ကရင်နီပြည်အား ကိုယ်စားပြုပါတီတခုဖြစ်နိုင်ရန် အသစ်ထူထောင်လိုက်သော ကရင်နီနိုင်ငံရေးပါတီတခုအား ပြည်နယ်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ မလိုမလား....
ကရင်နီပြည်အား ကိုယ်စားပြုပါတီတခုဖြစ်နိုင်ရန် အသစ်ထူထောင်လိုက်သော ကရင်နီနိုင်ငံရေးပါတီတခုအား ပြည်နယ်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ မလိုမလားဖြစ်နေကြောင်း သိရှိရသည်။
ကရင်နီပြည်တွင် ပြည်နယ်ကြံ့ဖွံ့အဖွဲ့မှလွဲ၍ လူထုကိုယ်စားပြုနိုင်ငံရေးပါတီများ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန်မရှိသည့်အတွက် လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP(ကယားပြည်နယ်) ကို ပြီးခဲ့သည့် ဇူလှိုင်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်လိုက်ခဲ့သည်။
NUDP ပေါ်ပေါက်လာခြင်းကြောင့် ကရင်နီပြည်တွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်နယ်ကြံ့ဖွံ့အဖွဲ့မှ မဲမနိုင်မည်ကို စိုးရိမ်နေကြရခြင်းဖြစ်သည်ဟု ကရင်နီအပစ်ရပ်အဖွဲ့မှ အရာရှိဟောင်းတဦးက ပြောသည်။
၎င်းက “အမှန်တော့ ကြံံဖွံ့က အပိုင်တွက်ထားတာပါ။ ကယားပြည်နယ်မှာ သူ့ကိုယှဉ်ပြိုင်မည့်သူ မရှိတော့ဘူးလို့ ထင်ထားတယ်လေ။ (ကလလတ ခေါင်းဆောင်) ထွန်းကျော်ကလည်း ရွေးကောက်ပွဲမဝင်ဘူးပြောတယ်။ နောက် အခု အရပ်သားပြည်သူက ပါတီထောင်တော့ သူတို့ရှုံးမယ်ဆိုတာ သိနေတယ်လေ” ဟုပြောသည်။
ဦးမီရယ်မြင့်နှင့် ဦးမီရယ်(ခ)ရဲအောင်တို့ ဦးဆောင်ဖွဲ့စည်းလိုက်သည့် NUDP ပါတီသည် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ ပါ၀င်ပတ်သက်ခြင်းနှင့် ကျောထောက်နောက်ခံပြုလုပ်မှုများ မရှိသည့်အတွက် အဆိုပါ ပါတီအား ပြည်တွင်းရှိ လူငယ်အတော်များများ စိတ်ဝင်စားနေကြကြောင်း ပါတီနှင့်နီးစပ်သူတဦးက ပြောပါသည်။
“မဖွဲ့ခင်တုံးကတောင် ကြံဖွံ့က လူကြီးတဦးစနှစ်ဦးစ လာပြောတယ်။ ဒီပါတီကို ဖွဲ့ဖို့မလိုဘူးပေါ့။ ဒါပေမဲ့ ဂရုမစိုက် ကြဘူးလေ။ အဓိက မဲဘဲ။ မဲကအဆုံးအဖြတ် ပေးလိမ့်မယ်လို့ အဖွဲ့ဝင်ပါတီအားလုံးက ယုံကြည်ထားတယ်” ဟုပြောသည်။
NUDP အသုံးပြုမည့် တံဆိပ်
ကရင်နီပြည်ပြည်နယ်အဆင့် ကြံ့ဖွံ့ဥက္ကဌမှာ ဦးကျော်ဆွေဖြစ်ပြီး မြို့နယ်၊ ကျေးရွာနှင့် ရပ်ကွက်အဆင့် ကြံ့ဖွံ့ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ကယားပြည်နယ်သားများအား ရွေးချယ်၍ခန့်အပ်ထားသည်။
“ပြည်နယ်ဆိုလည်း ပြည်နယ်အဆင့် မြို့နယ်ဆိုလည်း မြို့နယ်အဆင့်ဆင့် ၀င်ခိုင်းတာရှိတယ်။ ကိုယ့်ကယား လူမျိုးကို ၀င်လုပ်ခိုင်းတာ။ အကယ်၍ ကယားလူမျိုးက မဝင်လုပ်နိုင်ဘူးဆိုရင် သူတို့ဗမာက အရာရှိတွေနဲ့ ၀င်ခိုင်း မယ်ပေါ့။ အဲ့လိုဖြစ်တော့ ကျနော်တို့လဲ ရွေးချယ်လို့မရဘူးလေ။ မဝင်ဘဲနဲ့ဝင်ရတဲ့ အခြေအနေတွေလဲရှိတယ်။ ဒါကိုကျနော်တို့ ကရင်နီအမျိုးသားအချင်းချင်း နားလည်ဖို့လိုတယ်လို့ ကျနော်ပြောချင်တယ်” ဟု ကရင်နီ ပြည်နယ် အဆင့်ရှိ ကြံ့ဖွံ့အဖွဲ့နှင့်နီးစပ်သူတဦးက ပြောပါသည်။
NUDP ပါတီသည် ဖြစ်ပေါ်လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်နီပြည်တွင်း ကိုယ်စားပြုပါတီတခုအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည့်ပါတီဖြစ်ပြီး ယခုလောလောဆယ်တွင် နေပြည်တော်မှ ပါတီမှတ်ပုံတင်ခွင့်ပြုချက်ရရှိရန် စောင့်နေဆဲရှိသည်ဟု သိရသည်။