၂ဝဝ၈ ဖွဲ့စည်းပုံကို ဝေဖန်သဖြင့် The Voice ၂ ပတ် ရပ်ဆိုင်းခံရ

၂ဝဝ၈ ဖွဲ့စည်းပုံကို ဝေဖန်သဖြင့် The Voice ၂ ပတ် ရပ်ဆိုင်းခံရ
by -
ဖနိဒါ
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်သုံးသပ်ထားသည့် ဆောင်းပါးကြောင့် The Voice ဂျာနယ် ပုံနှိပ်ထုတ်ဝေခွင့် ၂ ပတ် ရပ်ဆိုင်းခံရကြောင်း ယင်းဂျာနယ်နှင့် နီးစပ်သည့် ပြည်တွင်းအယ်ဒီတာ တဦးက ပြော...

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်သုံးသပ်ထားသည့် ဆောင်းပါးကြောင့် The Voice ဂျာနယ် ပုံနှိပ်ထုတ်ဝေခွင့် ၂ ပတ် ရပ်ဆိုင်းခံရကြောင်း ယင်းဂျာနယ်နှင့် နီးစပ်သည့် ပြည်တွင်းအယ်ဒီတာ တဦးက ပြောသည်။

စာပေစိစစ်ရေး ဆင်ဆာလွတ်ပြီးမှ စျေးကွက်အတွင်း ဖြန့်ချိခဲ့သည့် ယခုလ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်ပါ ဆောင်းပါးရှင် အောင်ထွဋ္ဋ်၏ “Concept နှင့် Process” ခေါင်းစည်းဖြင့် ဆောင်းပါးသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်လွဲမှားစေကြောင်း တရားရုံးချုပ်၏ အကြောင်းပြ ညွှန်ကြားချက်ကြောင့် စာပေစိစစ်ရေးက ပြန်လည်အရေးယူ ပိတ်ပင်ရခြင်းဖြစ် ကြောင်း သိရသည်။

“ဒီဆောင်းပါးက အခြေခံဥပဒေဆိုင်ရာနဲ့ ပတ်သက်လို့ အဓိပ္ပာယ် လွဲမှားစေနိုင်တယ်ဆိုတဲ့ အကြောင်းပြတယ်လို့ ပြောတယ်။ ခေါ်ပြောတာ မနေ့က။ တပတ်ပဲ ပိတ်ဖို့ အသနားခံစာ တင်တာကို မရဘူးလို့ ပြောတယ်” ဟု ပြည်တွင်းအယ်ဒီတာက မဇ္ဈိမကို ပြောသည်။

“စာပေစိစစ်ရေးက ခွင့်ပြုပြီးသား ဆောင်းပါးပဲ။ ဒါပေမဲ့ အထက်ကနေ အမိန့်နဲ့ ပိတ်တယ်ဆိုပြီး တရားရုံးချုပ်က ဒီအခြေခံဥပဒေဆိုင်ရာနဲ့ ပတ်သက်ပြီး မှားယွင်းနေတယ်လို့ ပြောတာပဲ” ဟု သူက ဆက်ပြောသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဒုညွန်ကြားရေးမှူးထံ ဆက်သွယ်မေးမြန်းရာတွင်လည်း ဒုညွန်မှူး အစည်းအဝေး တက်ရောက်နေကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဖြေဆိုပိုင်ခွင့် မရှိကြောင်း တာဝန်ရှိသူ တဦးက ပြောသည်။

ဆောင်းပါးရှင် အောင်ထွဋ္ဋ်သည် ရန်ကုန်အခြေစိုက် Living Color မဂ္ဂဇင်းနှင့် The Voice ဂျာနယ်တို့ကို ထုတ်ဝေနေသည့် ဒေါက်တာနေဝင်းမောင် ဖြစ်ပြီး ယခင်က ၂ဝဝ၈ ခု ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲကို ထောက်ခံသည့် အာဘော်များကို ရေးသားနေသူဖြစ်သည်။

“Concept နှင့် Process” ဆောင်းပါးကို နိုင်ငံခြားသတင်းထောက်တဦးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်း ဆွေးနွေးထားသည်ကို အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။

ဆောင်းပါးထဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဥပဒေသစ်တခု ပြဋ္ဌာန်းရန် ရွေးချယ်ခံအမတ် ၄၉၈၊ တပ်မတော်ခန့်အမတ် ၁၆၆၊ ပေါင်း ၆၆၄ ၏ တဝက် ဖြစ်သော ၃၃၃ မဲလိုအပ်ပြီး သမ္မတတွင် ဗီဒိုအာဏာမရှိဟု ပါရှိသည်။

သမ္မတ လက်မခံနိုင်သော ဥပဒေတရပ်ကို လွှတ်တော်နှစ်ရပ်က ပြဋ္ဌာန်းမည်ဆိုလျှင် “တပ်မတော် ခန့် အမတ် ၁၆၆ မဲ ထောက်ခံမှု မရရှိနိုင်၍” ရွေးချယ်ခံ အမတ် ၄၉၈ ဦး၏ မဲများအနက် ၃၃၃ မဲ လိုအပ်သည့်သဘော ဖြစ်သည်ဟု ရှင်းပြထားပြန်ရာ တပ်မတော်ခန့် အမတ်များသည် သမ္မတကို ထောက်ခံမည့်သူများသာ ဖြစ်မည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်။

ထို့ပြင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ လုပ်ပိုင်ခွင့်များထဲမှ ဗီတိုအာဏာကိုဖယ်ပြီး ယင်းအစား သမ္မတစိတ်ကြိုက် လူ “၂၅ ရာခိုင်နှုန်း” ခန့်အပ်ခွင့်ပြုမည်ဆိုလျှင် လက်ခံနိုင်သော် လည်း မြန်မာနိုင်ငံကဲ့သို့ “ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲနိုင်ငံ” အတွက်မူ အတိုင်းအတာတခု အထိသာ လက်ခံနိုင်မည်ဟု ရေးသားထားသည်ကိုလည်း ဖတ်ရှုရသည်။

ယခုနှစ် မေလအတွင်းကလည်း 7 day news ဂျာနယ် သတင်းထောက်က သရုပ်ဆောင် ထက်ထက်မိုးဦးကို တရားစွဲဆိုသော သတင်းဖော်ပြခဲ့သည့် အတွက် The Voice ဂျာနယ်ကို စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ထုတ်ဝေခွင့် တပတ် ရပ်ဆိုင်းခဲ့သေးသည်။

Most read this week