နာဂစ်တစ္ဆေ

နာဂစ်တစ္ဆေ
by -
မေမိုး

ဓနိပင်တွေ အစီအရီပေါက်နေတဲ့ ချောင်းနံဘေးက နေပြောက်ကျဲကျဲထိုးနေတဲ့ သစ်ပင်အောက်မှာ ခေါင်းငုံံ့ရင်း သူ ဖြေးညင်းစွာ ပြော...

ဓနိပင်တွေ အစီအရီပေါက်နေတဲ့ ချောင်းနံဘေးက နေပြောက်ကျဲကျဲထိုးနေတဲ့ သစ်ပင်အောက်မှာ ခေါင်းငုံံ့ရင်း သူ ဖြေးညင်းစွာ ပြောလိုက်တယ်။

“ကျနော့့်ဘေးမှာ ကြိုးတချောင်း အမြဲဆောင်ထားတယ်”။ ပြီးတော့ သူ့စကားရဲ့အဓိပ္ပာယ်ကို နားမလည်မှာ စိုးတာကြောင့် ခေါင်းမော့လာပြီးမှ “ကြိုးရှိရင် တခုခုဆိုရင် ခိုင်ခံ့တဲ့ အရာတခုခုနဲ့ ကပ်ချည်ထားလိုက်ရင် တော်ရုံတန်ရုံ ဘာမှဖြစ်မယ် မထင်ဘူးလေ” လို့ ဆက်ပြောပါတယ်။

နာဂစ်မုန်တိုင်းအတွင်းက ဇနီးနဲ့ ကလေးနှစ်ယောက် အပါအဝင် ဆွေမျိုးတွေ ဆုံးရှုံးခဲ့ရတဲ့ ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် ကြက်ပြေးကျေးရွာနေသူ ကိုညွှန့်ဝင်းဟာ နောက်တခါများ ဆိုင်ကလုံးမုန်တိုင်း ကြံုရပြန်ရင် ဆိုတဲ့ အတွေးနဲ့ ပြင်ဆင်ထားတာကို ပြောပြတာ ဖြစ်ပါတယ်။

nargis

အသက် ၄ဝ လို့သာ ဆိုပေမယ့် စွပ်ကျယ်ချိုင်းပြတ် ဝတ်ဆင်ထားတဲ့ ပိန်ပိန်ပါးပါး၊ အသားခပ်ညိုညို ကိုညွန့်ဝင်းဟာ ပိုမိုရင့်ရော်နေဟန်က အတိုင်းသား၊ သူ့လက်မောင်းရင်းမှာ နာဂစ်တုန်းက ကျောင်းတိုင်လုံးကို ဖက်ထားရင်း ရတဲ့ ခြစ်ရာတွေက မြင်နေရဆဲ။

ကိုညွန့်ဝင်းတယောက်ထဲတော့ မဟုတ်ပါဘူး။ မုန်တိုင်းခြောက်လှန့်နေပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကယ်၍များ မုန်တိုင်းဖြစ်လာရင် ဘယ်လိုရင်ဆိုင်မယ်ဆိုတာအတွက် ပြင်ဆင်သူတွေ ရှိပါသေးတယ်။

“ကျမကတော့ အိမ်သားတွေ အားလုံးအတွက် ရေပုံးတွေ ဝယ်ပေးထားတယ်” လို့ု နှာနှစ်ပေါက်ကျေးရွာမှ ဒေါ်စန်းက ဆိုပါတယ်။ ရေပုံးတွေကို အသက်ကယ်ဘောအဖြစ် အသုံးပြုမယ့် အစီအစဉ်ကို ရှင်းပြပါတယ်။

လူ ၁ သိန်း ၄ သောင်းနီးပါး သေဆုံးခဲ့ရတဲ့ နာဂစ်တိုက်အပြီး ၂ နှစ်ကျော်အကြာမှာ  နောင်အလားတူ မုန်တိုင်းအတွက် လုံလောက်တဲ့ ကြိုတင်ကာကွယ် ပြင်ဆင်ထားမှုတွေကို အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တွေက လုပ်သင့်သလောက် လုပ်မထားဘူးလို့ ဒေသခံတွေက စွပ်စွဲနေပြီး မုန်တိုင်း အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။

“အထက်က ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘာညွှန်ကြားချက်မှ မထုတ်ပြန်ထားပါဘူး။ တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလိုပဲ သတိထားပြီး မိုးလေဝသသတင်းကို ဂရုစိုက်ပြီး နားထောင်နေပါတယ်။ မိုးတွင်း ဝင်ခါနီးတာနဲ့ ကိုယ့်အသိနဲ့ကိုယ်ပဲ ဂွထောက်တာတို့ ၊ အဖီဆွဲတာတို့၊ ကျားကန်တာတို့ လုပ်ကြတယ်” လို့ ဒညင်းဖြူရွာလူကြီး တဦးက ပြောပါတယ်။

မိုးလေဝသဌာနအနေနဲ့တော့ မုန်တိုင်းအန္တရာယ်ကို အမြဲစောင့်ကြည့်ပြီး သတင်းထုတ်ပြန်ပေးရုံ အဆင့်ပဲ လုပ်ပေး နိုင်မှာ ဖြစ်ပြီး ကြိုတင်ကာကွယ်ရေးနဲ့ အရေးပေါ်ကိစ္စရပ်တွေကတော့ အစိုးရရဲ့ အချိန်မီ စီမံခန့်ခွဲမှုတွေ အပေါ်မှာပဲ မူတည်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုပါတယ်။

“မြန်မာနိုင်ငံမှာက risk map လုပ်တဲ့ အလေ့အကျင့် အရမ်းနဲတယ်။ အဲဒါကို နိုင်ငံခြားက ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ လုပ်ရမယ်။ဒါမှ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ နေရာမှာ ပိုထိရောက်မယ်” လို့ သူက ပြောပါတယ်။

Japan Emergency ဂျပန် အင်န်ဂျီအို JEN ဆိုတဲ့ အဖွဲ့တဖွဲ့ကတော့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် စောင့်ရှောက်ရေး သင်တန်းကို ဘိုကလေးမြို့နယ်အတွင်း တရွာကို ၄ ရက် လာပေးတယ်လို့ ဒေသခံယောက်က ပြောဆိုပါတယ်။

nargis1

“သင်တန်း ၄ ရက် လာပေးတယ်။ အရင်က ဘာမှမသိတာထက်စာရင် အခုတော့ ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်ဆိုတာ သဘောပေါက်လာတယ်။ မိုးလေဝသနဲ့ ပတ်သက်ပြီးလည်း အမြင်ပိုကျယ်လာတယ်။ ဗဟုသုတ တွေလည်း ရလာပါတယ်” လို့ ဗျက်ကွဲကြီးကျေးရွာမှ ကိုထွန်းမင်းလတ်က ပြောပါတယ်။

မေလ ၂ ရက်နဲ့ ၃ ရက်၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ကျရောက်စဉ်အခါက အသက်ရှင် ကျန်ရစ်ခဲ့သူ တချို့ဟာ သစ်ပင်တွေကို ဖက်တွယ်ထားခဲ့တာကြောင့် ဖြစ်ပါတယ်။

“ကျနော်ကတော့ အကြောင်းရှိရင် သစ်ပင်ကြီးကြီးကိုပဲ ရှာထားတယ်။ မနှစ်ကဆို သစ်ပင်ကြီးတွေပေါ်မှာ ငြမ်းဆင် ထားသေးတယ်” လို့ ညောင်သာရွာမှ ရာအိမ်မှူး ဦးရွှေလုံးက ဆိုပါတယ်။         

ဗျက်ကွဲကြီးကျေးရွာမှ ကိုထွန်းမင်းလတ်က “အရင်ကလို သစ်ပင်ကို အလွယ်တကူ မခုတ်တော့ဘူး။ အခုဆို သွားရင်းလာရင်းနဲ့ ဘယ်သစ်ပင် ခိုင်လဲဆိုတာ ကြည့်ထားတယ်” လို့ ပြောပါတယ်။

အနာဂတ် ဆိုင်ကလုံးအန္တရာယ်နဲ့ ပတ်သက်ပြီး  မုန်တိုင်းဒဏ်ခံ အဆောက်အအုံတွေ (cyclone shelter) ကို တည်ဆောက်ရာမှာ အဆောက်အဦးပေါင်း ၃၅၆ လုံးရှိုပြီဖြစ်ပြီး အစိုးရက ကြီးကြပ်တည်ဆောက်တာ အလုံး ၂ဝ ဖြစ်ကြောင်း ကုလသမဂ္ဂ ပြန်လည် နေရာချထားရေး ပရိုဂရမ် UN-HABITAT အရ သိရပါတယ်။

အဲဒီအဆောက်အဦးတွေမှာ မုန်တိုင်းဒဏ်ခံ အဆောက်အဦး သီးသန့်တင်မကဘဲ စာသင်ကျောင်းတွေ၊  အများပြည်သူ ဆိုင်ရာ အဆောက်အဦးတွေ၊ ကျန်းမာရေးဆေးပေးခန်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကို မုန်တိုင်းဒဏ် ခံနိုင်အောင်် ဆောက်လုပ်ထားတယ်လို့ သူက ဆိုပါတယ်။

nargis2

“မုန်တိုင်းဒဏ်ခံ အဆောက်အဦးတွေ တည်ဆောက်ရာမှာ လူဦးရေထူထပ်တဲ့ ရွာတွေအကြားနဲ့ သွားရေးလာရေး လွယ်ကူစေတဲ့ နေရာတွေကို ရွေးချယ်ပြီး တည်ဆောက်သင့်တယ်။ ဖြစ်နိုင်ရင်တော့ အထဲမှာ ရေ၊ မီး၊ အိမ်သာနဲ့ ထမင်းခြောက်၊ မုန့်ခြောက်တွေကို အရံသင့် စုဆောင်းထားဖို့လိုတယ်” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်လညး်ဖြစ်၊ FREDA (Forest Resource Environment Development and Conservation Association) ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဦးအုန်းက ပြောဆိုပါတယ်။

သီးသန့် ဆိုင်ကလုံးဒဏ်ခံ အဆောက်အဦး ၂ဝ ထဲက ၁၉  ခုဟာ နှစ်ထပ်အဆောက်အဦးဖြစ်ပြီး လူ ၅ဝဝ ခိုလှုံနိုင်ဖို့ ဖြစ်ပါတယ်။ တခုကတော့ လူ ၃ဝဝ ဆန့် တထပ်အဆောက်အဦးပါ။

“ကျမကတော့ အဲဒါကြီးပေါ်ကို တက်ဖို့ကို ကြောက်တယ်။ နာဂစ်တုန်းက ကျောင်းဆောင်ထဲ ဝင်ပြေးတဲ့သူတွေ အကုန်လုံး  ပိပြီး သေကုန်တာ ကြားထားတော့ အပြင်မှာနေရင်တောင် လွတ်ဦးမယ်။ အဲဒါကြောင့် မခံရင် ဘယ်လိုလုပ်မလဲဆိုပြီး တွေးမိတယ်။ တခုခုဆို စောစောသိရင်တော့ မြို့ကိုပဲ ပြေးမယ်။ မလွတ်လောက်ဘူးဆိုမှပဲ သွားမယ်” လို့ မုန်တိုင်းခို အဆောက်အဦးနဲ့ ပတ်သက်ပြီး ဗျက်ကွဲကြီးကျေးရွာမှ မကြင်ဝေက ပြောပါတယ်။

နာဂစ်နဲ့ ပမာဏတူ မုန်တိုင်းသာ နောက်ထပ်လာခဲ့ရင် လက်ရှိမုန်တိုင်းခို အဆောက်အဦး အရေအတွက်နဲ့ လူဦးရေ အချိုးအစားတို့ မမျှဘူးလို့ ဦးအုန်းကတော့ ပြောပါတယ်။

“shelter အရေအတွက်နဲ့ လက်ရှိလူဦးရေ အချိုးအဆဟာ မမျှပါဘူး။ အနဲဆုံး တရွာ တလုံး မရှိရင်တောင် ဧရာဝတီတတိုင်းလုံးမှာ အလုံးရေ ၁ဝဝဝ လောက်တော့ ရှိသင့်တယ်။ ဒါ့အပြင် ဧရာဝတီမှ မဟုတ်ဘူး၊ ကမ်းရိုးတန်းရှိတဲ့ ဒေသတိုင်းမှာ ရှိသင့်တယ်” လို့ သူက သုံးသပ်ပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးစနစ် (Early Warning System) ဟာလည်း အလွန်အရေးတယ်လို့ ဦးအုန်းက ဖြည့်စွက်ပြောကြားပါတယ်။

“မိုးလေဝသဌာနဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်တာကြောင့် မုန်တိုင်းသတင်းကို တတ်နိုင်သမျှ အစောဆုံးဖြစ်အောင် ထုတ်ပြန်သင့်တယ်။ ပြည်သူတွေဆီမှာလည်း ရေဒီယို အဆင်သင့်ရှိဖို့လည်း လိုတယ်။ ချီလီမှာဆိုရင် ကျောင်းသူမလေးတယောက် ခေါင်းလောင်းလှုပ်လိုက်လို့ တရွာလုံး အသက်ဘေးက လွတ်သွားဖူးတယ်။ ဒါဟာ early warning system ကောင်းလို့ ဖြစ်တယ်။ ဒါကြောင့် ရွာသားတွေ ကိုယ်တိုင်မှာလည်း အရေးအကြောင်းဆို ဆော်သြဖို့ မောင်းတို့၊ တုံးတို့ အဆင်သင့်ထားဖို့ လိုတယ်” လို့ သူက ပြောပါတယ်။

မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေက ၂၄ နာရီ တာဝန်ယူပြီး ဒေသခံတွေကို မိုးလေဝသ သတင်းအချက်အလက်တွေ ပေးပို့နေကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ ဘေးဒုက္ခ စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မိုးလေဝသသတင်းတွေကို နေပြည်တော် မိုးလေဝသဌာနကနေ နေ့စဉ်ဖက်စ်နဲ့ ပေးပို့ပါတယ်။ ထူးခြားတာနဲ့ နယ်တွေကို သတင်းပို့ပေးပါတယ်။ အဝတ်အထည်၊ အိုးခွက်၊ တူ၊လွှ စတဲ့ကယ်ဆယ်ရေး ပစ္စည်းတွေကိုလည်း အရန်သင့် ထားထားပါတယ်” လို့ သူက ဆိုပါတယ်။ အဲဒီအရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေကို မြို့ကြီးတွေရှိ သိုလှောင်ရုံတွေမှာ အိမ်ထောင်စု ၅ဝဝ အတွက် အရန်သင့်ထားရှိပြီး သိုလှောင်ရုံငယ်တွေမှာတော့ အိမ်ထောင်စု ၂ဝဝ အတွက်အဆင်သင့် ထားရှိတယ်လို့ သူက ဆက်ပြောပါတယ်။

nargis3

“ကြိုတင်မကြားခဲ့ရလို့ သေကုန်တာပေါ့။ မုန်တိုင်းလာမယ်ပဲ ပြောတာ။ လေဘယ်လောက်တိုက်မယ်၊ ရေဘယ်လောက်တက်မယ်ဆိုတာသာ သိရင် ကြိုပြေးလို့ ရတာပေါ့။ အသက်အန္တရာယ် ရှိတယ်ဆိုတာ ကြိုတင်သတိပေးသင့်တာပေါ့။ အဲဒါဆိုရင် ကြိုတင်ရှောင်ရှားလို့ ရတာပေါ့” လို့ နှာနှစ်ပေါက်ကျေးရွာမှ ဒေါ်စန်းက ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်း အတွေ့အကြံုနဲ့ ပတ်သက်ပြီး ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနအနေနဲ့ ရာသီအခြေအနေကို ၂၄ နာရီ စောင့်ကြည့်နေပြီး မုန်တိုင်း ဝင်ရောက် နိုင်ခြေ ရှိမရှိကို ၄၈ နာရီအတွင်း ထုတ်ပြန်ကြေညာသွားမယ်လို့ု ယင်းဌာနမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

နေပြည်တော် မိုးလေဝသမှ ဖက်စ်နဲ့ ပေးပို့တဲ့ မိုးလေဝသသတင်းတွေကို နေ့စဉ် တနာရီကို ၄ ကြိမ်နှုန်းနဲ့ ကြေညာ ပေးနေပြီး မုန်တိုင်းသတင်းကိုတော့ သီချင်းတပုဒ်ပြီးတိုင်း တကြိမ်ထုတ်လွှင့်ကြေညာပေးမှာ ဖြစ်တယ်လို့ City FM အသံလွှင့်ဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုးလေဝသသတင်းတွေကို နေပြည်တော် မိုးလေဝသဌာနမှ ထုတ်ပြန်ချက်တွေအပြင် အိန္ဒိယမှ ဝဘ်ဆိုဒ်တွေမှ ထုတ်လွှင့်တဲ့ မိုးလေဝသသတင်းတွေကို နေ့စဉ် အဆက်မပြတ်ကြည့်ကာ ဧရာဝတီတိုင်းရှိ ကျေးရွာတွေဆီ မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ပေးကြောင်း အင်န်ဂျီအိုအဖြစ် လျှောက်ထားဆဲ အဖွဲ့တဖွဲ့က ဆိုပါတယ်။

မိုးလေဝသဌာနမှ မုန်တိုင်းမဖြစ်မီ ၄၈ နာရီအတွင်း ထုတ်ပြန်ပေးမယ်လို့ ဆိုပေမယ့် ဒေသခံတွေအားလုံး ဘေးလွတ်ရာ အချိန်မီ ရွှေ့ပြောင်းနိုင်ဖို့ဆိုတာ လုံလောက်တဲ့ အချိန်မရှိကြောင်း အင်န်ဂျီအို အဖွဲ့တဖွဲ့က ဆိုပါတယ်။

“၄၈ နာရီဆိုတာ ကိုယ်ပိုင်စက်လှေရှိတဲ့ သူအတွက်တော့ ပြေးလို့ လွတ်နိုင်ခြေရှိပေမယ့် မရှိဆင်းရဲသားတွေ အတွက်တော့ အဆင်မပြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ စက်လှေနဲ့ဆို ပင်လယ်ဝကနေ ဘိုကလေးကို ၈ နာရီကြာအောင် မောင်းရတယ်။ အင်န်ဂျီအိုတွေအနေနဲ့လည်း သူတို့မှာရှိတဲ့ စက်လှေအရေအတွက်နဲ့ အားလုံးကို ကယ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး”  လို့ အန်ဂျီအို ဦးဆောင်သူတဦးက ပြောပါတယ်။

မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်မှု အားနည်းနေသေးတာကြောင့် ဒေသခံတွေအကြားမှာ စိုးရိမ် ကြောင့်ကြမှုတွေ မြင့်တက်နေပါတယ်။

“ထမင်းစားပြီး သေမယ့်နေ့ကို ထိုင်စောင့်နေရသလိုပဲ။ သမီးငယ်လေးကဆို လေမိုးတိုက်လာပြီဆိုရင် ကြောက်တယ် ဆိုပြီး ပြေးလာတယ်။ နာဂစ်တုန်းက သူက လသားလေးပဲ ရှိသေးပေမယ့် သူတော်တော် လန့်သွားလို့သာ အခုလို ကြောက်နေတာလေ။ အခုချိန်ထိ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်သေးဘူး” လို့ ဘိုကလေးမြို့နယ် ဗျက်ကွဲကြီးကျေးရွာမှ မခင်နုက ပြောဆိုပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ သဘာဝသစ်တောတွေနဲ့ ဒီရေတောတွေကလည်း  သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်တဲ့ ရေကြီးခြင်း၊ မြေပြိုခြင်း၊ လေပြင်းမုန်တိုင်း ကျရောက်ခြင်းတို့ကို ကာကွယ်ရာမှာလည်း အရေးပါပါတယ်။ ဒီရေတောတွေဟာ လေမုန်တိုင်းကျတဲ့အခါ လေတိုက်စားခြင်းတွေကြောင့် ပြိုပျက်ခြင်းတွေကို ကာကွယ် ပေးနိုင်ပြီး ပင်လယ်လှိုင်းတွေနဲ့ မုန်တိုင်းတွေကို အရှိန်လျော့ပါးစေပါတယ်။ ပြီးခဲ့တဲ့ နာဂစ်ဆိုက်ကလုံးမှာ ဒီရေတောများစွာ ပျက်စီးသွားမှုကြောင့် နောင်လာမယ့် မုန်တိုင်းအတွက် အကာအကွယ်ပေးနိုင်မှု နည်းပါးမယ်လို့ ဒီရေတောစိုက်ပျိုးရေးကို နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ သဘာဝပတ်ဝန်းကျင် သိပ္ပံပညာရှင်တယောက်က ဆိုပါတယ်။

“ဧရာဝတီတိုင်းရဲ့ လက်ရှိ ဒီရေတောပမာဏဟာ အရင်ပမာဏထက် အများဆုံး ၁၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ နာဂစ်လိုမျိုး နောက်မုန်တိုင်းသာ ထပ်လာခဲ့ရင် လုံလောက်တဲ့ ကာကွယ်မှုကို ပေးနိုင်မှာ မဟုတ်ပါဘူး” လို့ သူက ရှင်းပြပါတယ်။ မုန်တိုင်းအန္တရာယ် ကာကွယ်ရာမှာ ဒီရေတောတွေရဲ့ အရေးပါမှုမှာလည်း တစိတ်တပိုင်း ဖြစ်တာကြောင့် နိမ့်တဲ့ ဒေသတွေမှာ ဒီရေတောတွေ ပိုမိုစိုက်ပျိုးသင့်ကြောင်းနဲ့ သစ်တောတွေ သိပ်သည်းမှုဟာ ရေလှိုင်းဒဏ်ကို ၅ဝ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း သူက ဆက်ရှင်းပြပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းကတော့ သဘာဝ ဒီရေတောတွေရဲ့ ဒီရေတောအပြင် လေကာတန်းတွေကိုလည်း စိုက်ပျိုးသင့်ကြောင်း တိုက်တွန်းပြောဆိုပါတယ်။

“နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သစ်ပင်သစ်တောတွေအတွက် အနည်းဆုံး ၅ နှစ်ကနေ ၁ဝ နှစ်အထိ အချိန်ယူပြီး လုပ်ဆောင်ရမှာ ဖြစ်တယ် ” ဟု ဦးအုန်းက ဆိုပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနကမှ တာဝန်ရှိသူတွေကတော့ အနာဂတ် မုန်တိုင်းတွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေအကြောင်းကို မေးမြန်းဖို့ ကြိုးစားရာမှာ လက်ခံတွေ့ဆုံခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦအုန်းကတော့ ဆိုင်ကလုံးခို အဆောက်အဦးတွေ ရှိလာတာ၊ လူတွေလည်း ရာသီဥတု မုန်တိုင်းနဲ့ ပတ်သက်ပြီး အသိတရားတွေ တိုးများလာတာကြောင့်  နောက်တကြိမ် မုန်တိုင်းဝင်ရောက်ပါက သေဆုံးနိုင်ခြေ ပမာဏမှာ ယခင်ကလောက် မဖြစ်နိုင်ဘူးလို့ အကောင်းဘက်က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၇၈ ခုနှစ်နောက်ပိုင်း မိုးကြိုကာလနဲ့ မိုးလွန်ကာလ တိုးလာမှုကြောင့် အဲဒီကာလတွေကို အမှီပြုပြီး ဖြစ်ပေါ်တဲ့ မုန်တိုင်းအရေအတွက် များလာပြီး မုန်တိုင်းဝင်တဲ့ လမ်းကြောင်းလည်း ပြောင်းလဲ လာကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုပါတယ်။

“ဧပြီလနဲ့ မေလတွေဟာ မုန်တိုင်းဖြစ်ပေါ်လေ့ရှိတဲ့ ကာလတွေဖြစ်ပေမယ့် နာဂစ်ဝင်တဲ့ လမ်းကြောင်းကတော့ သမားရိုးကျ မဟုတ်ဘူး။ ဒါဟာ မြန်မာနိုင်ငံမှာ လေကြောင်းပြောင်းလဲ တိုက်ခတ်လာမှုနဲ့ အပူချိန် မြင့်တက် လာမှုတွေရဲ့ အကျိုးဆက် ဖြစ်တယ်။ ဒါကြောင့် မုန်တိုင်းဝင်တဲ့ လမ်းကြောင်းလည်း ပြောင်းလဲလာတယ်။ အရင်က ရခိုင်ကမ်ရိုးတန်းမှာ မုန်တိုင်းဖြစ်တာ များပေမယ့် အခုတော့ မြစ်ဝကျွန်းပေါ်မှာလည်း အချိန်မရွေး မုန်တိုင်း ထပ်မံဝင်ရောက်နိုင်တယ်” လို့ အနာဂတ်မုန်တိုင်း ဝင်ရောက်နိုင်ခြေနဲ့ ပတ်သက်ပြီး ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

ဧပြီလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၄၆ ရာခိုင်နှုန်းဟာ မြန်မာပြည်ကို ဝင်နိုင်တယ်။ ကျန်တဲ့ ၅၄ ရာခိုင်နှုန်းဟာ အိမ်နီးချင်း ၃ နိုင်ငံကို ဝင်နိုင်တယ်။ ဒါကြောင့် မုန်တိုင်းဝင်ရောက်နိုင်ခြေမှာ နှစ်စဉ် သတိထား နေရမှာ ဖြစ်ကြောင်း ဦးထွန်းလွင်က ဆက်ရှင်းပြပါတယ။်

လွန်ခဲ့တဲ့ နှစ် ၆ဝ အတွင်းမှာ မြန်မာနိုင်ငံဟာ ဆိုးရွားတဲ့ ဆိုင်ကလုံး ၁၁ ခု ကြံုခဲ့ရပြီး အဲဒီထဲက ၂ ခုကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို တိုက်ခတ်ခဲ့တာပါ။

အနာဂတ်တွေမှာ မုန်တိုင်းဝင်ရောက်နိုင်ခြေ ရှိတယ်လို့ ပညာရှင်တွေက သုံးသပ်ထားပေမယ့် ကြိုတင် ပြင်ဆင်မှုတွေ အားနဲလှတာကြောင့် မြစ်ကျွန်းပေါ် ဒေသခံပြည်သူတွေရဲ့ မိုးတွင်းကာလဟာ ခြောက်ခြားစရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နာဂစ်မှာ ဇနီး၊ သားသမီး ၂ ဦးနဲ့ ဆွေမျိုးများစွာကို ဆုံးရှုံုးခဲ့ရတဲ့ ကြက်ပြေး ကျေးရွာက ကိုညွန့်ဝင်းကိုတော့ အနာဂတ်မုန်တိုင်းတွေက ထူးထူးခြားခြား မခြိမ်းခြောက်နိုင်တော့ပါဘူး။

“မနှစ်က မုန်တိုင်းဝင်မယ်ဆိုပြီး ရွာက လူတွေ ထက်ဝက်ကျော်လောက် မြို့ပေါ်ထွက်ပြေးကြသေးတယ်။ ကျနော်် ကတော့ ဘာမုန်တိုင်းပဲလာလာ ဘယ်မှမပြေးတော့ဘူး။ ပြေးစရာလည်း လှေမရှိဘူး” လို့ ကိုညွန့်ဝင်းက ပြောရင်း ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်ပါတော့တယ်။

Most read this week