ကချင်ပါတီသစ် UDPKS အသုံးပြုမည့် တံဆိပ်ကို ကချင်ယဉ်ကျေးမှု ကော်မတီမှ ကန့်ကွက်

ကချင်ပါတီသစ် UDPKS အသုံးပြုမည့် တံဆိပ်ကို ကချင်ယဉ်ကျေးမှု ကော်မတီမှ ကန့်ကွက်

စစ်အစိုးရမှ တရားဝင်ပါတီ တည်ထောင်ခွင့် ပြုလိုက်သည့် တစ်ခုတည်းသော ကချင်ပါတီ “စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS)” သည် ပါတီ အမှတ်တံဆိပ်ကို ကချင် မနောတိုင်ပုံအဖြစ် အသုံးပြုရန် အစိုးရသို့ လျှောက်ထား....

စစ်အစိုးရမှ တရားဝင်ပါတီ တည်ထောင်ခွင့် ပြုလိုက်သည့် တစ်ခုတည်းသော ကချင်ပါတီ “စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS)” သည် ပါတီ အမှတ်တံဆိပ်ကို ကချင်မနောတိုင်ပုံအဖြစ် အသုံးပြုရန် အစိုးရသို့ လျှောက်ထားရာ ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီမှ ကန့်ကွက်စာ တင်လိုက်သည်။

ကချင်ယဉ်ကျေးမှုဗဟိုကော်မတီမှ ဥက္ကဋ္ဌဖြစ်သူ ဦးဒူဝါ ဇုန်းတိန့်နှင့် အဖွဲ့ဝင် ရဝမ်ယဉ်ကျေးမှုမှ ခေါင်းဆောင် ဖြစ်သူ ဦးအားဖုန်တို့မှ တရားဝင်နေပြည်တော်ရှိရွေးကောက်ပွဲကော်မရှင်ထံ အဖွဲ့ကိုယ်စား ကိုယ်တိုင်ကန့်ကွက်စာ တင်ရန် ဇွန်လိုင်၂၉ ရက်နေ့တွင် နေပြည်တော်သို့သွားခဲ့သည်။

ယင်းကန့်ကွက်စာကို Fax နှင့် အရင်ပို့ထားလိုက်ပြီးဖြစ်သော်လည်း နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှ လူကိုယ်တိုင်လာရောက်ကန့်ကွက်ရန် မှာကြားလိုက်ခြင်းကြောင့် ယဉ်ကျေးမှုအဖွဲ့မှ သွားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ဒီ မနောတံဆိပ်ဟာ ကချင်လူမျိုးစုရဲ့ အမှတ်တံဆိပ်ဖြစ်နေတယ်လေ၊ ဦး ခက်ထိန်နန် ပါတီဆိုတာ ခုပြည်တောင်စု ကြံ့ခိုင်ရေးပါတီက ခွဲထွက်ပြီး ဝန်ကြီးတွေ ဖွင့်ပေးလိုက်တာဖြစ်တယ်၊ ဒါကြောင့် တသီးပုဂ္ဂိက ပါတီမှာသုံးတာ မကောင်းပါဘူးလို့ ပြည်သူတွေလည်း ပြောလာကြတယ်။ အဲဒါကြောင့် ကော်မတီက အစည်းအဝေး လုပ်လာတယ်၊ သတင်းစာကို အထောက်အထားပြပြီး အဲဒါကိုကန့်ကွက်ဖို့သွားလိုက် ကြတယ်။” ဟု ယဉ်ကျေးမှုကော်မတီမှ အမည် မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးပြောသည်။

UDPKS သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၃ ရက်နေ့တွင် လျှောက်ထားရာတွင် အစိမ်းရောင် အောက်ခံ၌ အဖြူရောင်ကြယ်သုံးလုံး အလံပုံစံနှင့် ကချင်မနောတိုင်ပုံကို တံဆိပ်အဖြစ် အသုံးပြုမည်ဖြစ်ကြောင်း တင်ပြထားသည်။

စစ်အစိုးရထိန်းချုပ်သည့် မြန်မာ့အလင်းသတင်းစာ တွင်လည်း ယင်းအဖွဲ့အစည်း အသုံးပြုမည့် ပါတီအမည် အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ကြေငြာသည့်နေ့ ဇူလိုင်၂၄ ရက်မှ (၇) ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်ကန့်ကွက်နိုင်သည်ဟု ဖော်ပြ ထားသောကြောင့် တရားဝင်ကန့်ကွက်ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုအဖွဲ့မှပြောသည်။

၎င်းတံဆိပ်သည် ကချင်လူထုတစ်ရပ်လုံးအား ကိုယ်စားပြုသည့်တံဆိပ်ဖြစ်သည်သာမက အလံသည် ကချင် တိုင်းရင်းသား အောင်ပွဲခံမနောပွဲအထိန်းအမှတ်နှင့်လည်း ဆက်နွယ်သော တံဆိပ်ဖြစ်ကြောင်း သိရသည်။

ယခုလို တံဆိပ်နှင့်အလံကိုအသုံးပြုရခြင်းအား UDPKS ပါတီအဖွဲ့ဝင်တစ်ဦးမှ “ကချင်ပြည်နယ်နှင့် ပတ်သက်လာရင်တော့ မနောတိုင်ပဲရှိတာကိုး တစ်ခြားဟာလည်းမမြင်တော့ဘူးလေ၊ ဒီမနောတိုင်က ကချင်ပြည်နယ်မှာ ဖွင့်ထားတဲ့ ပါတီ (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးရှိတဲ့ တခုမို့လို့ အမှတ်တံဆိပ် အဖြစ် ကိုင်တာဖြစ်တယ်” UDPKS ပါတီဝင် တစ်ဦးမှ ပြောသည်။

တရားဝင်ပါတီဖြစ်သော စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (ဒစက) UNITY AND DEMOCRACY PARTY OF KACHIN STATE (UDPKS) အသုံးပြုမည့် တံဆိပ်အား ကန့်ကွက်ရာ တွင် ကချင်ယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဆန္ဒတစ်ခုတည်းမဟုတ်ပဲ ကချင်ပြည်သူလူထုများဆန္ဒ လည်း ပါ၀င်ကြောင်း သိရသည်။

Most read this week