သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တရုတ်လျှပ်စစ်မီးဖြတ်တောက်၍ ရွှေလီရေအားလျှပ်စစ်မီး အစားထိုးပြီးနောက်ပိုင်း ပုဂ္ဂလိက ကန်ထရိုက် စနစ်ဖြင့် မီတာကြေးက တပြည်လုံးထက် နှစ်ဆပိုမို ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။
“မီးဖိုးပေးရမှမီတာက ပုဂ္ဂလိကပိုင်ဆိုတာ သိရတယ်။ တပြည်လုံးမီတာခထက် နှစ်ဆပိုတယ်။ စျေးနှုန်းကကြီးပြီးမီးကလဲ ပုံမှန်မရ။ အဆင်မပြေဘူး” ဟု နမ့်ခမ်းဒေသခံတစ်ဦးကပြောပါသည်။
ဒေသခံများအဖို့ တစ်ယူနစ်ကို ကျပ် ၁၂၀ ပေးရသဖြင့် တပြည်လုံးမီတာခထက် နှစ်ဆပိုနေကြောင်း၊ တရုတ်နိုင်ငံမှ လျှပ်စစ်မီးသုံးစွဲစဉ်က တစ်ယူနစ် ကျပ် ၃၀၀ နှင့်ညီမျှသော တရုတ်ယွမ်ငွေ ၁.၄ ယွမ်မှ ၁.၆ ယွမ်အထိပေး ရသော်လည်း မီးပုံမှန်ရသဖြင့် လုပ်ငန်းအဆင်ပြေ ချောမွေ့ကြောင်း၊ ယခုမှာမူ မီးပုံမှန်မရသည့်အတွက် လုပ်ငန်း ကြံ့ကြာပြီးစိတ်အနှောင့် အယှက်ဖြစ်ရကြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောပြပါသည်။
“မီတာခစျေးကြီးလွန်းလို့ ပြည်သူတွေ ညည်းထွားနေကြတယ်။ ဦးစံညွှန့်က အရာရှိတွေနဲ့သိကျွမ်းတော့ ဒေသခံ အာဏာပိုင်တွေကိုလာဘ်ပေးပြီး လုပ်စားနေတာလို့ အများကထင်ကြတယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။
“ပုဂ္ဂလိကပိုင်ဖြစ်သွားတာက အထက်ကိုစာတင်လို့ နေပြည်တော်ကခွင့်ပြုတာလား။ ဒေသခံအာဏာပိုင်တွေကို လာဘ်ပေးပြီး နားလည်မှုနဲ့ ကန်ထရိုက် ဆွဲနေသလားဆိုတာ သေသေချာချာမသိရဘူး” ဟု မြို့ခံတစ်ဦးကပြောပါသည်။
နမ့်ခမ်းမြို့ လျှပ်စစ်မီးပေးဝေရေးစနစ် ကန်ထရိုက်ရရှိထားသူသုံးဦးအစုရှယ်ယာရှင်များမှာ ကောင်းနောင်မိုရပ်ကွက်နေ လျှပ်စစ်မှူး ကချင် အမျိုးသား ဦးမွန်းအောင်စေ(၅၈နှစ်)၊ စာရေးတန်းရပ်ကွက်နေ အရံမီးသတ်ဥက္ကဋ္ဌ ဦးစိုင်းစံညွှန့် (၅၉နှစ်)နှင့် ကောင်းနောင်မိုရပ်ကွက်နေ အပေါင်ဆိုင်ပိုင်ရှင် တရုတ်အမျိုးသား ဦးစိန်ဝင်းတို့ဖြစ်ကြသည်။
အရံမီးသတ်ဥက္ကဋ္ဌ ဦးစံညွှန့်သည် နောင်ခန်ရွာတွင်အသတ်ခံရသူ နမ့်ခမ်းကြံ့ခိုင်ရေးအသင်း ဥက္ကဋ္ဌစိုင်းကျော်မြင့်၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သည့် အပြင် မယကဥက္ကဋ္ဌ ဦးကိုကိုအောင်၊ ဗိုလ်ကြီးဦးလှဝင်း(ရဲ)နှင့် အခြားအရာရှိများနှင့် ၀င်ဆန့်သူဖြစ်ကြောင်း ဒေသခံများပြောကြားချက်အရ သိရှိရသည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်တတ်ကျေးရွှာအနီး ရွှေလီရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်မီးကို ယခုနှစ် ဧပြီလဆန်းပိုင်းက မူစယ် နမ့်ခမ်းဒေသ၌ စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။