စစ်တပ်နှင့်ပတ်သက်သည့် ပါတီကို မဲထည့်ရန် ဒုပညာရေးဝန်ကြီး ပြော

စစ်တပ်နှင့်ပတ်သက်သည့် ပါတီကို မဲထည့်ရန် ဒုပညာရေးဝန်ကြီး ပြော
စစ်တပ်နှင့် ပတ်သက်သည့် ပါတီများကို မဲထည့်ရန် ဒုတိယ ပညာရေးဝန်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းက ရန်ကုန်တိုင်း ကမာရွတ်မြို့ရှိ နိုင်ငံခြားဘာသာ အထူးပြု တက္ကသိုလ် UFLY တွင် ယမန်နေ့က ပြောဆို...

စစ်တပ်နှင့် ပတ်သက်သည့် ပါတီများကို မဲထည့်ရန် ဒုတိယ ပညာရေးဝန်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းက ရန်ကုန်တိုင်း ကမာရွတ်မြို့ရှိ နိုင်ငံခြားဘာသာ အထူးပြု တက္ကသိုလ် UFLY တွင် ယမန်နေ့က ပြောဆိုခဲ့ကြောင်း သိရသည်။

ပညာရေးဌာနမှ အရာထမ်း ၁ဝ ဦးခန့်နှင့်အတူ ဒုပညာရေးဝန်ကြီး ရောက်ရှိလာကာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဆရာ၊ ဆရာမများနှင့် ကျောင်သားကျောင်းသူ စုစုပေါင်း လူဦးရေ ၂ဝဝဝ ကျော်ကို မဲဆွယ်စည်းရုံးသွားခြင်း ဖြစ်သည်။

“လာမယ့် ရွေးကောက်ပွဲကျရင် စစ်တပ်ကနေပြီးတော့ သွေးယိုသံယိုဖြစ်တာမျိုး လုံးဝမလိုလားဘူး။ အာဏာသိမ်းတာမျိုး မလိုလားဘူး။ အဲဒီတော့ အခုရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ပတ်သက်နေတဲ့ ပါတီတွေကို စဉ်းစားထားကြပါ၊ မဲပေးကြပါလို့ ပြောတယ်” ဟု နိုင်ငံခြားဘာသာ အထူးပြု တက္ကသိုလ်မှ မဟာတန်း တက်ရောက်နေသူ ကျောင်းသူတဦးက မဇ္စျိမကို ပြောသည်။

“မဲပေး မမှားဖို့လိုတယ်၊ မပြိုကွဲသွားဖို့လိုတယ်။ တိုင်းရင်းသား ပြည်ထောင်စုကြီး မပြိုကွဲဖို့၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုအတွက် တစုတခဲထဲနဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်း ပါတီတွေကို အားပေးဖို့၊ မဲပေးဖို့လိုတယ်” ဟု ဒုတိယနှစ် ကျောင်းသူတဦးကလည်း မဇ္စျိမကို ပြောပြသည်။

ယခုလ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သောကြောင့် ကျောင်းပိတ်ခဲ့သော်လည်း ထိုနေ့တွင် ကျောင်းမှနေ၍ ကျောင်းသား အများအပြားကို ၂ဝ ရက်နေ့တွင် ဟောပြောပွဲ ရှိသဖြင့် နံနက် ၉ နာရီ မတိုင်ခင် ကျောင်းသို့ အချိန်မီ လာရောက်ရန် ဖုန်းဖြင့် အကြောင်းကြားမှုများ ပြုလုပ်ခဲ့သည်။  ယမန်နေ့ ကျောင်းတက်ချိန်တွင်မူ ကျောင်းသားအားလုံးမှာ ဆွေးနွေးပွဲ ပြုလုပ်မည့် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကြရသည်။

“ကျမတို့က ၉ နာရီမှာ ခန်းမကို အရောက်သွားရတယ်။ ဘာတွေ ဆွေးနွေးမလဲဆိုတာ မသိကြဘူး။ ပညာရေးနဲ့ ပတ်သက်တာပဲ ပြောမယ် ထင်တယ်။ အခမ်းအနား စလာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တာကို ပြောမယ်လို့ သူ (ဝန်ကြီး) က စပြောတာ။ ၉ နာရီခွဲကနေ ၁ဝ နာရီခွဲထိကို သူတယောက်ပဲ တောက်လျှောက် ပြောသွားတာ’’ ဟု မဟာတန်း တက်နေသူ ကျောင်းသူက ပြောသည်။

အခမ်းအနား အစီအစဉ်များမှာ ၃ ခုသာ ထားရှိပြီး၊ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ရွေးကောက်ပွဲအကြောင်း ဟောပြောခြင်းနှင့် အခန်းအနား ပြီးဆုံးကြောင်း ကြေညာခြင်းတို့သာ ဖြစ်သည်။

ဟောပြောပွဲတွင် ဗိုလ်မှူးချုပ်အောင်မျိုးမင်းသည် ၁၉၉ဝ ရွေးကောက်ပွဲနှင့် ယခုနှစ် ရွေးကောက်ပွဲသည် မတူညီကြောင်း ပြောဆိုခဲ့သေးသည်။

“၉ဝ ရွေးကောက်ပွဲတုန်းက တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ကို မဲမပေးရေးဆိုတဲ့ အခါကျတော့ လူတွေက NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ကို မဲပေးကြတယ်။ အဲဒီတော့ NLD က တောင်ပြည့်တန်းပြည့်နဲ့ အနိုင်ရသွားတယ်တဲ့” ဟု မဟာတန်းမှ ကျောင်းသူကပင် ပြောပြသည်။

စစ်တပ်နှင့်ပတ်သက်သည့် ပါတီအမည်များကို ဒုဝန်ကြီးက အတိအကျ ထည့်သွင်းပြောဆိုသွားခြင်း မပြုသော်လည်း ကျောင်းသားများကမူ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကို ရည်ညွှန်းခြင်းသာဖြစ်ကြောင်း ပြောဆိုကြသည်။

UFLY တက္ကသိုလ်သည် ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်လာခဲ့ရာ ယခုအချိန်တွင် ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ရုရှား၊ ကိုရီးယား၊ တရုတ်၊ အင်္ဂလိပ်နှင့် မြန်မာစကားပြောများကို ၃ နှစ်ကြာ တက်ရောက်သင်ယူကာ ဒီဂရီဘွဲ့ ရယူနိုင်သလို၊ တက္ကသိုလ်ဘွဲ့ရများအနေဖြင့်လည်း အင်္ဂလိပ်စာ ဝင်ခွင့် စာမေးပွဲ အောင်မြင်ပါက အချိန်ပိုင်း သင်ယူကာ အောင်လက်မှတ် ရယူနိုင်သည်။

ကျောင်းတွင် ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်းနှင့် အိန္ဒိယ အစရှိသည့် နိုင်ငံတကာမှ ကျောင်းသားများလည်း မြန်မာစကား တက်ရောက် သင်ယူ မှုများ ရှိနေကြောင်း သိရသည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)