ရွှေတိဂုံဘုရား ဝတ္တကနယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်း ၃ ကျောင်းမှ သံဃာတော်များကို အာဏာပိုင်များက ထိန်းချုပ်ထားသော ဘုရားဂေါပက အဖွဲ့က နှင်ထုတ်...
ရွှေတိဂုံဘုရား ဝတ္တကနယ်မြေအတွင်းရှိ ဘုန်းကြီးကျောင်း ၃ ကျောင်းမှ သံဃာတော်များကို အာဏာပိုင်များက ထိန်းချုပ်ထားသော ဘုရားဂေါပက အဖွဲ့က နှင်ထုတ် ချိတ်ပိတ်လိုက်ရာ ကျောင်းတိုက်များ လူသူကင်းမဲ့ပြီး ခြောက်ကပ်လျက်ရှိသည်။
ဒေါ်လှဆင်ပိဋကတ်တိုက်၊ ရွှေဟင်္သာ ပိဋကတ်တိုက်နှင့် ညောင်တုန်း ပိဋကတ်တိုက်တို့တွင် ရဟန်းနှင့် လူ ရောနှောနေထိုင်သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် ဇွန်လ ၃ဝ ရက်နေ့ နောက်ဆုံးထားကာ ကျောင်းတိုက်မှ ထွက်ခွာသွားရန် ဂေါပကအဖွဲ့က ညွှန်ကြားခဲ့ပြီး ယခုလ ၂၅ ရက်နေ့က အပြီး ပြောင်းရွှေ့ခိုင်းလိုက်ပြီ ဖြစ်သည်။
စွပ်စွဲချက် မဟုတ်မှန်ကြောင်း သံဃာတော်များက ရွှေတိဂုံစေတီတော် ဘက်စုံပြုပြင် မွမ်းမံ တည်ဆောက်ရေး ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းထံ စာရေးသား ဖြေရှင်း ခဲ့သော်လည်း လျစ်လျူရှုခံရသဖြင့် သံဃာတော်များအားလုံး ပြောင်းရွှေ့သွားခဲ့ရသည်။
“ဘုန်းကြီးတွေ တပါးမှ မရှိတော့ဘူး။ အခု ကျောင်းကိုလည်း သော့တွေခတ်ပြီး ပိတ်ထားတယ်။ ဘယ်နေရာ တွေကို ပြောင်းသွားကြတယ်တော့ မသိဘူး။ လုံခြံုရေးတွေဘာတွေ ချထားတာမျိုးတော့ မရှိဘူး။ နှစ်ပေါင်းများစွာ နေသွားခဲ့တဲ့ ကျောင်းဆိုတော့ စိတ်ထဲမှာ မကောင်းဘူး။ ဆရာတော်တွေ ဒီမှာရှိတုန်းကတော့ ဘာပြဿနာ မှတော့ မရှိပါဘူး” ဟု ဒေါ်လှဆင် ကျောင်းအနီးတွင် နေထိုင်သူ တဦးက မဇ္စျိမကို ပြောသည်။
ကျောင်း ၃ ကျောင်းတွင် သတင်းသုံးနေသော သံဃာတော်များအနက် ဓမ္မာစရိယ ကျမ်းပြုဆရာတော် ၁၆ ပါး ပါရှိပြီး ဝါတွင်းကာလဖြစ်သည့် ယခုအခါ ကျောက်မြောင်း မင်္ဂလာသုခ ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်း သီတင်း သုံးနေရသည်ဟု စုံစမ်းသိရှိရသည်။
မဇ္ဈိမက မိတ္တူလက်ခံရရှိထားသော ဒေါ်လှဆင် ပိဋကတ်တိုက်မှ သံဃာတော်များက ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းထံ ပေးပို့ခဲ့သည့်စာ၌ ရဟန်းသံဃာများမှာ လောကီဥပဒေများအရ သော်လည်းကောင်း၊ ဗုဒ္ဓဝိနည်းတော်အရ သော်လည်းကောင်း၊ အညီအညွတ်နေထိုင် သတင်းသုံးနေထိုင်ကြပါလျက်နှင့် “နှင်ထုတ်” ခြင်းခံရသည်မှာ များစွာ စိတ်မကောင်း ဖြစ်နေကြရသည်ဟု ပါရှိသည်။
ကျောင်းတိုက်မှ ချက်ချင်းထွက်ခွာရန် ပြင်းထန်သည့် အမိန့်ချမှတ်ခံရခြင်းမှ ဗုဒ္ဓသာသနာ ရာဇဝင်တွင် အစွန်းထင်း ခံရသည်သို့ ဖြစ်နေသည်ဟုလည်း ပါရှိသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ယခုလ ၂၃ ရက်နေ့က နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများထံသို့ ကျောင်းအဖျက်ခံရပါက ထိုကျောင်းတွင် သတင်းသုံးနေကြသော ရဟန်းသံဃာများ အခက်အခဲ ဒုက္ခအမျိုးမျိုး ရောက်ရှိမည်စိုးသဖြင့် တားမြစ်ပေးပါရန် လျှောက်တင်ခဲ့ကြသေးသည်။
ရွှေတိဂုံဘုရား ဝတ္တက နယ်မြေအတွင်း၌ ရွှေပိဋကတ်တိုက်၊ ရဲပိဋကတ်တိုက်၊ ကရင်ပိဋကတ်တိုက်၊ ဒေါ်ငွေညွန့် ပိဋကတ်တိုက်၊ ဦးအုန်းခင် ပိဋကတ်တိုက်၊ ဦးစံချိန် ပိဋကတ်တိုက်နှင့် မြေစာရင်းဌာန ပိဋကတ်တိုက်တို့လည်း ရှိကြသည်။ ဒေါ်လှဆင် ပိဋကတ်ကျောင်းတိုက်ဆိုလျှင် ရ၆ နှစ်ကျော် သက်တမ်းရှိနေပြီ ဖြစ်သည်။
“ဒါဟာ အာဏာကိုသုံးပြီး အတင်းအားဓမ္မလုပ်တဲ့ ကိစ္စပါ။ အာဏာပိုင်တွေအနေနဲ့ လူပုဂ္ဂိုလ်တွေကိုတောင် ဒီလိုမျိုး မလုပ်သင့်တဲ့ ကိစ္စ၊ အခု ဘုရားသားတော် ရဟန်းသံဃာတွေကို မောင်းထုတ်နေပြီ။ ဒီကာလဟာ ဝါတွင်းကာလဆိုတာ ဗုဒ္ဓဘာသာတိုင်း သိနေကြပေမယ်လို့ သူတို့က ဒါတွေ ဂရုမစိုက်ပါဘူး။ အခု ဒီကိုယ်တော်တွေ ဝါတွင်းကာလမှာ ဒုက္ခရောက်ကြရတော့မှာပါ” ဟု ရွှေတိဂုံဘုရားကုန်းမြေတွင် ကျန်ရှိနေသည့် ပိဋကတ်တိုက်မှ ဆရာတော်တပါးက မဇ္စျိမကို မိန့်သည်။
ရွှေတိဂုံဂေါပက အဖွဲ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ဖြေကြားသွားမည်ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို တုံ့ပြန်သည်။
“ပြောင်းခိုင်းတာကို မပြောင်းရင်တော့ တနည်းနည်းနဲ့ ပြောင်းခိုင်းရမှာပေါ့၊ သူတို့ကို သိန်း ၃ဝ လည်း ပေးပြီးပြီလေ။ အခုတော့ လူတွေပါနေလာကြတာဆိုတော့ ခက်နေတယ်။ အမြင်မတင့်တာတွေ ဖြစ်လာတယ်။ လူတွေက ဒါကို မမြင်ဘူး” ဟု ဂေါပက တဦးက မဇ္စျိမကိုပြောသည်။
ဂေါပကက ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ၏ လှုံ့ဆော်တင်ပြမှု ဖြစ်သည်ဟုလည်း ပြစ်တင် ပြောဆိုသည်။
“သူတို့က ဒီကျောင်းတွေကို ၂ဝဝ၇ ခုနှစ်ကတည်းက လူစုလူဝေးလုပ်တယ်။ နိုင်ငံရေးနဲ့ မကင်းဘူးဆိုပြီး မောင်းထုတ်ဖို့ ပြင်နေတာလေ။ ပူပူနွေးနွေး လုပ်လိုက်ရင် ပြဿနာပိုတက်မှာစိုးလို့ သူတို့မလုပ်တာ” ဟု အခင်းဖြစ်ပွားသော ကျောင်းတိုက်များအနီး သီတင်းသုံးနေထိုင်သော သံဃာတော်တပါးက မိန့်ဆိုသည်။
ထိုကျောင်းများ ပိတ်သိမ်းခံရသည့်အခါ ရဟန်းသံဃာများပါမက ၎င်းကျောင်းများသို့ အမှီပြုနေထိုင်ကြသူများ ဖြစ်သည့် လူပုဂ္ဂိုလ်များပါ ပါဝင်ပြီး ထိုသူများပါ ရုတ်ချည်းဆင်းပေးခဲ့ရသည်။