နိုင်ငံရေးပါတီ ထူထောင်ရန်မှ ကလလတ နောက်ဆုတ်

နိုင်ငံရေးပါတီ ထူထောင်ရန်မှ ကလလတ နောက်ဆုတ်
by -
နှောင်းလှိုင်

၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်နီပြည်နယ်အား ကိုယ်စားပြု၍ ပါ၀င်ယှဉ်ပြိုင်ရန် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေတပ်ဦး (ကလလတ) မှ ပြင်ဆင်ထား...

၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်နီပြည်နယ်အား ကိုယ်စားပြု၍ ပါ၀င်ယှဉ်ပြိုင်ရန် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေတပ်ဦး (ကလလတ) မှ ပြင်ဆင်ထားခဲ့သော်လည်း နိုင်ငံရေးပါတီ ထူထောင်ခြင်း မဖြစ်တော့ကြောင်း သိရသည်။

ကလလတသည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သောကြောင့် စစ်အစိုးရတပ် အလိုအလျှောက် ဖြစ်သွားသည့်အတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့် မရှိတော့ကြောင်း၊ ပါတီထူထောင်ပြီး မှတ်ပုံတင်သည့် ကိစ္စနှင့် ပတ်သက်၍ ကရင်နီပြည်နယ်ရှိ လူငယ်များလည်း မလက်ခံသည့်အတွက်ကြောင့် ဖြစ်ကြောင်း လွိုင်ေကော်မြို့မှ ကလလတနှင့် နီးစပ်သူ တဦးက ပြောသည်။

“ကလလတ လုံးဝ မှတ်ပုံမတင်တော့တာ။ သူများ သိပ်ပြီးတော့ လက်မခံနိုင်ဘူးပေါ့။ အဲဒီ မှတ်ပုံတင်ဖို့ အကြောင်းအရင်းက ကယားပြည်နယ် လူငယ်တွေ လက်မခံလို့လေ။ ကိုယ်စားပြုဖို့အတွက် လူငယ်တွေက သူတို့ ရေးဆွဲထားတဲ့ မူတွေက လူငယ်လက်မခံနိုင်ဘူးလေ” ဟု သူက ပြောသည်။

နိုင်ငံရေးပါတီ ထူထောင်ရန် ကလလတမှ ပြင်ဆင်ထားခဲ့သော်လည်း လူအရင်းအမြစ်၊ ငွေအရင်းအမြစ်နှင့် ပညာရှင်များ လိုအပ်နေသည့်အတွက် ပါတီထူထောင်ခြင်း မဖြစ်တော့ကြောင်း ကလလတမှ လူငယ် တဦးကလည်း ပြောသည်။

“ဘာဖြစ်လို့လဲဆိုတော့ သူတို့ ပါတီတခု ထောင်ဖို့အတွက်ကလည်း သူတို့ဆီမှာ လုံလောက်တဲ့ အရင်းအမြစ် တွေလည်း မရှိဘူးလေ။ အဲဒီအတွက်ကြောင့် ကျနော် ထင်တာ ပါတီ မထောင်ဖြစ်တော့တာ” ဟု ပြောသည်။

ကလလတသည် နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်ခြင်း၊ ပါတီကို ဒု-ဥက္ကဌ ဦးထွန်းကျော်က ကရင်နီပြည်နယ် ကိုယ်စားလှယ် အနေဖြင့် ရွေးကောက်ခံမှာဖြစ်ခြင်း၊ ရွေးကောက်ပွဲအတွက် ဒီးမော့ဆို၊ နန်းမယ်ခုံနှင့် မယ်စဲမြို့နယ်ရှိ အချို့ဒေသများတွင် စည်းရုံးရေးဆင်းခြင်းတို့ကို ပြင်ဆင်ထားခဲ့ သေးကြောင်း သိရသည်။

“ပါတီ ထောင်မယ်ဆိုတာကို ဆုံးဖြတ်ထားတယ်၊ ပါတီကတော့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး ပါတီပဲ၊ နာမည်မပြောင်းပါဘူး ပါတီ အလံကလည်း မပြောင်းဘူး”ဟု ကလလတ အတွင်းရေးမှူး ဦးရွှေဝါက ဧရာဝတီသတင်းဌာနသို့ ပြီးခဲ့သည့် မတ်လက ပြောကြားခဲ့သည်။

ကလလတ အဖွဲ့သည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ ထို့နောက် ယခင်နှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် တရားဝင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။

Most read this week