ကရင်နီပြည်နယ် တခုလုံး ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေးပါတီ (ကယားပြည်နယ်)အား ဖွဲ့စည်းထူထောင်....
ကရင်နီပြည်နယ် တခုလုံး ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေးပါတီ (ကယားပြည်နယ်)အား ဖွဲ့စည်းထူထောင်ကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် တောင်းဆိုထားသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထုတ်ပြန် ကြေညာချက်အရ ထုတ်ပြန်သည့် နေ့ရက်မှ စတင်၍ တည်ဆဲနိုင်ငံရေး ပါတီဟောင်းများသည် ရက်ပေါင်း ၆၀ အတွင်း ပါတီပြန်လည်မှတ်ပုံတင်ရမည် ဖြစ်ပြီး နိုင်ငံရေး ပါတီသစ် တည်ထောင်လိုသူများမှာ ရက်ပေါင်း ၉၀ အတွင်း ပါတီမှတ်ပုံတင်လျောက်ထားရမည် ဖြစ်သည်။
သို့သော် (ကယားပြည်နယ်) ပါတီသည် ယခုလအတွင်းမှ စတင်ဖွဲ့စည်းထူထောင်သော နိုင်ငံရေးပါတီသစ်တခု ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်သို့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ပါတီမှတ်ပုံတင်လျှောက်လွှာ တင်ထားသည်။
ဇူလိုင်လ ၂၈ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်စာတွင်လည်း လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွ့ံဖြိုး တိုးတက်ရေးပါတီ (ကယားပြည်နယ်)သည် ပါတီတည်ထောင်ခွင့် ရရှိရန် လာရောက်လျှောက်ထားကြောင်း၊ ယင်းပါတီကို ပါတီမှတ်ပုံတင်ခွင့် ပြု၊မပြု ဆိုသည်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ရေးသားထားသည်။
စစ်အစိုးရမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ကရင်နီပြည်နယ်တွင် မည်သည့် နိုင်ငံရေး ပါတီမှ ဖွဲ့စည်း ထူထောင်ထားသည်ကို မရှိသေးသည့်အတွက် လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီအား ဖွဲ့စည်းထူထောင် ရခြင်းနှင့် ပါတီတည်ထောင်ခွင့် ရရှိရန် လျှောက်လွှာတင်ထားရခြင်း ဖြစ်သည်ဟု ပါတီနှင့် နီးစပ်သူက ပြောသည်။
“တပြည်နယ်လုံး ကိုယ်စားပြုအဖွဲ့အနေနဲ့ ၀င်ပြိုင်ဖို့ပါ။ အခြားတော့ မသိဘူး။ အဓိကက ကိုယ့်ပြည်နယ်က ကိုယ့်လူတွေ ဖြစ်ဖို့ရယ်။ နောက်ပြီး ကိုယ့်ဒေသအတွက် တကယ် စိတ်စေတနာနဲ့ အလုပ်လုပ်ပေးတဲ့ သူကို လိုလားကြတယ်” ဟု ပါတီနှင့် နီးစပ်သူက ပြောသည်။
ကရင်နီပြည်သူလူထုများ ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ၀င်ရန် ကရင်နီပြည်နယ်မှ ဖွဲ့စည်းထူထောင်ထားသော နိုင်ငံရေးပါတီများ မရှိသည့်အတွက် အခြားသော ပြည်နယ်မှ နိုင်ငံရေးပါတီသည် လာရောက်ကိုယ်စားပြုရန် လုပ်ဆောင်နေကြသည်မှာလည်း ရှိနေသောကြောင့် ပါတီထူထောင်ရခြင်းလည်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းပါတီကို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ ကယားပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးမီရယ်မြင့် ဦးဆောင်မည် ဖြစ်ပြီး စည်းရုံးရေး အင်အား အနေဖြင့် ကန္တာရဝတီ လူငယ်အဖွဲ့ကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။
ကန္တာရဝတီ လူငယ်အဖွဲ့သည် ကယား၊ ကယော၊ ကယန်း၊ မနူး အစရှိသော လူမျိုးပေါင်းစုံ လူငယ်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တဖွဲ့ ဖြစ်သောကြောင့် ကရင်နီပြည်နယ် အတွင်းတွင် စည်းရုံးရေး ဆင်းရာမှာ လူထု ထောက်ခံမှုများ ပိုမိုရနိုင်ဖွယ်ရှိသည်ဟု သိရသည်။
လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေးပါတီသည် ကရင်နီပြည်သူလူထုအတွက် ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ပါ၀င်ယှဉ်ပြိုင်မည်ဟု ဆိုသော်လည်း အောင်မြင်မှု ရှိမှာ မဟုတ်ကြောင်း ကရင်နီပြည်နယ် နိုင်ငံရေး အခြေအနေ အပြောင်းအလဲအား လေ့လာစောင့်ကြည့်သူ လွိုင်ကော်မြို့ခံလူငယ်တဦးက သူ၏ အမြင်ကို ပြောပါသည်။
“အောင်မြင်မှုတော့ မရှိနိုင်ပါဘူး။ ဘယ်လိုလဲဆိုတော့ သူတို့ နအဖက ကြံ့ခိုင်ရေးတို့ ကြံ့ဖွ့ံကို လွတ်ထားပြီးသား။ ကြံ့ခိုင်ရေးအသင်းက သူတို့က အတိအလင်း စည်းရုံးရေးလို့ ပြောရမှာပေါ့နော့်။ လူဦးရေစာရင်း လိုက်ကောက်ပြီးမှ တခါတည်း မှတ်ပုံတင် နံပါတ်တွေ ဖြည့်ထားပြီးသား။ တအိမ်ကို တယောက်ကို တထောင်နှုန််းနဲ့ အဲဒီရွေးကောက်ပွဲ ၀င်ဖို့ အဲမျိုးလိုက်ကောက်တာ ရှိတယ် ။ တခြားရွာမှာလည်း ဒါမျိုး လိုက်တောင်းတာ ရှိတယ်လေ။ အဲဒီကြံ့ဖွံ့အဖွဲ့က ဦးဆုံး ဒါမျိုး ၀င်ပြီးမှ သူတို့ မနိုင်လည်းနိုင်တဲ့နည်းလမ်း သူတို့ လုပ်ထားပြီးသားပဲ” ဟု သူက ပြောသည်။
လူမျိုးပေါင်းစုံ စည်းလုံညီညွတ်ရေးနှင့် ဖွ့ံဖြိုးတိုးတက်ရေးပါတီ (ကယားပြည်နယ်) ဖြစ်မြောက်ရန်အတွက် ဇူလိုင်လအတွင်းတွင် ပထမအကြိမ်၌ လွိုင်ကော်မြို့ မိုင်းလုံရပ်ကွက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်၌ ဒီးမော့ဆိုမြို့ ကေထိုးဘိုး (တံခွန်တိုင်) ဓမ္မာရုံတွင်လည်းကောင်း အစည်းအဝေး ခေါ်ယူပြုလုပ်ခဲ့ကြောင်း သိရသည်။