တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌ ကျေးရွာပြည်သူ့စစ် မလုပ်လိုကြသည့် ပေါက်ပင်ကွင်းကျေးရွာသား (၄ဝဝ) နီးပါး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်....
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌ ကျေးရွာပြည်သူ့စစ် မလုပ်လိုကြသည့် ပေါက်ပင်ကွင်းကျေးရွာသား (၄ဝဝ) နီးပါး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့သည်ဟု ဒေသခံရွာသားများမှ ပြောပါသည်။
ရာဖူးအခြေစိုက်စစ်ဗျူဟာ၏ ညွှန်ကြားချက်အရ တပ်ရင်း (၂၈၂) နှင့် တပ်ရင်း (၂၇၃) တို့မှ ပေါက်ပင်ကွင်း ကျေးရွာတွင် တစ်အိမ်တစ်ယောက်ကျ လူစုစေကာ ကျေးရွာပြည်သူ့စစ် လုပ်ဆောင်ဖို့အတွက် ရွာသားအယောက် (၄ဝ) ဦးကို မဲနှိုက်သည့် စံနစ်ဖြင့် ကောက်ခံခဲ့ပါသည်။
ဒေသခံကျေးရွာသားများ အနေနှင့် ကျေးရွာပြည်သူ့စစ် လုပ်ဆောင်ရန် လက်မခံကြသည့်အတွက် ဒေသခံ မြန်မာ စစ်အစိုးရတပ်မှ ညှင်းပမ်းနှိပ်စက်မှုကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု ဒေသခံ ရွာသား တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ယခုလို ပြောပါသည်။
“ပေါက်ပင်ကွင်းရွာမှာ စစ်တပ်ကပေါ့။ ရွာထဲမှာ ရှိတဲ့ ရွာသားတွေထဲကနေပြီးတော့ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းဖို့ ဆိုပြီးတော့ ဒီရွေးတဲ့အခါကျတော့ တစ်ယောက်မှ မလုပ်ချင်ကျဘူးပေါ့။ လုပ်ရမယ် ဆိုတဲ့ အခါကျတော့ အတင်းမဲနှိုက်ခိုင်းတယ်ပေါ့နော်။ သူတို့ လိုချင်တဲ့ အင်အားလူအယောက် (၄ဝ) အတွက်ပေါ့။ ပေါက်တဲ့ သူက ပြည်သူ့စစ် အဖွဲ့ထဲမှာ ဝင်ရမှာပေါ့။ မဲပေါက်ပြီး ဆိုတာနဲ့ အိမ်မှာ ရှိတဲ့ ပစ္စည်းပစ္စယတွေ အကုန်လုံး သိမ်းပြီး တခါထဲ ထိုင်းနိုင်ငံထဲ ဝင်ပြေးကြတာဘဲ။ ပြေးနေကြတာတော့ တစ်ရွာလုံး လိုလိုဘဲခင်ဗျ။ အခုဆိုလို့ရှိရင် ရွာထဲမှာ လူကြီးတွေလောက်ဘဲ ကျန်တော့တယ်။ လူငယ်တွေ တော်တော်များများဟာ အကုန်လုံး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးကုန်ကြပြီး။ အားလုံးလူပေါင်း (၄ဝဝ) လောက်တော့ ရှိမယ်။ ရွာမှ ကျန်နေတဲ့ သူတွေကိုတော့ သူတို့ နှိပ်စက်တာပေါ့။ အသက်ကြီးတဲ့ လူတွေကိုတော့ ဘူတာရုံအပြင်ဘက်ကို ထုတ်ပြီး နေလှန်းခိုင်းတယ်။ မိန်းမတွေလဲ ပါတာပေါ့။ ဘုန်းကြီးတွေလဲ မဲနှိုက်ရတယ်။ မဲပေါက်ပြီး ဘာဖြစ်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးဘူး။”
ရေဖြူမြို့နယ်ဘက်တွင် ရှိသည့် ပေါက်ပင်ကွင်း နတ်ကြီးစင် အစရှိသည့် ကျေးရွာများသည် မွန်ပြည်သစ်ပါတီ ခွဲထွက်တပ်ဖွဲ့များ အမြဲတမ်းလိုလို ဝင်ထွက်သွားလာလှုပ်ရှားနေသာ ဒေသများ ဖြစ်ပါသည်။ ကျေးရွာပြည်သူ့စစ် ဖွဲ့စည်းရေး ရည်ရွယ်ချက်နှင့် ပက်သက်ပြီး စစ်ရေးလေ့လာသူ မွန်ပြည်သစ်ပါတီက အငြိမ်းစား ဗိုလ်မှူးကြီး ကောင်းရွက်မှ ယခုလို သုံးသပ်ထားပါသည်။
“ရေဖြူမြို့နယ်မှာ ဒီမွန်ပြည်သစ်ပါတီကနေ ခွဲထွက်တဲ့ အဖွဲ့တွေ ရှိတဲ့အတွက်ကြောင့် ဒီအဖွဲ့တွေကို လိုက်လံ သုတ်သင်နိုင်ဖို့ ပြည်သူ့စစ်တွေကို ဖွဲ့တယ်။ သူတို့နဲ့ ပူးပေါင်းပြီးတော့ သူတို့ရဲ့ မျက်စိနား အဖြစ်နဲ့သော်၄င်း၊ သူတို့ကို လမ်းပြအဖြစ်နဲ့သော်၄င်း သတင်းပေးတဲ့အဖြစ်သော်၄င်း အသုံးချပြီးတော့ နယ်မြေစိုးမိုးရေးနဲ့ အဲဒီလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို ပြည်သူ့စစ် မဟာဗျူဟာနဲ့ ချေမှုန်းမယ်။ နောက်စစ်အစိုးရကလဲ အတင်း ဖွဲ့စည်းမယ်ဆိုရင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဖြစ်လာမယ်။ အဲဒီဖြစ်တဲ့ ပဋိပက္ခဟာ အဓိက မြေဇာ ဖြစ်ရတာက ရွာသားတွေပေါ့။”
(၂ဝ၁ဝ) နှစ်ဆန်းပိုင်း ဖေဖေါ်ဝါရီလအတွင်း၌ ကျေးရွာပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံသည့် ရေဖြူမြို့နယ် အလယ်စခမ်းရွာသား (၄) ဦးကို ခမရ (၂၈၂) တပ်ရင်းမှ ဖမ်းဆီးခဲ့ပြီး ရွာသားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။
ရေဖြူမြို့နယ်ကျေးရွာသားအယောက် (၂ဝဝ) လောက် မွန်ပြည်သစ် ထားဝယ်ခရိုင်နောက်တန်းစခမ်းတွင် ထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု မွန်ပြည်ပါတီထားဝယ်ခရိုင်မှ ခရိုင်ကော်မီတီဝင်တစ်ဦးက ပြောပါသည်။