ထိုင်းနှင့် ကရင်နီပြည် နယ်စပ်လမ်းကြောင်း တခုမှ ကောက်ခံရရှိသော အခွန်တော်များအား မြန်မာစစ်အစိုးရထံ မရောက်ရှိသဖြင့် အကန့်အသတ် မရှိ ပိတ်ထားမည်ဟု သိရသည်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုက်ရိုက်အမိန့်နဲ့ ပိတ်ခိုင်းလိုက်တယ်လို့ ကြားတယ်။ ၁၄ ဂိတ်မှာ ထိုင်းဘက်က ၀င်လာတဲ့ ကုန်ပစ္စည်းတွေရော၊ မြန်မာဘက်က ထွက်တဲ့ ပစ္စည်းတွေရော လုံးဝအဝင်အထွက် မပြုရလို့ အမိန့် ထုတ်ထားလိုက်တယ်။ ဆပ်ပြာတုံး တတုံးကအစ ၀င်လာလို့မ ရဘူးလို့ ပြောထားတယ်” ဟု မယ်စူရင်း အခြေစိုက် ထိုင်းစစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်မှ ကရင်နီပြည်တွင်းသို့ တပါတ်နွမ်းကားများနှင့် အခြားသော ကုန်ပစ္စည်းများ နေ့စဉ် တင်သွင်းနေသည့် နယ်စပ်အမှတ် ၁၄ သို့ ပြီးခဲ့သည့် ဇွန်လလယ်လောက်က နေပြည်တော်မှ အထူးစုံစမ်းရေးတပ်များ စေလွတ်ပြီးနောက် ယခုလို လမ်းပိတ်ပင် လိုက်သည့် သတင်းများ ထွက်ပေါ်လာပါသည်။
မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဟွေ့ဖွန့် ခေါ် နယ်စပ်အမှတ် ၁၄ နှင့် ဟွေ့ပွန်လောင်း ခေါ် နယ်စပ်အမှတ် ၁၀ တွင် စစ်အစိုးရနှင့် အပစ်ရပ် ယူထားသော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့မှ ထိန်းချုပ်လျက်ရှိသည်။
နယ်စပ်အမှတ် ဘီပီ ၁၄ လမ်းသည် ယခင်က အကြိမ်ပေါင်းမနည်း ဖွင့်လိုက်ပိတ်လိုက် ရှိခဲ့ဖူးသည်။ ယခုတကြိမ် ခေတ္တခဏ ပိတ်ထားခြင်းမှ တဖန် ပြန်လှည်ဖွင့်လစ်ရန် အခွင့်အလမ်း နည်းမည်ဖြစ်ကြောင်း ၁၄ အခြေစိုက် ကုန်သည်တဦးက ပြောသည်။
၎င်းက “၁၄ လမ်းက ဟွေ့ပူးလောင်း (၁၀) လိုဘဲ ပိတ်လိုက်ဖွင့်လိုက်ပါဘဲ။ (ကလလတ ဒု-ဥက္ကဌ) ဥက္ကဌ ထွန်းကျော်ကနေ အစိုးရကို အသနားခံတော့ ပြန်ပြန်ဖွင့်ပေးတယ်။ ဒါပေမဲ့ ဒီတခေါက်တော့ မရတော့ဘူးလို့ ကြားတယ်။ အခွန်တော်တွေက အထက်မရောက်လို့တဲ့” ဟု ပြောသည်။
ဘီပီ ၁၄ ဂိတ်တွင်် ထိုင်းမှ တပတ်နွမ်းကားများ၊ စက်ကိရိယာ၊ အလှကုန်ပစ္စည်းများကုုိ တင်သွင်းပြီး ကရင်နီပြည်မှ ငရုပ်သီးနှင့် အိမ်သုံး ပရိဘောဂများကို အဓိက တင်သွင်းသည်။
ထိုလမ်းပိတ်ရခြင်းကြောင့့်် မိမိ၏ မိသားစု စားဝတ်နေရေးနှင့် ကလေးများအား ကျောင်းထောက်ပံ့ပေးမှုများ မပေးနိုင်တော့မည်ကို စိုးရိမ်နေရ သည်ဟု ဘီပီ ၁၄တွင် ကုန်တင်ကုန်ချ အလုပ်လုပ်နေရသော ဒေသခံတဦးက ပြောသည်။
၎င်းက “လူတွေက ၀င်ငွေ မရှိတော့ရင့် ကလေးတွေက အလိုလိုနေရင်း အလုပ်ဘက် ပြန်ရောက်တယ်။ တောထဲက ထွက်တဲ့ အင်တွဲတွေကို လိုက်ရှာပြီး ရောင်းကြတယ်” ဟု ပြောပါသည်။
ထိုင်းနှင့် ကရင်နီပြည် နယ်စပ်လမ်းတခုတည်း မဟုတ်ဘဲ အခြားသော ထိုင်းနှင့် မြန်မာနယ်စပ်လမ်းများလည်း တဖြည်းဖြည်း ပိတ်ပင်မှုများ ရှိလာနေကြောင်း သိရသည်။ နယ်စပ်အမှတ် ၁၄ အား ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှ စ၍ ပိတ်ထားလိုက်သည်။