စစ်တပ် စခန်းတခုအား ကရင်နီ တပ်မတော် သိမ်းဆည်း

စစ်တပ် စခန်းတခုအား ကရင်နီ တပ်မတော် သိမ်းဆည်း

ကရင်နီပြည် အလယ်ပိုင်း ဒေသတွင် အခြေစိုက်ထားသော စစ်အစိုးရတပ် စခန်းတခုအား ကရင်နီတပ်မှ ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ် ၃ ဦး သေဆုံးပြီး စခန်းအား မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ကရင်နီ တပ်မတော်မှ ယနေ့နံနက်တွင် အတည်ပြု ...

ကရင်နီပြည် အလယ်ပိုင်းဒေသတွင် အခြေစိုက်ထားသော စစ်အစိုးရတပ် စခန်းတခုအား ကရင်နီတပ်မှ ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ် ၃ ဦး သေဆုံးပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကရင်နီတပ်မတော်မှ ယနေ့နံနက်တွင် အတည်ပြုပြောကြားသည်။

“စခန်း တက်သိမ်းတဲ့ တိုက်ပွဲ ဖြစ်တယ်။ တပ်အင်အားက (စစ်တပ်ဘက်) တပ်စု တစုပေါ့။ အနည်းဆုံး ဆယ်ဦးလောက် ရှိတာပေါ့။ အဲမှာ အလောင်း ၃ လောင်း ရတယ်။ လက်နက်တွေ လည်း ရတယ်။ စခန်းကို သိမ်းပြီးတော့ တပ်ကို မီးရှို့လိုက်တယ်” ဟု ကရင်နီတပ်မတော် အရာရှိတဦးက ပြောသည်။

ကရင်နီတပ်မတော် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ မှ ဗိုလ်ဖဲဘူးနှင့် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ မှ ဗိုလ်ကြီး ဖိုးကလားတို့ ဦးစီးပြီး ဇူလိုင်လ ၁၄ ရက်နေ့ နံနက်တွင် အလယ်ပိုင်းဂွင် ဘောလခဲ ဒေသတွင်းရှိ စောလိုကျေးရွာ အနီးတွင် အခြေစိုက်ထားသော ခမရ ၄၃၀ တပ်အား ၀င်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် ကရင်နီတပ်မတော်ဘက်မှ စစ်တပ်အလောင်း ၃ လောင်း အပါအဝင် MA-1နှစ်လက်၊ MA-2 တစ်လက်၊ MA-4 တစ်လက်၊ ကျဉ်ဘောက် ၁၆ ချပ်၊ အီကွင်းမင်း ၃ စုံနှင့် ကျောပိုးအိပ် ၃ လုံး သိမ်ဆည်းရမိသည်ဟု ဆိုသည်။

“ကရင်နီတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာ ရတာတွေ ဘာမှ မရှိဘူးလို့ ပြောတယ်။ အခု တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာ အနီးမှာ ရှိတဲ့ ဒေသခံရွာတွေ၊ ရွာသားတွေပေါ့။ သူတို့ရဲ့ အခြေအနေက ဘယ်လိုရှိနေလဲဆိုတာလည်း မသိရသေးပါဘူး” ဟု ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွ့ံဖြိုးရေးပင်မဌာနမှ သတင်းတာဝန်ခံ တဦးက ပြောပါသည်။

ယခုလဆန်းပိုင်း ၂ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ် ပါးလောင်းကျေးရွာ အနီးတွင် ကရင်နီတပ်ဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှု ကြောင့် စစ်အစိုးရတပ် ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာမှုလည်း ရှိနေကြောင်း သိရပါသည်။

Most read this week