ဖြိုးမင်းသိန်း ရွေးကောက်ပွဲကို ကျောခိုင်း

ဖြိုးမင်းသိန်း ရွေးကောက်ပွဲကို ကျောခိုင်း

၂ဝ၁ဝ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိဟုဆိုကာ သူ မယှဉ်ပြိုင်တော့ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ယနေ့ သတင်း ထုတ်ပြန်...

၂ဝ၁ဝ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိဟုဆိုကာ သူ မယှဉ်ပြိုင်တော့ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ယနေ့ သတင်း ထုတ်ပြန် လိုက်သည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်မှုများ၊ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းမှုများ အပြင် ၎င်းတို့ လိုလားသော ပြည်သူတရပ်လုံး နိုင်ငံရေးတွင် ပါဝင်ခွင့်ရရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့် ရရှိရေး၊ နိုင်ငံရေး အင်အားစုများကို လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ပြုရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှ်ိရေး စသော လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေမည့် အချက်များ မရှိသဖြင့် ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

’’ကျနော်တို့ပါတီမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က ပါတီတွင်း အရေးပေါ်စည်းဝေးမှုတခု လုပ်ပါတယ်။ အဲဒီ အစည်းအဝေးပွဲက ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး လုပ်ခဲ့တဲ့ စည်းဝေးပွဲပါ။ ဒါပေမဲ့ အဲဒီနေ့မှာ အဖြေ မထွက် ခဲ့ပါဘူး။ ဒီနေ့မှ ထုတ်ပြန်တာပါ’’ ဟု ဦးဖြိုးမင်းသိန်းက မဇ္စျိမကို ပြောသည်။

ဦးဖြိုးမင်းသိန်းသည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုသည့်အပြင် ပါတီမှပင် နုတ်ထွက်သွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု ဒီမိုကရေစီပါတီကို မှတ်ပုံတင် အမှတ် ၂၄ ဖြင့် မှတ်ပုံတင်ခွင့် ပေးခဲ့သည်။

၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ၂ဝ၁ဝ ရွေးကောက်ပွဲသည် ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရာတွင် သမိုင်း မျက်နှာသစ် ဖွင့်လှစ်၍ တဖြည်းဖြည်း ကောင်းမွန်သော ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ပါကြောင်းနှင့် ယင်းအတွက် ရွေးကောက်ပွဲဝင်ရန် ပါတီထောင်ခြင်း ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်အတိုင်း လွှတ်တော်ခေါ်ယူကာ အာဏာလွှဲပြောင်းခြင်း မရှိသဖြင့် စင်ပြိုင် အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းသောကြောင့် ပါဝင်ပတ်သက်ခဲ့သည့် လွှတ်တော်အမတ်အချို့နှင့် နိုင်ငံရေးသမားအချို့ ထိုနှစ်ထဲတွင် ဖမ်းဆီးခံခဲ့ရသည်။ ယင်းအမှုတွဲတွင် ဦးဖြိုးမင်းသိန်းလည်း ပါဝင်ခဲ့သဖြင့် နိုင်ငံတော် ပုန်ကန်မှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။

ယင်း (ဒေါက်တာစိန်ဝင်း) အမှုတွဲဖြင့် ထောင်ဒဏ်ကျခံရသူများအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ပါက အသနားခံစာ တင်ရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ခေါင်းဆောင် ၄ ဦးကို ဇူလိုင်လ ၃ဝ ရက်နေ့တွင် ခေါ်ယူ အကြောင်းကြားခဲ့သည်။ အကယ်၍ ရွေးကောက်ပွဲကို ဝင်လိုပါက ကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ၍ အသနားခံစာ တင်လာပါက ကော်မရှင်က သုံးသပ်ပြီး အထက်ကို တင်ပြပေးမည်ဟု ပြောဆိုခဲ့သည်။

’’ကိုယ်လည်း ဒေါက်တာစိန်ဝင်း အမှုတွဲ ဖြစ်ခဲ့ဖူးတဲ့ နှစ်ရှည်ထောင်ဒဏ် ပုဒ်မတပ်ခံရတဲ့ အထဲမှာ ပါတယ်လေ။ ဒါကို အသနားခံစာ တင်ရမယ်။ ပြီးတော့ ခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို အထက်ကို တင်ပြရဦးမယ်ဆိုတာမျိုး။ ဒီအခြေအနေမျိုးမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အထက်မှာ ဘယ်သူရှိနေသေးလဲဆိုတာ မေခွန်းထုတ်စရာ ဖြစ်လာတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

phyominthein

ဖြိုးမင်းသိမ်းကို အာဇာနည်နေ့က ရွှေတိဂုံစေတီ အရှေ့မုဒ်တွင် ယင်းပါတီအဖွဲ့က အာဇာနည် ခေါင်းဆောင်တို့ကို လာရောက် ဂါရဝမပြုမီ တွေ့ရပုံ ဖြစ်သည်။

’’ကော်မရှင်ရဲ့ ၂/၂ဝ၁ဝ ညွှန်ကြားချက်က အခုမှ စတင်တည်ထောင်တဲ့ ပါတီသစ်တွေကို လုပ်ရကိုင်ရ ကျပ်စေ တယ်။ ပါတီတွေ အလှူငွေ ကောက်ခံတာမျိုး ဘယ်နေရာမှာ မလုပ်ရဘူး။ ပါတီတွေ ဆောင်ရွက်နိုင်တဲ့ အခွင့် အလမ်းတွေနဲ့ ပတ်သက်ပြီး ထောင့်ပေါင်းစုံကနေ ပိတ်ထားတဲ့ အမိန့် ဥပဒေတွေပေါ့’’ ဟု သူက ဆက်ပြော သည်။

ပါတီဥက္ကဋ္ဌ တာဝန် မယူတော့ခြင်းနှင့် ရွေးကောက်ပွဲ မဝင်တော့ခြင်းမှာ ၎င်းတဦးတည်းကိစ္စ ဖြစ်သဖြင့် ကျန်ရှိသော ပါတီဝင်များနှင့် အခြားရာထူးရှိသူများသည် လတ်တလောတွင် ပါတီ၌ ဆက်လက် ရှိနေကြမည် ဖြစ်ကာ ဥက္ကဋ္ဌရာထူးကိုမူ အခြားတဦးတယောက်ထံသို့ တာဝန်ပေးမည်ဟု သိရသည်။

(ခိုင်စု သတင်းအချက်အလက်အချို့ ပေးပို့သည်။)

 

 

 

 

 

Most read this week