရသည်။

အဆိုပါမြန်မာစစ်အရာရှိများစစ်ယာဉ်တန်း မြဝတီမြို့သို့လာရောက်သည့်ခရီးစဉ်အတွင်း ကော့ကရိတ်မှအထွက် အောက်ဗိုလ်တဲအနီး၌ အတိုက်အခိုက်ခံလိုက်ရသည်ကို သတင်းများတွင်ဖေါ်ပြကြသည်။