မုံရွာသတ္တုမိုင်းရှိ အိုင်ဗင်ဟိုးကုမ္ပဏီ စင်္ကာပူဘဏ်မှတဆင့် အခွန်ရှောင်

မုံရွာသတ္တုမိုင်းရှိ အိုင်ဗင်ဟိုးကုမ္ပဏီ စင်္ကာပူဘဏ်မှတဆင့် အခွန်ရှောင်
by -
သောမတ်စ်မောင်ရွှေ

မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော သတ္တုမိုင်းကို လုပ်ကိုင်နေသည့် အနောက်နိုင်ငံများက နာမည်ပျက် စာရင်း သွင်းပြီး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထား....

မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော သတ္တုမိုင်းကို လုပ်ကိုင်နေသည့် အနောက်နိုင်ငံများက နာမည်ပျက် စာရင်းသွင်းပြီး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော မြန်မာအိုင်ဗင်ဟိုး ကြေးနီကုမ္ပဏီသည် စင်္ကာပူ ဘဏ်များကို အသုံးပြုကာ အဆိုပါ ပိတ်ဆို့အရေးယူမှုကို တိမ်းရှောင်နေသည်။ အငြင်းပွားဖွယ် အဆိုပါ မုံရွာသတ္တုတွင်းမှ ကြေးနီများ ရောင်းချရငွေကို ထိုသို့ လက်ခံရယူခဲ့ကြောင်း ကြေးနီအရောင်းစာချုပ် မိတ္တူတစောင်အရ သိရှိရသည်။

မုံရွာမြို့သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း အနောက်မြောက်ဘက်၊ မန္တလေးမှ ကီလိုမီတာ ၁၄ဝ အကွာ ချင်းတွင်းမြစ်ကမ်းပေါ်တွင် တည်ရှိသည်။

မဇ္ဈိမက ရရှိထားသော မုံရွာသတ္တုတွင်းမှ ထွက်ရှိသည့် ကြေးနီများကို ရောင်းချထားသည့် ၂ဝ၁ဝ ခုနှစ် ဧပြီလ နေ့စွဲပါ အရောင်းစာချုပ်အရ မြန်မာနိုင်ငံရှိ အကြီးဆုံးသတ္တုမိုင်းကို လုပ်ကိုင်နေသည့် မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီလီမိတက် (MICCL) သည် သတ္တုရောင်းရငွေများကို လက်ခံရန်အတွက် စင်္ကာပူဘဏ် စာရင်းတခုကို အသုံးပြုကာ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုများကို ရှောင်တိမ်းခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းအရောင်းစာချုပ်အရ ကြေးနီရောင်းရငွေများကို စင်္ကာပူရှိ တရုတ်ဘဏ် ကော်ပိုရေးရှင်းမှတဆင့် မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) သို့ ပေးသွင်းရသည်။ အဆိုပါ ပင်လယ်ရပ်ခြား တရုတ်ဘဏ် ကော်ပိုရေးရှင်း (OCBC) သည် (MICCL) ၏ MICB ရှိ ငွေစာရင်းတခု ဖြစ်သည်။ MICCL ကဲ့သို့ပင် MICB သည်လည်း အမေရိကန် အစိုးရက မြန်မာစစ်အစိုးရနှင့် ဆက်စပ်မှု ရှိသည်ဟု ဆိုကာ ပိတ်ဆို့အရေးယူ ထားသော ဘဏ်တခု ဖြစ်သည်။

လျှို့ဝှက် သတင်းရပ်ကွက်များကို ကိုးကားပြီး ဥပဒေရေးရာ အခွင့်အရေးကာကွယ်ရေး အန်ဂျီအိုတခု ဖြစ်သော Earth Rights International (ERI) က ယမန်နှစ်က အစီရင်ခံစာ တစောင် ပြုစု တင်ပြခဲ့ရာတွင် အဆိုပါ OCBC ဘဏ်သည် ပြင်သစ်နိုင်ငံမှ တိုတယ်လ်၊ အမေရိကန်ကုမ္ပဏီကြီးဖြစ်သော ရှယ်ဗရွန်၊ ထိုင်းနိုင်ငံ အစိုးရပိုင် PTTEP ရေနံကုမ္ပဏီများ ပါဝင်ပတ်သက်နေသည့် အမြတ်အစွန်း များလှသော ရတနာ ဓာတ်ငွေ့သိုက်မှ ရေနံနှင့် ဓာတ်ငွေ့ ရောင်းချရငွေများကို အပ်နှံ သိမ်းဆည်ထားသည့် စင်္ကာပူဘဏ် ၂ ခု အနက်မှ တခုဖြစ်ကြောင်း ရေးသားထားသည်။

မကြာမီက ပြည်ပသို့ ထွက်ပြေး ခိုလှုံလာခဲ့သော စစ်တပ် သိပ္ပံပညာရှင် တဦးဖြစ်သူ စိုင်းသိန်းဝင်း၏ အစစ်ခံ ပြောကြားချက်ကို ကိုးကား ရေးသားထားသော ERI ၏ နောက်ဆက်တွဲ အစီရင်ခံစာတွင်လည်း စစ်အစိုးရသည် တိုင်းပြည်၏ ငွေမာ ရငွေများကို စင်္ကာပူဘဏ်တွင် သိမ်းဆည်း သိုလှောင်ထားပြီး တိုင်းပြည်တွင် အပူတပြင်း လိုအပ်နေသည့် ကျန်းမာရေးနှင့် ပညာရေးတို့တွင် အသုံးမပြုဘဲ စစ်အစိုးရ အာဏာခိုင်မြဲစေမည့် ကုန်ကျစရိတ် များပြားလှသော နျူကလီးယား လက်နက် အစီအစဉ်များတွင်သာ အသုံးပြုနေပြီး မြောက်ကိုရီးယားနှင့် တရားမဝင် လက်နက်ကုန်သွယ်ရေးများလည်း ပြုလုပ်နေကာ ပြည်တွင်းနှင့် ဒေသတွင်း လုံခြံုရေး ချိန်ခွင်လျှာကို ခြိမ်းခြောက်နေသည်ဟု ရေးသားထားသည်။

ဆစ်ဒနီ မက်ကွိုင်းယားတက္ကသိုလ် စီးပွားရေးပညာရှင်နှင့် မြန်မာ့စီးပွားရေး စောင့်ကြည့်ရေးအဖွဲ့ (BEW) ၏ အယ်ဒီတာဖြစ်သော ရှောင်တားနဲလ် (Sean Turnell) ကလည်း နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားသော သူ့သုတေသန စာတမ်းတွင် သဘာဝဓာတ်ငွေ့ ရောင်းရငွေများ၊ အစိုးရပိုင်နှင့် ဖက်စပ်ပိုင် သတ္တုတွင်း စီမံကိန်းများမှ ရငွေများကို မြန်မာနိုင်ငံ အမျိုးသား ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် တမင်တကာ ပုံဖျက်ထားသော ငွေလဲနှုန်းကို အသုံးပြုကာ မပြည့်မစုံ မတိမကျ စာရင်းတင်ထားကြောင်း တွေ့ရှိရသည်ဟု ရေးသားထားသည်။

’’မြန်မာနိုင်ငံရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိရန် ငွေအားလုံးကို အလွန်အကျူး တန်ဖိုးမြှင့်ထားသော မြန်မာကျပ်ငွေ ငွေလဲနှုန်းဖြင့် တွက်ချက်ကာ စာရင်းတင်ထားတယ်။ ဒီလိုလုပ်ခြင်းရဲ့ အကျိုးရလဒ်အဖြစ် ဝင်ငွေအများစု (၉ဝ % ကျော်) ကို ပြည်သူ့ငွေစာရင်းတွေထဲမှာ မပေါ်အောင် ဖျောက်ဖျက်ထားနိုင်တယ်။
ဒီလိုနဲ့ ဒီနိုင်ငံခြားငွေတွေကို စစ်အစိုးရ ကိုယ်ပိုင်သုံးအတွက် နိုင်ငံခြားဘဏ်တွေမှာ လျှို့ဝှက်စွာ ရွှေ့ပြောင်း ကဲ့ဝှက်ထားနိုင်ခဲ့တယ်။ ခံရတာတော့ သူတို့ မတရာအုပ်ချုပ် အနိုင်ကျင့်နေတဲ့ မြန်မာပြည်သူတွေပါဘဲ။ ဒါကမ္ဘာတဝှမ်းလုံးမှာ အကြီးဆုံး နိုင်ငံတော် ခိုးဝှက်မှုကြီးရဲ့ ဥပမာတရပ်ဖြစ်ပြီး နားလည်ဖို့လည်း အလွန်ခက်ပါတယ်’’ ဟု ရှောင်တားနဲလ်က ပြောသည်။

အိုင်ဗင်ဟိုးကုမ္ပဏီ၏ လုပ်ဆောင်မှုများကို ကြာမြင့်စွာကတည်းကပင် ဝေဖန်ပြောကြားနေသူ တဦးဖြစ်သည့် ကနေဒါ မြန်မာ့မိတ်ဆွေများအဖွဲ့ (CFOB) မှ အမှုဆောင်ဒါရိုက်တာ ဦးတင်မောင်ထူးကလည်း ရှောင်တားနဲလ်၏ ထိုသို့အကဲဖြတ်ချက်အပေါ်တွင် သဘောတူညီသည်။ သူကြာမြင့်စွာကတည်းက သံသယဖြစ်ခဲ့သည့် အဆိုပါ အချက်အပေါ်တွင် သူ့အနေဖြင့် အံအားမသင့်မိကြောင်းဖြင့် ပြည်ပရောက် အတိုက်အခံ တက်ကြွလှုပ်ရှားသူနှင့် ၁၉၈၈ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် အသက်မသေ လွတ်မြောက်လာသူ ဦးတင်မောင်ထူးက ပြောသည်။

’’အခုတော့ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကနေ အိုင်ဗင်ဟိုးကုမ္ပဏီက ဒေါ်လာ သန်းပေါင်းများစွာ နိုင်ငံရပ်ခြားမှာ စစ်အစိုးရထိန်းချုပ်ထားတဲ့ ရန်ပုံငွေထဲကို ရောက်သွားတယ်ဆိုတာကို အခိုင်အမာ သက်သေပြနိုင်ပါပြီ’’ ဟု ဦးတင်မောင်ထူးက ပြောသည်။ ’’ဒီငွေတွေကို အပူတပြင်းလိုအပ်နေတဲ့ လူမှုရေးလုပ်ငန်းများမှာ အသုံးမပြုခဲ့ဘူးဆိုတာ ကျနော်တို့ သေချာပေါက် ပြောနိုင်ပါတယ်။ ဒါတွေ သုံးမယ့်အစား ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ပိုင်အသုံးစရိတ်တွေ၊ စစ်လက်နက်ပစ္စည်း အမြောက်အမြား အလျှံပယ် ဝယ်ယူမှုတွေ၊ လျှို့ဝှက်ဒုံးကျည်နဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်’’ ဟု သူက ပြောဆို သွားသည်။

အိုင်ဗင်ဟိုးနှင့် မြန်မာစစ်အစိုးရတို့ ကြေးနီသတ္တု တူးဖော်ရေးလုပ်ငန်းကို ဖက်စပ်လုပ်ငန်းအဖြစ် စတင် လုပ်ကိုင်ခဲ့သည့် ၁၉၉၈ ခုနှစ်ကတည်းက စတင်၍ မုံရွာသတ္တုတွင်းမှ ရငွေရန်ပုံငွေများကို နိုင်ငံခြားတွင် မှတ်ပုံတင်ထားသော စင်္ကာပူဘဏ်စာရင်းများထဲသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း ဦးတင်မောင်ထူး ယုံကြည်နေသည့် အချက်ကို ထောက်ခံသည့် အခြား သက်သေ အထောက်အထားများကို မဇ္ဈိမက ရရှိထားသည်။

ထိုအချိန်က အင်ဒိုချိုင်းနား ဂိုးလ်ဖီးလ်ဒ် (Indochina Goldfields) အဖြစ် တည်ရှိခဲ့သော အိုင်ဗင်ဟိုး ကုမ္ပဏီ၏ ဥက္ကဋ္ဌ Daniel Kunz ၏ ၁၉၉၉ ခုနှစ်ထဲတွင် ပြုစုရေးသားတင်ပြခဲ့သည့် အစီရင်ခံစာတွင် သူက မုံရွာမိုင်းမှ တူးဖော်ရရှိသော ကြေးနီများကို ရောင်းချရာတွင် လွယ်ကူစေရန်အတွက် MICCL သည် စင်္ကာပူဘဏ် တခုကို အသုံးပြုခဲ့ကြောင်း ရေးသားထားသည်။

စင်္ကာပူရှိ အဆိုပါ MICCL ၏ ဘဏ်စာရင်းကို အမည်ဖော်ပြထားခြင်း မရှိသော အုပ်ထိန်းရေး အဖွဲ့တခုဖြင့် ကြီးကြပ်စောင့်ရှောက်ခဲ့ကြောင်း သူက ရေးသား တင်ပြထားသည်။ ကော်လိုရာဒို သတ္တုလုပ်ငန်း ညီလာခံတွင် ၂ဝဝ၁ ခုနှစ်က တင်သွင်းခဲ့သော အစီရင်ခံစာတွင်လည်း ထိုအချက်ကိုပင် အလားတူ ထည့်သွင်း ဖော်ပြ ထားခဲ့သည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကို ရှောင်လွွှဲရန်အတွက် MICCL က စင်္ကာပူဘဏ်များကို အသုံးပြု နေသည့် အထောက်အထားကြောင့် ကနေဒါအစိုးရအနေဖြင့် အိုင်ဗင်ဟိုး သတ္တုကုမ္ပဏီ၏ မြန်မာနိုင်ငံတွင်းမှ လုပ်ငန်းများနှင့် မြန်မာနိုင်ငံတွင်းမှ အငြင်းပွားဖွယ် ထွက်ခွာသွားခဲ့ပုံများကို စုံစမ်းစစ်ဆေးသင့်သည်ဟု ဦးတင်မောင်ထူးက ပြောသည်။

သူက ’’ဒီလိုဂုဏ်သိက္ခာမရှိတဲ့ လုပ်ဆောင်မှုတွေကို အိုင်ဗင်ဟိုးသတ္တုကုမ္ပဏီက နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အိုင်ဗင်ဟိုးက အကြီးတန်းအမှုဆောင်အရာရှိတွေ၊ ဒီလူတွေထဲက တော်တော်များများဟာ MICCL ရဲ့ ဘုတ်အဖွဲ့ထဲမှာ ပါနေတဲ့သူတွေလည်း ဖြစ်တာကြောင့် အခုလို သူတို့ရဲ့ ဖက်စပ်လုပ်ငန်းဟာ ပိတ်ဆို့ဒဏ်ခတ် မှုတွေကို ရှောင်တိမ်းနေခဲ့တယ်ဆိုတာ သေချာပေါက် သိကြမှာဖြစ်ပါတယ်။ အိုင်ဗင်ဟိုးကုမ္ပဏီက ဒီလိုပြုမှု ဆောင်ရွက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။ သူတို့ ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေ၊ စီးပွားရေး အဖွဲ့အစည်းတွေရဲ့ ဥပဒေချိုးဖောက်မှုတွေကိုလည်း စုံးစမ်းစစ်ဆေး အရေးယူအပြစ်ပေးရမှာပါ’’ ဟု ပြောသည်။

ကနေဒါအစိုးရသည် မြန်မာပြည်သူများကို ထောက်ခံနေသည့်အတွက် အိုင်ဗင်ဟိုးကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေး လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း အဆိုပါ တက်ကြွလှုပ်ရှားသူက ပြောသည်။ ထို့ပြင် သူက ’’ယခုကိစ္စကို နိုင်ငံခြားရေး ဝန်ကြီး လောရင့်စ်ကင်နွန်နှင့် သူ၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ ကုန်သွယ်ရေးဝန်ကြီး ပီတာဗန်လုံး (Peter Van Loan) တို့က အမြန်ဆုံး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိမ့်မည်ဟု ကျနော်တို့ မျှော်လင့်ပါသည်’’ ဟုလည်း ဆက်လက်ပြောဆိုခဲ့သည်။

အိုင်ဗင်ဟိုး၏ `လူ့အခွင့်အရေးအပေါ် လုံးဝ အရေးမစိုက်ပုံ´ ကို ဖော်ပြသည့် သက်သေသာဓကတရပ်အနေနှင့် ထိုအချိန်က အိုင်ဗင်ဟိုးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ပြောကြားခဲ့သည်ကို သူက ’’စက်ဆုပ်ဖွယ်ကောင်းသော စစ်အစိုးရ လိုလားသည့် သဘောထားမှတ်ချက်ဟု ခေါ်ဆိုသော မှတ်ချက်တွင် `တိုင်းပြည်ထဲမှာ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးပေါင်း ၁၄၆ မျိုး ရှိတယ်။ ဒီတိုင်းရင်းသားတွေ ပြည်တွင်းစစ်ဖြစ်နေတာ ဆယ်စုနှစ် တခုပြီးတခု နှစ်ပေါင်းများစွာ ဖြစ်နေတာ။ ကံဆိုးတာက ဒီလိုခက်ခဲပွေလီတဲ့ ပြဿနာကို ကိုင်တွယ်နိုင်မယ့် အစိုးရမျိုးဆိုတာ စစ်အစိုးရပဲ ရှိတယ်’’ ဟု ပြောဆိုခဲ့သည်။

MICCL မှာ အိုင်ဗင်ဟိုးရဲ့ ၅ဝ % အစုရှယ်ယာပိုင်ဆိုင်မှုဟာလည်း အငြင်းပွားဖွယ် ဖြစ်နေဆဲ

MICCL ၏ အစုရှယ်ယာ ၅ဝ % ကို အိုင်ဗင်ဟိုးမိုင်းနှင့် ယင်း၏ အငြင်းပွားဖွယ် ဥက္ကဋ္ဌ ရောဘတ် ဖရိုက်ဒ်လင်း (Robert Friedland) တို့က တရုတ်လက်နက်ကုမ္ပဏီကြီး နိုရင်ကို (Norinco) နှင့် တရုတ်သတ္တုကုမ္ပဏီကြီး တခုဖြစ်သော ချိုင်းနားကိုးလ် (Chinacol) တို့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည့်  မြန်မာစစ်အစိုးရ၏ လက်ရင်း လူယုံများကို လျှို့ဝှက်စွာ ရောင်းချခဲ့ကြောင်း CFOB က စွပ်စွဲထားသည်။ မြန်မာနိုင်ငံတွင် လတ်တလော ပြုလုပ်ခဲ့သည့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းများအကြောင်း အတွင်းသတင်းသိရှိသူဟု ယုံကြည်စိတ်ချရသည့် သတင်းရပ်ကွက်တခုကလည်း ဤကိစ္စ ယမန်နှစ်နှောင်းပိုင်းက အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်း မဇ္ဈိမကို အတည်ပြုပြောကြားခဲ့သည်။

မုံရွာသတ္တုမိုင်းမှ ထွက်ရှိသော ကြေးနီများနှင့် လဲလှယ်သည့်အနေဖြင့် နိုရင်ကိုက စစ်အစိုးရကို ယာဉ်ဆွဲ ဟောင်ဝစ်ဇာအမြောက်များ ပေးအပ်လိမ့်မည်ဟု ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ပြီးခဲ့သော လက အသံလွှင့်သွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးတန်း အဖွဲ့ဝင် တဦးဖြစ်သော ဦးခွန်မြင့်ထွန်းကလည်း `အလွန်စိတ်ပျက်စရာကောင်းသော´ အဖြစ်အပျက်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ မုံရွာမြို့မှ အိုင်ဗင်ဟိုးကုမ္ပဏီ ထွက်ခွာသွားသည့် ကိစ္စကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပါရန် ဦးခွန်မြင့်ထွန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ကနေဒါအစိုးရကို တောင်းဆိုထားသည်။

အိုင်ဗင်ဟိုးကုမ္ပဏီက ပိုင်ဆိုင်သော MICCL ၏ အစုရှယ်ယာ ၅ဝ % ကို တကယ်တမ်း စစ်အစိုးရ၏ လူရင်း လူယုံများကို ရောင်းချခဲ့ခြင်းသော်၎င်း၊ ပေးအပ်ခဲ့ခြင်းသော်၎င်း ပြုလုပ်ခဲ့ပါက ယင်းသည် ကနေဒါအစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုများကို ဖောက်ဖျက်လိုက်ခြင်းသာ ဖြစ်သည်။ မြန်မာသံဃာတော်များ ဦးဆောင်သည့် ၂ဝဝ၇ ခုနှစ် ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်သည့်  ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များကို အထူး တလည် တင်းကျပ်ထားခဲ့သည်။

MICCL ၏ ၅ဝ % အစုရှယ်ယာများကို အိုင်ဗင်ဟိုးကုမ္ပဏီက အပြင်ပန်းအားဖြင့် `လွတ်လပ်သော အုပ်ထိန်းမှု အဖွဲ့´ ၏ ထိန်းချုပ်လမ်းညွှန်မှုအောက်တွင် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလက ထားရှိခဲ့သည်။ ဤအုပ်ထိန်းမှုအဖွဲ့ကို မြန်မာနိုင်ငံရှိ အိုင်ဗင်ဟိုးကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို ရောင်းချရန် တာဝန်ပေးအပ်ထားသည်။ မီဒီယာနှင့် လူ့အခွင့်အရေး အဖွဲ့များက ကြိမ်ဖန်များစွာ မေတ္တာရပ်ခံနေခဲ့သော်လည်း ဤအုပ်ထိန်းမှုအဖွဲ့ကို ကြီးကြပ် လုပ်ကိုင်နေသော လူပုဂ္ဂိုလ်များ၊ စီးပွားရေးအဖွဲ့အစည်းများ၏ အမည်ကို ထုတ်ဖော်ပြောကြားရန် အိုင်ဗင်ဟိုးက ငြင်းဆိုခဲ့သည်။

MICCL ၏ အိုင်ဗင်ဟိုးကုမ္ပဏီပိုင် အစုရှယ်ယာများကို  အဆိုပါ အုပ်ထိန်းမှုအဖွဲ့က ရောင်းချခဲ့သည်ဆိုသည့် သတင်းကို အိုင်ဗင်ဟိုးကုမ္ပဏီက ယင်း၏ ဝဘ်ဆိုဒ်တွင် ဇွန်လ ၃ဝ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ကာ ငြင်းဆိုခဲ့သည်။ သို့သော် အဆိုပါ အစုရှယ်ယာများ ရောင်းချခြင်း မပြုရသေးကြောင်း သက်သေပြရန်ကိုလည်း ကုမ္ပဏီက ငြင်းဆိုခဲ့သည်။

’’ဒါကိုကြည့်ရင် အိုင်ဗင်ဟိုးဟာ ကနေဒါပြည်သူလူထုကို လိမ်လည်လှည့်ဖျားနေတယ်ဆိုတာ ထင်ရှားပါတယ်။ မြန်မာပြည်မှာရှိတဲ့ အကြီးဆုံးသတ္တုတွင်းကြီးမှာ သူတို့ရဲ့ ပို််င်ဆိုင်မှု အစုရှယ်ယာတွေဘယ်လို ဖြစ်ကုန်တယ် ဆိုတာ ရိုးရိုးသားသား ဖွင့်မပြောဘူး’’ ဟု ဦးတင်မောင်ထူးက မဇ္ဈိမကို ပြောသည်။

အိုင်ဗင်ဟိုး၏ မြန်မာနိုင်ငံတွင်းရှိ လုပ်ငန်းများကို စုံစမ်းစစ်ဆေးပါရန် ဒီချုပ်က ကွိဗက်ပင်စင် ရန်ပုံငွေအဖွဲ့ကို တိုက်တွန်း

အိုင်ဗင်ဟိုးကုမ္ပဏီတွင် အစုရှယ်ယာ ရ % ပိုင်ဆိုင်ထားကာ အကြီးဆုံး အစုရှယ်ယာရှင် ၅ ဖွဲ့အနက် တခုဖြစ်သော ကွိဗက်ပင်စင် ရန်ပုံငွေအဖွဲ့ Caisse De depot ကို မြန်မာနိုင်ငံရှိ ယင်းတို့၏ ရရန်ပိုင်ခွင့်များ မည်သို့မည်ပုံ ဖြစ်ပျက်ကုန်သည်ကို အပြည့်အစုံ ထုတ်ဖော်ပြောကြားရန်အတွက် မိမိတို့၏ အစုရှယ်ယာ အများအပြား ပိုင်ဆိုင်ထားမှုကို အသုံးချကာ အိုင်ဗင်ဟိုးကုမ္ပဏီကို ဖိအားပေးပါရန် ပြည်ပရောက် ဒီချုပ်၏ ရွေးကောက်ခံအမတ်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် မဟာမိတ်တဦးဖြစ်သည့် ဦးခွန်မြင့်ထွန်းက ယခုနောက်ဆုံး အိုင်ဗင်ဟိုးကုမ္ပဏီနှင့် ပတ်သက်သည့် အချက်အလက်၊ အထောက်အထားများ ထွက်ပေါ်လာ အပြီးတွင် သူ၏ သဘောထားမှတ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

အိုင်ဗင်ဟိုး၏ မြန်မာလူမျိုး ယာဉ်မောင်းတဦးဖြစ်သူ ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရမှုနှင့် ပတ်သက်သည့် ကိစ္စကို စုံစမ်းစစ်ဆေးပါရန်လည်း သူက Caisse ကို တိုက်တွန်းခဲ့သည်။

ယာဉ်မောင်း ကိုသက်လွင်သည် သူ၏ အထက်အရာရှိဖြစ်သော အိုင်ဗင်ဟိုး၏ အကြီးတန်း ဘူမိဗေဒအရာရှိ အင်ဒရူးမစ်ချဲလ်က ခိုင်းသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို မောင်းပို့အပြီး အဖမ်းခံရကာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရေကန်နံဘေးအိမ်သို့ရောက်လျှင် အိမ်ကိုစောင့်ကြပ်နေသော စစ်သားများက ကိုသက်လွင်နှင့် မစ်ချဲလ်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဗြိတိသျှလူမျိုးဖြစ်သော မစ်ချဲလ်ကို အမြန်ပြန်လွွှတ် ပေးခဲ့ပြီး ကိုသက်လွင်မှာမူ သူ့အထက်အရာရှိက ရူးသွပ်စွာ ခိုင်းစေခဲ့မှုကြောင့် ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရ သည်ဟု သူ့ဆွေမျိုးများ၏ အပြောအရ သိရသည်။

နောက်ပိုင်းတွင် အစိုးရထုတ် မြန်မာ့အလင်းသတင်းစာက ကိုသက်လွင်သည် မူးယစ်ဆေးဝါးများ သုံးစွဲထားပြီး သူ့အထက်အရာရှိကို ပြန်ပေးဆွဲလာခဲ့သည်ဟု ရေးသားဖော်ပြခဲ့သည်။ ဤသတင်းသည် `လုံးလုံး လုပ်ကြံ ထားသော သတင်း´ သာ ဖြစ်သည်ဟု ဦးခွန်မြင့်ထွန်းက ပြောဆိုသည်။

Ivanhoe_Copper_Company

အိုင်ဗင်ဟိုး ကုမ္ပဏီက စွန့်ပစ်လိုက်သော မြေစာခဲများမှ ကြေးနီကို အနီးနားရှိ ဒေသခံများက ပြန်လည်စစ်ထုတ် ချက်ယူကြသည်။

ကိုသက်လွင်ကို ၂ဝဝ၇ နှစ်ဆန်းက အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်ဟု နောက်ဆုံးသိရှိခဲ့ရသည်။ သူကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ ဦးခွန်မြင့်ထွန်းနှင့် အခြား လူ့အခွင့်အရေးတိုက်ပွဲဝင်သူများက ကိုသက်လွင်သည် ၂ဝဝ၇ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သော ထောင်တွင်း အစုလိုက်အပြံုလိုက် သတ်ဖြတ်မှုတွင် သေဆုံးသွားခဲ့ဖွယ်ရှိသည်ဟု စိုးရိမ်ပူပန်နေကြသည်။

နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ထောင်အမိုးများ ပွင့်ထွက်သွားသည့်အခါ ထောင်လက်နက်ကိုင် အစောင့်များက ပစ်ခတ်ခဲ့သည့်အတွက် အကျဉ်းသား တဒါဇင်ကျော် အစုလိုက် အပြံုလိုက် သေဆုံးခဲ့ရသည်။

’’ဒီအိုင်ဗင်ဟိုးကုမ္ပဏီမှာ သူတို့ အစုရှယ်ယာ အများအပြား ပိုင်ဆိုင်ထားတာကို အသုံးချပြီး ကိုသက်လွင် အဖမ်းခံခဲ့ရစေတဲ့ အဖြစ်အပျက်တွေ၊ နောက်ပိုင်း သူဘာဖြစ်သွားခဲ့တယ် ဆိုတာတွေကို အိုင်ဗင်ဟိုးကုမ္ပဏီက သူတို့သိသမျှ အပြည့်အစုံ ထုတ်ဖော်ပြောကြားစေဖို့ အတင်းအကျပ် ဖိအားပေးကြပါလို့ ကွိဗက်ပြည်နယ် ဝန်ကြီးချုပ် Jean Charest၊ Caisse ၊ အမှုဆောင်အရာရှိချုပ် Michael Sabia၊ Caisse de depot မှ အခြားအုပ်ထိန်းမှုအဖွဲ့ဝင်များ (Trustees) ကို ကျနော် တိုက်တွန်းပါတယ်’’ ဟု ဦးခွန်မြင့်ထွန်းက မဇ္ဈိမကို ပြောကြားခဲ့သည်။

’’အမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရောဘတ်ဖရိုက်ဒ်လင်း ဦးဆောင်ကွပ်ကဲလုပ်ကိုင်နေတဲ့ ရက်စက်ကြမ်းကြုတ်ပြီး မူမဲ့တဲ့ အိုင်ဗင်ဟိုးကုမ္ပဏီမှာ သူတို့ ပင်ပင်ပန်းပန်း ရှာဖွေထားရတဲ့ လုပ်ခလစာတွေကို မြှုပ်နှံရင်းနှီးထား တယ်ဆိုတာသာ ကွိဗက်ပြည်သူတွေ သိသွားခဲ့ရင် အလွန်အံ့အားသင့်သွားကြမယ်ဆိုတာ ကျနော် သေချာပေါက် ပြောရဲပါတယ်’’ ဟု သူက ပြောဆိုသွားသည်။

Most read this week