မဲဆောက်ရှိ မြန်မာစာသင်ကျောင်း ထမင်းစားဆောင်ပြိုကျ ၊ ၅ဦး ဒဏ်ရာပြင်းထန်

မဲဆောက်ရှိ မြန်မာစာသင်ကျောင်း ထမင်းစားဆောင်ပြိုကျ ၊ ၅ဦး ဒဏ်ရာပြင်းထန်
by -
ဇော်ကြီး
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နှင့်လေးမိုင်ခန့်အကွာရှိ မြန်မာကလေးငယ်များ ပညာသင်ကြားနေသည့် မယ်ပ အထက်တန်းကျောင်း ထမင်းစားဆောင်ပြိုကျခဲ့ပြီး ကလေးများအပါအဝင် ငါးဦးခန့်ပြင်းထန်စွာ ဒဏ်ရာရ....

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နှင့်လေးမိုင်ခန့်အကွာရှိ မြန်မာကလေးငယ်များ ပညာသင်ကြားနေသည့် မယ်ပ အထက်တန်းကျောင်း ထမင်းစားဆောင်ပြိုကျခဲ့ပြီး ကလေးများအပါအဝင် ငါးဦးခန့်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

နေ့လည်ထမင်းစားချိန်တွင် ကျောင်းသူကျောင်းသားများ ထမင်းဟင်း တက်ယူရာ အလေးချိန် မခံနိုင်သည့်အ တွက် ပြိုကျခြင်းဖြစ်သည်ဟု ကျောင်းဆရာမ ဒေါ်စီစီက ယခုလိုပြောသည်။

“ဒဏ်ရာပြင်းထန်တာကတော့ လေးငါးယောက်လောက်ရှိတယ်။ မျက်လုံးဒဏ်ရာရတယ်။ ခြေထောက်၊ ခါး၊ ပြီးတော့ တကိုယ်လုံး ရေနွေးပူ လောင်တဲ့ဟာတွေလည်းရှိတယ်။”

ယင်းပြိုကျမှုကြောင့် ဆရာမငါးဦးခန့်နှင့် ကျောင်းသူ၊ ကျောင်းသား နှစ်ဆယ်ကျော် ဒဏ်ရာရရှိသည်ဟု ဆရာမက ဆက်ပြောသည်။

ဒဏ်ရာပြင်းထန်သည့် ကလေးများအား မဲဆောက်ရှိ မယ်တော်ဆေးခန်းသို့ ပို့ဆောင်၍ ဆေးကုသ ပေးခဲ့ပြီး ဒဏ် ရာအနည်းငယ်ရသူများအား နေ့လည်ပိုင်းတွင် မိဘများထံ ပြန်ပို့ပေးခဲ့သည်ဟု သိရသည်။

ယင်းကျောင်းမှာ ထိုင်းလူမျိုးတစ်ဦး၏ အိမ်ကို ငှားရမ်းအသုံးပြုထားခြင်းဖြစ်ပြီး ပြုပြင်ရန် လိုအပ်နေသော်လည်း အိမ်ရှင်က မပြင်ပေးသည့်အတွက် ပြိုကျခြင်းဖြစ်သည်ဟု ကျောင်းအုပ်ဆရာကြီး ဦးဌေးလှိုင်က ပြောသည်။

ထိုကျောင်းအား လွန်ခဲ့သည့် ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦ သက်တမ်းနှစ်ပေါင်း ၃၀ ကျော်ပြီဟုသိရကြောင်း ဆရာကြီးက ဆက်ပြောသည်။

အိမ်ရှင်ဖြစ်သူက ပျက်စီးသွားသည့် ထမင်းစားဆောင်အား မနက်ဖြန်လာရောက်ပြုပြင်ပေးမည်ဟု ပြောဆိုသည်။

မယ်ပ အထက်တန်းကျောင်းသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအတွက် အခမဲ့ ဖွင့်လှစ် ပေးထားပြီး ကျောင်းသူ ကျောင်းသား ၃၄၅ ဦး တက်ရောက် ပညာသင်ကြားနေသည်။

တာ့ခ် ခရိုင်အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမား၏ ကလေးများအတွက်ဖွင့်လှစ်ပေးထားသည့် စာသင်ကျောင်း ၆၁ ကျောင်းရှိပြီး ကျောင်းသူ ကျောင်းသားပေါင်း တစ်သိန်းကျော် ရှိသည်ဟု သိရသည်။

Most read this week