ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိန္ဒိယခရီးစဉ်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အိန္ဒိယအစိုးရက ရေငုံနှုတ်ပိတ်ကာ စီးပွားရေး အကျိုးအမြတ်ကိုသာ အဓိက အလေးထားဖွယ်ရှိကြောင်း နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ပြောဆိုကြသည်။
ယခုလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ လည်ပတ်မည့် ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသည် သမ္မတ ပရာတီမာ ပတေးလ်၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ဝန်ကြီးအချို့နှင့် တွေ့ဆုံမည့်အပြင် အိန္ဒိယ၏ အကြီးမားဆုံး စက်မှုကုမ္ပဏီ Tata စီးပွားရေးအုပ်စု၏ မော်တော်ကား ထုတ်လုပ်ရေး တည်ရှိရာ အန်ဒရာပရာဒေ့ချ် ပြည်နယ် မြို့တော်ဟိုက်ဒရာဘတ်သို့ သွားရောက်ရန် စီစဉ်ထားသည်။
“အိန္ဒိယရဲ့ အကြီးဆုံးစက်မှု ကုမ္ပဏီဖြစ်တဲ့ Tata က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခရီးစဉ်နောက်ပိုင်း မြန်မာနိုင်ငံကို ဝင်တော့မယ်။ ဒီအတွက် လမ်းခင်း တာလည်း ဖြစ်နိုင်တယ်။ အိန္ဒိယကလည်း အကျိုးစီးပွားကိုရမယ်၊ ရွေးကောက်ပွဲအပေါ် အိန္ဒိယရဲ့ အင်းမလုပ် အဲမလုပ်ကို ဗိုလ်ချုပ်မှူးကြီးလည်း ကျေနပ်မယ်။ ဒါဟာ အိန္ဒိယရဲ့ စီးပွာရေးအလိုကျနဲ့ ဗိုလ်ချုပ်မှူးကြီး အလိုကျ ဖြစ်စေလိမ့်မယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေက မဇ္စျိမကို ပြောဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ABSL ဥက္ကဋ္ဌ ကိုကျော်သန်းကလည်း ’’အိန္ဒိယအစိုးရက စစ်အစိုးရနဲ့ ပြေလည်အောင် ပေါင်းမယ်ဆိုပြီး မူဝါဒ ချကတည်းက စစ်အုပ်စု ငြိုငြင်မယ့် ကိစ္စ သူတို့ မလုပ်ပါဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မမှန်ကန်ဘူးလို့ အိန္ဒိယက သိပေမယ့် အပျက်သဘောလို့တော့ မြင်မနေဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ငြိုငြင်မယ့် ကိစ္စကို ပြောလိမ့်မယ် မဟုတ်ဘူး’’ ဟု ပြောသည်။
သူက ဆက်ပြီး ''တရုတ်နဲ့ သန်းရွှေတို့ရဲ့ ဆက်ဆံရေးက အရင်လောက် မကောင်းဘူး။ အေးအေးစက်စက် ဖြစ်နေတယ်။ တကယ်တမ်း ဖြစ်ရမှာက သံခင်းတမန်ခင်း ကျင့်ဝတ်အရဆိုရင် တရုတ်ပြည်က နိုင်ငံအကြီးအကဲ တယောက်ယောက် လာပြီးပြီဆိုရင် ဗမာပြည်က အကြီးအကဲ တယောက် ်ယောက် တရုတ်ပြည်ကို အရင်ဆုံးသွားရမှာ။ အဲဒီလို အတုံ့အလှည့်သွားရမယ့်အစား အိန္ဒိယကို လာတယ်ဆိုတာ သန်းရွှေတို့ဟာ တရုတ်နဲ့ ဆက်ဆံတဲ့ နေရာမှာ အိန္ဒိယကို ပိုပြီး နီးစပ်မှုဆီကို ယူနေပြီလားဆိုတာ စဉ်းစားနိုင်တယ်'' ဟု ပြောသည်။
ယခုခရီးစဉ်သည် ရွေးကောက်ပွဲအတွက် ထောက်ခံမှုရရှိရန် ပါဝင်သော်လည်း၊ စီးပွားရေးဆိုင်ရာ ကိစ္စအတွက် ဖြစ်နိုင်ခြေက ပိုမိုများပြားကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB လက်ထောက်အထွေအထွေ အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က ပြောဆိုသည်။
သူက “ဒီခရီးစဉ်မှာ ရွေးကောက်ပွဲ လုပ်ခဲ့ရင် ထောက်ခံနိုင်အောင်ဆိုတဲ့ အချက်လည်း ပါသလို၊ Tata က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အားသန်နေတော့ အဲဒီကိစ္စအတွက် အဓိက ထားတယ်လို့ ယူဆတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် Tata က Nano ကားများကို ရူပီး ၁ သိန်းနှင့် ညီမျှသော မြန်မာငွေ ကျပ်သိန်း ၃ဝ နှင့် အခွန် အပါအဝင် ကျပ်သိန်း ၄ဝ ဖြင့် စျေးနှုန်းချိုသာစွာ အရေအတွက်များများ ရောင်းချလိုသော်လည်း စစ်အစိုးရဘက်ကမူ ၎င်းတို့ ပိုမိုအမြတ်အစွန်း ရရှိနိုင်ရန်အတွက် အခွန်ငွေနှင့် အခြား စရိတ်စကများ တိုးမြှင့်ကောက်ခံကာ ကျပ်သိန်း ၁၅ဝ ဖြင့် တိုးမြှင့်ရောင်းချချင်နေသည်။
ထိုသို့ မော်တော်ကားစျေးနှုန်း သတ်မှတ်ရာတွင် ကြံုတွေ့နေသော အခက်အခဲများကို ဗိုလ်ချုပ်မှူးကြီး၏ ယခု ခရီးစဉ်က ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မြန်မာအကဲခတ်အချို့က ယူဆသည်။
“Tata က စျေးနည်းနည်းနဲ့ အရေအတွက် များများထုတ်လုပ်ချင်တယ်။ ဒါကို မြန်မာအစိုးရနဲ့ ညှိနေတာ ကြာပြီ။ ဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးကလည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထောက်ခံမှုရမှာ ဖြစ်သလို၊ Tata ကလည်း သူ့ကိစ္စတွေကို ပြေလည် သွားမယ်” ဟု Burma Centre Delhi မှ ကိုကင်မ်က ပြောသည်။
စစ်အစိုးရအနေဖြင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာမှ အာရုံစိုက် ဖိအားပေးနေချိန်တွင် Tata ကဲ့သို့ သြဇာကြီးမား သော စီးပွားရေးအုပ်စုက ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်အား ကူညီပံ့ပိုးကာ ၎င်းတို့ အကျိုးစီးပွားအတွက် အသုံးချခြင်းဖြစ်ကြောင်း သူက ယူဆသည်။
Tata သည် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး ထရပ်ကား ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး၊ ဘတ်စ်ကား ထုတ်လုပ်မှုတွင်ပါ ကမ္ဘာတွင် ဒုတိယအကြီးဆုံး ဖြစ်သည်။ ထို့အပြင် လူဦးရေ သန်းပေါင်း ၁၂ဝဝ နီးပါး ရှိသည့် အိန္ဒိယတွင် Nano တစီးလျှင် ရူပီးငွေ တသိန်းဖြင့် လူတိုင်း ကားစီးနိုင်ရမည်ဟူသော ကြွေးကြော်သံဖြင့် အကောင်အထည် ဖော်နေသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေသည့် ပြင်သစ်ရေနံကုမ္ပဏီ TOTAL ထံမှ စစ်အစိုးရသည် ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍ နှစ်စဉ် အကျိုး အမြတ် ရရှိနေသကဲ့သို့၊ Tata ကုမ္ပဏီနှင့် ဆက်စပ်ကာ မည်မျှအထိ အကျိုးဖြစ်ထွန်းလာမည်ကိုမူ စောင့်ကြည့်ရမည်ဟု နယူးဒေလီမှ မြန်မာ အတိုက်အခံ များက ဆိုသည်။
အိန္ဒိယအနေဖြင့် ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တွင် မြန်မာ့ဒီမိုကရေစီရေးအတွက်သာ နည်းပေးလမ်းပြ ဖြစ်သင့်သည်ဟုလည်း ဆိုကြသည်။
ဒေါက်တာတင့်ဆွေက ’’မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် အများကြီး လုပ်ပေးနိုင်တာတွေ ရှိပါတယ်။ နည်းပေးလမ်းပြလုပ်ဖို့လည်း လိုတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အိန္ဒိယက နည်းပညာအရ အကူအညီပေးနိုင်တာ အများကြီးရှိတယ်။ ဒါပေမဲ့ အိန္ဒိယ အဲဒီလို လုပ်ပေး လိမ့်မယ်လို့ မထင်ပါဘူး။ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း ပီသစွာနဲ့ အကြံဉာဏ်တွေ ပေးသင့်တယ်’’ ဟု ပြောသည်။
ကိုကျော်သန်းကလည်း ’’ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မတရားတာ၊ မမျှတတာတွေကို ပြောသင့်တာပေါ့။ ပြီးခဲ့တဲ့ ပထဆုံးလုပ်ခဲ့တဲ့ ဘူတန်နိုင်ငံရဲ့ ပါတီစုံ ရွေးကောက်ပွဲတုန်းက အိန္ဒိယရွေးကောက်ပွဲ ကော်မရှင်ကနေပြီး နည်းပညာနဲ့ logical support တွေ ပေးခဲ့သေးတယ်။ နီပေါနဲ့ သီရိလင်္ကာ ကိုလည်း အားပေးထောက်ခံတာတွေ လုပ်ခဲ့တယ်။ ဗမာကိစ္စကျမှ နှာစေးသွားတာ။ သူတို့ကိုယ်သူတို့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံလို့ ဂုဏ်ယူနေတဲ့ နိုင်ငံက အခုလိုကိစ္စတွေမှာ ဝင်ပြောဖို့ တာဝန်ရှိတယ်’’ ဟု ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။