ရွေးကောက်ပွဲ ကော်မရှင်မှ NUDP ပါတီအား မှတ်ပုံတင်ခွင့်ပြု

ရွေးကောက်ပွဲ ကော်မရှင်မှ NUDP ပါတီအား မှတ်ပုံတင်ခွင့်ပြု

လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP (ကယားပြည်နယ်)ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုလိုက်ပြီ....

လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP (ကယားပြည်နယ်)ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စစ်အစိုးရပိုင် မြန်မာ့ ရုပ်မြင်သံကြားက ယမန်နေ့က ကြော်ငြာလိုက်သည်။

NUDP ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများဖြင့် ညီညွတ်ကြောင်း စီစစ်တွေ့ရှိရသဖြင့် ကော်မရှင်မှ မှတ်ပုံတင်အမှတ် (၄၀) ဖြင့် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ပြုလိုက်သည်ဟု သြဂုတ်လ ၅ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြား ထုတ်လွှင့်မှု အစီအစဉ်အရ သိရှိရသည်။

NUDP ပါတီဝင်များက ပါတီတည်ထောင်ခွင့် ရရှိပြီး ဖြစ်၍ ပါတီဝင်ကြေး ၃ သိန်း သွင်းရန်နှင့် ပါတီမူဝါဒ၊ ပါတီ အလံ၊ ပါတီအမှတ်အသား တံဆိပ်ကို ကော်မရှင်ထံသို့ တင်ပြရန် ဆက်လက် ဆောင်ရွက်နေလျက် ရှိကြောင်း လွိုင်ကော်မြို့မှ ပါတီနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

NUDP ပါတီကို ဦးမီရင်မြင့်နှင့် ဦးမီရယ်ရဲအောင်တို့ ဦးဆောင်ပြီး ယခင်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းထူထောင် ခဲ့ကာ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ယခင်လ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိရန် လျှောက်လွှာ တင်ထားခဲ့ခြင်း ဖြစ်သည်။

NUDP ပါတီကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ ကယားပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးမီရယ်မြင့်နှင့် ကျောင်းဆရာ အငြိမ်းစား ဦးမီရယ် (ခ) ရဲအောင်တို့က ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ ၌ ဦးဆောင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိရန် ရွေးကောက်ပွဲ ကော်မရှင်သို့ ၂၇ ရက်နေ့တွင် လျှောက်လွှာ တင်ထားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၆ ပါတီရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၄၀ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီဖြစ်ကြောင်းနှင့် ကျန်လျှောက် ထားသည့် ပါတီများကိုလည်း စီစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။