မန္တလေး ၁၃ဝဝ - ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်

မန္တလေး ၁၃ဝဝ - ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်
by -
မင်းဟန်
(၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်သို့ )....

(၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်သို့ )

(၁)

Breathes there the man, with soul so dead,
Who never to himself hath said,
"This is my own, my native land!"

အမျိုးသား အာဇာနည်  ခေါင်းဆောင်ကြီး ဦးရာဇတ်မှ၊ မန္တလေးမြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း ကျောင်းအုပ်ကြီးအနေဖြင့် သူ၏တပည့် များအား မကြာခဏ ရွတ်ပြလေ့ရှိသည့် ကဗျာတပုဒ်ဖြစ်သည်။ မြန်မာလို ပြန်လျှင်မူ …

“ဒါ တို့ပြည် ဒါတို့မြေလို့ မဆိုတဲ့သူဟာ
အသက်ရှင်လျက် ဝိဉာဉ်မဲ့နေတဲ့သူလို             
အသက်ရှင်နေပေမယ့် သေနေတဲ့သူလို
ဘာမှ အသုံးမကျဘူး” ဟူ၍ ဖြစ်မည်။

ဆရာကြီးသည် ဤကဗျာလေး၏ လမ်းညွှန်ချက်အတိုင်းပင်၊ သူ၏ အမျိုးသားကျောင်းသားများအား လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။

ဆရာကြီး၏ ဗဟိုအမျိုသား အထက်တန်းကျောင်းတော်ကြီးက အမျိုးသားစာပေ ပညာရပ်များအား သင်ကြားပို့ချပေးသည့် ကျောင်းတော်ကြီးအပြင်၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအဆင့်ဆင့်တွင် ရှေ့တန်းမှ ရဲရဲဝံ့ဝံ့နှင့် စွမ်းစွမ်းတမန် တာဝန်ယူခဲ့ကြသည့် မျိုးချစ်ရတနာများစွာတို့အား မွေးထုတ် ပေးခဲ့ရာ နိုင်ငံရေးတက္ကသိုလ်ကြီး တခုလည်း ဖြစ်၏။ ပြီးလျှင် ဆရာကြီး ၏ ကျောင်းတော်ကြီး က ကိုလိုနီဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ၏ အထက်မြန်မာပြည် စစ်ဌာနချုပ် စခန်းကြီး ဟူ၍လည်း ဆိုရမည်ပင်။

ထိုကျောင်းတော်ကြီးမှ အထက်မြန်မာပြည်၏ နိုင်ငံရေးမျိုးချစ် ၄ဝ ရာခိုင်နှုန်းကျော်အား မွေးထုတ်ပေးနိုင်ခဲ့ပြီး၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၏ ဝန်အား ဤကျောင်းတော်သားတို့က ထမ်းရွက်ခဲ့ကြသည်။

ဆရာကြီး ဦးရာဇတ်၏ ဥယျာဉ်မှူးလက်မှ ပွင့်ဖူးခဲ့သည့် လွတ်လပ်ရေးအဖူး၊ အပွင့်တို့၏ ရနံ့က မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် သင်းပျံ့မွှေးထုံ၍ နေခဲ့၏။

(၂)

၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဗြိတိသျှအာဏာပိုင်တို့၏ လက်ချက်နှင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ရေနံမြေသပိတ်ကြီးက အခက်အခဲပေါင်း များစွာအား ကျော်ဖြတ်ရင်း ရန်ကုန်သို့ ခရီးရှည်ချီတက်၍ ဆန္ဒပြတောင်းဆိုနေကြသည်။ ဝေါ၊ ပဲခူး၊ သထုံနှင့် မြစ်ဝကျွန်းပေါ်ရှိ တောင်သူလယ်သမားတို့က ရွှေတိဂုံစေတီတော်မြတ်ကြီးဆီသို့ ချီတက်၍ လယ်သမားအရေး တောင်းဆိုကြ၏။ ကျောင်းသားသပိတ်၊ အလုပ်သမားသပိတ်၊ လယ်သမားသပိတ်တို့နှင့် လူထုကြီးသည် ကိုလိုနီအစိုးရအား သပိတ်တိုက်ပွဲ ဆင်နွှဲ၍နေကြသည်။

ဤတွင် မန်းနေပြည်တော်မှ ဥပစာကောလိပ်နှင့် အထက်တန်းကျောင်းသားများသည်လည်း သပိတ်တိုက်ပွဲတွင် ပါဝင်လာခဲ့ကြ၏။ မန္တလေး သပိတ်မှောက် ကျောင်းသားများတွင် ဆရာကြီး ဦးရာဇတ်၏ ဗဟိုအမျိုးသားအထက်တန်း ကျောင်းသားများက တကျောင်းလုံးနီးပါးမျှ ပါဝင်ကြ၏။

ပထမဦးဆုံးသပိတ်မှောက်သည့်နေ့တွင် ဆရာကြီး၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းမှ အဆောင်နေ ကျောင်းသားအချို့သည် သပိတ်တွင် မပါဝင်ကြသေး။ အဆောင်တွင် ရှိနေကြသေး၏။ ဆရာကြီးသည် ကျောင်းသို့ ရောက်လာပြီး ကျောင်းအနှံ့ လိုက်လံ၍စစ်ဆေး၏။ ကြိမ်လုံးအား ကိုင်ပြီး ဆရာကြီးသည် အဆောင်နေ ကျောင်းသားများဆီသို့ ရောက်လာ၏။ အဆောင်အတွင်း၌ ကျောင်းသားအချို့ ရှိနေကြ၏။ ကျောင်းသားအများစုက၊ သပိတ်မှောက်ဆန္ဒပြ၍ ထွက်ခွာသွားကြပြီ။

“ ကျနော်တို့ သပိတ်မမှောက်ဘူးဆရာကြီး ”

အဆောင်တွင် ကျန်ခဲ့သည့် ကျောင်းသားတဦးက ဆရာကြီးကို ပြော၏။

“သြော်… ဟုတ်လား”

ဆရာကြီးက မဲ့ပြံုး၊ပြံုးရင်း ထိုကျောင်းသားအား ပြန်ပြော၏။ ပြီးလျှင် ဆရာကြီးသည် ကြိမ်လုံးအားဝင့်ပြီး၊ “အေ သပိတ်မမှောက်ရင် သပိတ် မမှောက်တဲ့ ကျောင်းသားတွေ ငါ့ကျောင်းမှာနေခွင့်မရဘူး။ အဲ့ဒီတော့ ရှည်ရှည်ဝေးဝေး ပြောမနေနဲ့၊ ငါ့ကျောင်းမှာ ဆက်နေချင်ရင် သပိတ်ထဲ အခု ဆင်းလိုက်သွား”

သပိတ်စမှောက်သည့်နေ့များက မန္တလေး ဥပစာကောလိပ် (INTERMEDEATE COLLEGE) သည်ပင် စာသင်မပျက်၊ သပိတ်မမှောက်သည့် ကျောင်းသားများဖြင့် ရှိနေခဲ့သေး၏။ ဆရာကြီး ဦးရာဇတ်၏ ကျောင်းကမူ တကျောင်းလုံး သပိတ်မှောက်ခဲ့ကြခြင်းဖြစ်၏။

(၃)

မန္တလေးကျောင်းသားများက စတင်၍သပိတ်မှောက်ကြပြီ။ သပိတ်တိုက်ပွဲခရီးက ရှည်နိုင်၏။ အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည်။ အသက်သွေးချွေးတို့အား ပေးဆပ်ကြရမည်။ ဤအတွက် ပြင်ဆင်ကြရ၏။

ဗဟိုအမျိုးသား အထက်တန်းကျောင်းအတွင်းရှိ ဆရာကြီး ဦးရာဇတ်၏ရုံးခန်းသည် မန္တလေးမြို့ပေါ်မှ နိုင်ငံရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသားခေါင်းဆောင်များနှင့် စည်ကား၍နေသည်။ အားလုံးက ဆရာကြီးနှင့် တွေ့ပြီး ဆရာကြီး၏ သြဝါဒအားခံယူကြ၏။ အကြံဉာဏ်များအား ရယူကြ၏။ ဆရာကြီး၏ ညွှန်ကြားချက်များအား နာယူကြ၏။

ဆရာကြီးက သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များအား ပြံုးမယောင်၊ မဲ့မယောင်အပြံုးနှင့်။
“သပိတ်မှောက်တာက မင်းတို့အလုပ်ပဲ။ ဒါပေမဲ့ စည်းမဲ့ကမ်းမဲ့မပြုကြနဲ့။ ဘုရားကျောင်း တွေထဲမှာ သွားမနေကြနဲ့။ ငါ့ကျောင်းမှာ လာနေကြ”

ဆရာကြီး၏ စကားက ရှင်း၏။ သပိတ်စခန်းအဖြစ် သပိတ်မှောက်ကျောင်းသားများအား သူ၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးကို အပ်နှံလိုက်ခြင်း ဖြစ်သည်။

ချက်ချင်းပင် လေးထပ်ကျောင်းဆောင်ကြီးနှင့် ဗဟိုအမျိုးသားအထက်တန်းကျောင်းသည် ၁၃ဝဝ ပြည့် သပိတ်မှောက် ကျောင်းသားတို့၏ သပိတ်စခန်းကြီး ဖြစ်၍သွား၏။ ကျောင်းပေါင်းစုံမှ သပိတ်မှောက် ကျောင်းသူများကိုမူ ဆရာကြီး သည် သူနေထိုင်သည့် တိုက်နှင့်ကပ်လျက်ရှိသည့် တိုက်တလုံးတွင် နေစေ၏။

ဗြိတိသျှအစိုးရ၏ အထောက်အပံ့ခံ မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းကြီးအား ဆရာကြီးသည် ဗြိတိသျှအစိုးရကို ပုန်ကန်သည့် သူပုန်စခန်းကြီးအဖြစ် ပြောင်းလဲပစ်လိုက်၏။

‘ကေသရာဇာခြင်္သေ့မင်း ကျောက်ရုပ်ထု’ နှင့် ‘ အတ္တာဟိ၊ အတ္တနော၊ နာထော’  ဆိုင်းပုဒ်ကြီး၏ အောက်၌ ဗဟိုအမျိုးသား အထက်တန်းကျောင်း သပိတ်စခန်းကြီးသည် ၁၃ဝဝ ပြည့် အရေးတော်ပုံ သမိုင်း၌ ခန့်ထည်၍ ဝင့်ကြွားလျက်နေ၏။
(၄)

ဆရာကြီး၏ ဗဟိုအမျိုးသားအထက်တန်းကျောင်း သပိတ်မှောက်မှုက ကျောင်းသားများအားလုံး သပိတ်မှောက်ကြခြင်းပင် မဟုတ်။ ကျောင်းရှိ ဆရာ၊ ဆရာမများအားလုံးသည်လည်း သပိတ်တွင် ပါဝင်နေကြခြင်း ဖြစ်သည်။ ဆရာ ဦးခင်မောင်ကလေး (ဗိုလ်ခင်မောင်ကလေး)၊ အဆောင်မှူး ဆရာ ဦးထွန်းမောင်၊ ဆရာအေးမောင်၊ ဆရာဘဖေ၊ ဆရာတင်၊ ဆရာချစ်၊ ဆရာမ ဒေါ်မမ၊ ဆရာမ ဒေါ်သိုက်၊ ဆရာမ ဒေါ်နှင်းဦး စသည့်ဆရာ၊ ဆရာမများအားလုံးက သပိတ်တွင် ပါဝင်နေကြ၏။ ဗြိတိသျှအစိုးရ၏ အထောက်အပ့ံလစာအား ခံစားပြီး အစိုးဆန့်ကျင်သည့် သပိတ်တွင် ပါဝင်နေသည့်အတွက် ဆရာကြီး၏ ကျောင်းမှဆရာ၊ ဆရာမများအပေါ် အာဏာပိုင်များသည် မကျေမနပ်ဖြစ်၍လာ၏။ အထူးသဖြင့် ကျောင်းအုပ်ကြီး ဖြစ်သည့် ဆရာကြီး အပေါ် မကျေနပ်ခြင်းဖြစ်သည်။ ဤအတွက် တနေ့တွင်  “အေး ဟုတ်တယ်၊ မင်းပြောသလိုပဲ၊ ငါ့ဆရာတချို့နဲ့ ဆရာမ တချို့ဟာ သပိတ်သမားတွေနဲ့ ရောရောနှောနှော ရှိနေတယ်ဆိုတာ မှန်တယ်၊ ငါကိုယ်တိုင်က ခွင့်ပြုထားတာပဲ” စုံထောက် အရာရှိများ ဆရာကြီးထံသို့လာပြီး ဆရာကြီးနှင့် တွေ့၍ မေးမြန်းကြ၏။

“ဆရာကြီး၊ ဆရာကြီး ကျောင်းက ဆရာတွေ၊ ဆရာမတွေ သပိတ်မှောက်ကျောင်းသားတွေနဲ့အတူ ရှိနေပါကလား၊ ဒါကို အရေးယူပေးပါ ဆရာကြီး”

“အေး ဟုတ်တယ်၊ မင်းပြောသလိုပဲ၊ ငါ့ဆရာတချို့နဲ့ ဆရာမ တချို့ဟာ သပိတ်သမားတွေနဲ့ ရောရောနှောနှော ရှိနေတယ်ဆိုတာ မှန်တယ်၊ ငါကိုယ်တိုင်က ခွင့်ပြုထားတာပဲ”

“ ဆရာကြီး ကိုယ်တိုုင်က ခွင့်ပြုထားတယ် ဟုတ်လား”

“အို မင်းနဲ့ကွာ ငါပြောပါပကောလား။ ငါကိုယ်တိုင် ခွင့်ပြုထားတာပါလို့”

“ဗျာ”

“ဗျာလုပ်မနေပါနဲ့ကွ၊ မင်းတို့သပိတ်စခန်းကို ပြောင်ပြောင်တင်းတင်း သွားရဲတာလည်း မဟုတ်ဘူး မဟုတ်လား။ ဒီတော့ မင်းတို့အစား ငါက ငါ့ဆရာ၊ ဆရာမတွေကို တမင်လွှတ်ထားရတာ။ ဒါမှ ဒီကောင်တွေမှာ ဘာအကြံတွေရှိတယ်၊ ဘာလုပ်လိမ့်မယ်ဆိုတာ ကြိုသိနိုင်မယ်မဟုတ်လား။ မတော်၊ ငါ့ကျောင်းကို မီးရှို့မတဲ့ကွာ၊ ဒါမှမဟုတ် တခြားမလုပ်သင့်တာတွေ လုပ်မတဲ့ကွာ၊ ဒီတော့ တို့က ကြိုသိဖို့ လိုတယ်မဟုတ်လား။ ဒါကြောင့် ငါ့က စပိုင်လုပ်ဖို့ သက်သက်တမင်ကို ငါ့ဆရာတွေ၊ ဆရာမတွေ လွှတ်ထားရတာ။ ဒါကြောင့် ငါကိုယ်တိုင် ခွင့်ပြုထားတာပါကွလို့ ပြောတာပေါ့”

“သြော် …. ဒီလိုလား”

“ ဒီလိုပေါ့ကွ”

“ဆရာကြီး ဘယ်ဆိုးလို့လဲ”

“မဆိုးပါဘူး၊ ဆိုးရင် မင်းတို့ ဖမ်းမှာပေါ့”

“အို ဆရာကြီး ကလဲ၊ ကဲ သွားပါဦးမယ်၊ ဆရာကြီး”

“အေး…အေး”

ဆရာကြီးက နှုတ်ဆက်၍ထွက်သွားသည့် ပုလိပ်အရာရှိ၏ ကျောပြင်အားကြည့်ပြီး ထုံးစံအတိုင်း ပြံုးမလို၊ မဲ့မလို၊ မဲ့ပြံုးလေးအား ပြံုးလိုက်၏။
(၅)

မန္တလေး ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးသည် ကျောင်းသားသပိတ်မှ၊ လူထုအရေးတော်ပုံဆီသို့ ကူးပြောင်းခဲ့၏။ မန္တလေး၊ လေးပြင်လေးရပ်မှ ရဟန်းပျိုသမဂ္ဂများ စျေးချိုတော်နှင့် မန္တလေးလူထုအားလုံး ပါဝင်လာကြ၏။

၁၃ဝဝ ပြည့်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်၊ ‘မဟာလောကရံသီ အိမ်တော်ရာဘုရားအတွင်း’ မန္တလေး လူထုအစည်းအဝေးကြီးအား သပိတ်မှောက် ကျောင်းသားများနှင့် ရဟန်းပျိုသမဂ္ဂတို့မှ ဦးဆောင်၍ကျင်းပ၏။ သံဃာ့အဖွဲ့အစည်း၊ လူ့အဖွဲ့အစည်း များမှ ကိုယ်စားလှယ် ၂ဝ,ဝဝဝ ကျော် တက်ရောက်သည့် မန္တလေးလူထု၏ သပိတ်မှောက် ညီလာခံကြီးဖြစ်သည်။ အဆိုများ တင်သွင်းကြ၏။
“ယခု အင်္ဂလိပ်အစိုးရ ဗမာပြည်အား ပေးအပ်ထားသည့် အုပ်ချုပ်ရေးသစ်မှာ အနှစ်မရှိ၊ အကာအတိဖြစ်ပြီး ဗမာပြည်ရှိ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားတို့၏ ကောင်းကျိုးကို ဖန်တီးမပေးနိုင်ရုံမျှမက ဗမာလူမျိုးအချင်းချင်း သွေးကွဲသည်ထက် ကွဲစေမည့် စနစ်ဆိုးများ ရှိနေသည်ကို ဤမြို့လုံးကျွတ် အစည်းအဝေးကြီးက လုံးဝထောက်ခံပါကြောင်း”

“ဗုဒ္ဓဘာသာဝင်တို့၏ ဝတ္တကမြေအတွင်း၌ မည်သည့်လူမျိုးမဆို မည်သည့်ကိစ္စနှင့်မျှ အခါမရွေး ဖိနပ်စီးနင်း၍ မတက်ရန် ဥပဒေကို ပြည်သူပိုင် အစိုးရတို့က အတည်ပြုလုပ်ပေးရန်”

“ရန်ကုန်မြို့၌ ကျောင်းသူကျောင်းသား ၂ဝဝ ကျော် ဒဏ်ရာရရှိခြင်းနှင့် ကိုအောင်ကျော် သေဆုံးရခြင်းအတွက် စုံစမ်းရေး ခုံသမာဓိအဖွဲ့တခုကို ရက်မဆွဲဘဲ အမြန်ခေါ်ပေးရန်”

“ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများလွှတ်တော်က တောင်းဆိုသည်ကို ဤမန္တလေးမြို့လုံးကျွတ် အစည်းအဝေးကြီးက သဘောတူညီကြောင်း”

“ယခု အင်္ဂလိပ်အစိုးရ ဗမာပြည်အား ပေးအပ်ထားသည့် အုပ်ချုပ်ရေးသစ်မှာ အနှစ်မရှိ၊ အကာအတိဖြစ်ပြီး ဗမာပြည်ရှိ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားတို့၏ ကောင်းကျိုးကို ဖန်တီးမပေးနိုင်ရုံမျှမက ဗမာလူမျိုးအချင်းချင်း သွေးကွဲသည်ထက်ကွဲစေမည့် စနစ်ဆိုးများ ရှိနေသည်ကို ဤမြို့လုံးကျွတ် အစည်းအဝေးကြီးက လုံးဝထောက်ခံပါကြောင်း”

“အင်္ဂလိပ်အစိုးရများ ဗမာပြည်ကို လာရောက်သိမ်းပိုက်အုပ်ချုပ်စကတည်းက ဗမာပြည်ရှိ အိမ်တွင်းလက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း အမျိုးမျိုးတို့ တိမ်ကောပပျောက်သွားသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်၍ ယခုအခါ ဗမာပြည်ရှိ တောသူတောင်သား လယ်သမားဆင်းရဲသားမှစ၍ ပစ္စည်းဥစ္စာ ခိုင်လုံသော ပုဂ္ဂိုလ်များအထိ နိုင်ငံခြားမှ တင်သွင်းသော ကုန်ချောများကို သုံးစွဲနေကြခြင်းကြောင့် ဗမာပြည်မှ ငွေများ တနေ့ထက်တနေ့ နိုင်ငံခြားသို့ လျှောဆင်းနေသည်ကို တွေ့ရှိရ၏။ ဤအဓိက ချို့ယွင်းချက်ကို ကာကွယ်ရန်

(၁) ဗမာလူမျိုးမှန်သမျှ မြန်မာအမျိုးသားဆိုင်များကို အားပေးရန်၊
(၂) တိုင်းရင်းဖြစ် ကုန်ပစ္စည်းများကိုသာ အားပေးရန်၊
(၃) နိုင်ငံခြားဖြစ်မသုံးလျှင် နေနိုင်သည့်ပစ္စည်းများကို တပြည်လုံးက သပိတ်မှောက်ဖြစ်အောင် ကျောင်းသားများ ဆောင်ရွက်ရန်။ ဤမြို့လုံးကျွတ် အစည်းအဝေးကြီးက သဘောတူညီကြောင်း”

“ဤမြို့လုံးကျွတ် အစည်းအဝေးကြီး အပြီးတွင် စည်းကမ်းသေဝပ်စွာ လမ်းလျှောက်ကြရန် အဆိုတင်သွင်းကြောင်း။”  ကိုယ်စားလှယ်ထုကြီးက ထောက်ခံအတည်ပြုကြ၏။

“ဓနရှင်အစိုးရ - ပျက်စီးပါစေ”

“အလုပ်သမားအရေး ဖြေရှင်းပေး”

“သခင်မျိုးဟေ့ - တို့ဗမာ”

“ အရေးတော်ပုံ - အောင်ရမည်”

“ မီးတုတ် မီးတုတ်- ရှို့ရှို့”

“ သေမြေကြီး - ရှင်ရွှေထီး”

“ ဘေးနဲ့ကြံု - ရဲဂုဏ်ပြ”

“ မီးတုတ်ကြီးရဲ့ အလင်းရောင် - ဗမာပြည်ဘောင် ထွန်းပြောင်စေသား”

“ မီးတုတ်ကြီး ရောက်လေရာ - တိုင်းပြည်ကျေးရွာ အေးပါစေသား”

“အရေးတော်ပုံ အောင်ရမည်” ‘မဟာလောကရံသီ အိမ်တော်ရာဘုရားအတွင်း’ ကြွေးကြော်သံများဖြင့် ညံ၍နေသည်။
(၆)

ပုလိပ်ဌာနတွင် ဆရာကြီး ဦးရာဇတ်၏ လူယုံများရှိ၏။ ဆရာကြီးမှ မွေးထားခြင်း ဖြစ်သည်။ ပုလိပ်အင်စပတ်တော် ဦးသိန်း (မျက်လုံးသိန်း) နှင့် နာမည်တူ ပုလိပ်အင်စပါတ်တော် ဦးသိန်း (ဂန်းသိန်း) တို့ဖြစ်သည်။ သူတို့ ၂ ဦးထံမှ ဆရာကြီး သတင်းများရ၏။ ၁၃ဝဝ ပြည့် မန္တလေးလူထု ချီတက်ဆန္ဒပြ စီတန်းလမ်းလျှောက်မည့်ပွဲအား အာဏာပိုင်တို့သည် ချေမှုန်းလိမ့်မည်။

မျက်ရည်ယိုဗုံးများနှင့် ပစ်မည်။ ရိုင်ဖယ်သေနတ်များနှင့် ပစ်ခတ်မည်။ ဆရာကြီး ဦးရာဇတ်က သတင်းအတိအကျ ရ,ထား၏။ ဆရာကြီး သည် သူရ,ထားသည့် သတင်းအား သိသင့်သည့် သံဃာခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များအား ပေး၏။

၁၃ဝဝ ပြည့် မန္တလေးအရေးတော်ပုံ၏ လူထုချီတက်ဆန္ဒပြမည့် ဆုံရပ်က အိမ်တော်ရာ ဘုရားတွင် ဖြစ်သည်။ ဗဟိုအမျိုးသား အထက်တန်း ကျောင်းမှ သပိတ်တပ်ကြီး အိမ်တော်ရာဘုရားသို့ မချီတက်မီ ဆရာကြီးသည် သပိတ်မှောက်စခန်းသို့ ရောက်လာပြီး၊ သပိတ်မှောက် ကျောင်းသား များနှင့် တွေ့၍ သပိတ်မှောက် ကျောင်းသားများအား အမှာစကားဆို၏။

“အရာရာ မိုက်ရူးရဲ မလုပ်ကြနဲ့၊ သတိ၊ ဝီရိယရှိရှိနဲ့ နယ်ချဲ့အစိုးရကို ရင်ဆိုင်ကြ၊ ဇာတိသွေး ဇာတိမာန်တွေပြကြ။ ဒီနေ့တော့ ပစ်မယ်ခတ်မယ်ဆိုတဲ့ သတင်းတွေ ရထားတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေက ကလေးသူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ကြ။ အရေးတစုံတရာ ရှိရင် ကျောင်းကိုသာ ပြန်ခဲ့ကြ”
ပြီးလျှင် ကျောင်းသားများ၏ စိုးရိမ်နေသည့် စိတ်အား ပေါ့ပါးစေရန် ရယ်မောဖွယ်ရာများ အား ပျက်လုံးထုတ်၍ သပိတ်မှောက် ကျောင်းသား များအား ရဲဆေးတင်ပေး၏။

“ဟေ့ ထွန်းဝင်း၊ မင်းကို နယ်ချဲ့စစ်တပ်က ပစ်ရင် မင်း ဘာလုပ်မလဲ ”

“ထွက်ပြေးမှာပေါ့ ဆရာကြီး”

“ အေး ကောင်းတယ်”

ဆရာကြီး သည် သပိတ်မှောက်ကျောင်းသားတို့၏ စိုးရိမ်ပူပန်နေမှုအား ပေါ့ပါးစေရန် ပြောဆို၍ အားမွေးပေး၏။

‘ထွန်းဝင်း’ ဟူသည့် ကျောင်းသားက ဆရာကြီး၏ ကျောင်းမှ ကျောင်းဆရာ ရွှေပြည်ဦးဘတင်၏ သားဖြစ်သည်။ အလယ်တန်းကျောင်းသား သပိတ်မှောက် ကျောင်းသားလေး ဖြစ်သည်။
(၇)

၁၃ဝဝ ပြည့် တပို့တွဲလပြည့်ကျော် ရ ရက်၊ ၁၉၃၉ ခုနှစ် ဖေဖော်ဝရီလ ၁ဝ ရက်နေ့တွင် မန္တလေးလူထု သပိတ်ကြီးသည် အိမ်တော်ရာဘုရားမှ တဆင့် မန္တလေးမြို့အတွင်းသို့ ချီတက်လမ်းလျှောက် ဆန္ဒပြရန် ထွက်ခွာခဲ့ကြ၏။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်း၊ စည်းကမ်းသေဝပ်စွာနှင့် ချီတက်ကြ၏။

သို့သော်၊ အာဏာပိုင်များက အရေးတော်ပုံတပ်သားများအား ပစ်ခတ်သတ်ဖြတ်ရန် ဆုံးဖြတ်ချက် ချထားပြီးဖြစ်၏။ ၁၃ဝဝ ပြည့် မန္တလေး အရေးတော်ပုံ စစ်ကြောင်းကြီးများ ၂၆ လမ်းနှင့် လမ်း ၈ဝ အဆုံ၊ ၂၆ လမ်း၊ လမ်းမကြီးတွင် အာဏာပိုင်များက၊ လက်နက်ကိုင်တပ်သားများနှင့်  အရေးတော်ပုံ တပ်သားများအား ပိတ်ထားလိုက်၏။

ပစ်ခတ်မှုကြောင့် သံဃာ့အာဇာနည်များ၊ လူအာဇာနည်များ စုစုပေါင်း ၁၇ ဦး ကျဆုံး ခဲ့ရ၏။ ကျဆုံးခဲ့ရသည့် အာဇာနည်အပေါင်း၏ အလောင်းများအား၊ ဆရာကြီး ဦးရာဇတ်၏ ဗဟိုအမျိုးသား အထက်တန်း ကျောင်းသို့ သယ်လာခဲ့ကြ၏။ ကျောင်းဝင်း အတွင်း၌ကား အာဇာနည်တို့၏ အလောင်းများဖြင့်။

ပြီးလျှင် ပစ်၏။
တကြိမ်၊
ဒုတိယအကြိမ် ထပ်၍ပစ်၏၊
တတိယအကြိမ် ထပ်၍ပစ်ပြန်၏

ပစ်ခတ်မှုကြောင့် သံဃာ့အာဇာနည်များ၊ လူအာဇာနည်များ စုစုပေါင်း ၁၇ ဦး ကျဆုံးခဲ့ရ၏။ ကျဆုံးခဲ့ရသည့် အာဇာနည် အပေါင်း၏ အလောင်းများအား၊ ဆရာကြီး ဦးရာဇတ်၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းသို့ သယ်လာခဲ့ကြ၏။ ကျောင်းဝင်းအတွင်း၌ကား အာဇာနည်တို့၏ အလောင်းများဖြင့်။

သပိတ်မှောက် ခေါင်းဆောင်များသည်လည်း မည်သို့ရှေ့ဆက်စီစဉ်ရမည်ကို မတွေးမခေါ်တတ်ကြ။ သွေးပူ၍နေကြသည်။ တိုက်ပွဲအား မည်သို့ချဲ့မည်နည်း။ ဤသည်အား မစဉ်စားနိုင်ကြ။ ဤတွင် ဆရာကြီး ဦးရာဇတ်သည် သူ၏ တပည့် ကျောင်းဆရာများဖြစ်သည့် ဆရာ ဦးထွန်းမောင်နှင့် ဆရာဦးခင်မောင်ကလေးတို့အား ညွှန်ကြားသည်။

“အမျိုးသားကျောင်းက သပိတ်ကိစ္စအထိပဲ ပတ်သက်တယ်။ အိမ်တော်ရာမှာ ကျင်းပတဲ့ လူထုအစည်းအဝေးကြီးက တမျိုးသားလုံးနဲ့ ပတ်သက်တဲ့ ပြဿနာကို ကိုင်တွယ်ဆောင်ရွက်တာ ဖြစ်တယ်။ ဒါကြောင့် ဒီအလောင်းတွေ၊ ဒီကျောင်းမှာ ထားတာထက် မူလအစည်းအဝေးကျင်းပတဲ့ နေရာမှာ ပြောင်းရွှေ့ထားတာ ပိုပြီး ကျယ်ပြန့်တဲ့အသွင်ကို ဆောင်လိမ့်မယ်။ နောက်ထပ်လည်း အလောင်းတွေ ဘယ်လောက်ရောက်လာဦးမယ် မသိဘူး။ အလောင်းတွေ ပြင်ရပြုရမှာရယ်၊ လူထုတွေ ဝင်ထွက်ပြီး စျာပနပွဲကိစ္စ ကျင်းပရမယ့် ကိစ္စတွေရယ်၊ ဒီတော့ ကျောင်းက ကျဉ်းတယ်၊ အလောင်းတွေ သဂြုႋဟ်ဖို့ ကိစ္စတွေကိုလည်း မြို့မိ၊ မြို့ဖတွေနဲ့ တိုင်ပင်ပြီး စည်းကားသိုက်မြိုက်စွာ အခမ်းအနားပြင်၊ ဒီလိုဆောင်ရွက်တာဟာ တပြည်လုံး အတိုင်းအတာကို ဆောင်လိမ့်မယ်။ တို့ကျောင်းထဲမှာ လုပ်တာထက် အရာရာသင့်မြတ် ကောင်းမွန်လိမ့်မယ်။ ဒီကြားထဲ ဆရာကြီး အနေနဲ့ လိုအပ်သလို ဆောင်ရွက်ပေးမယ်”

ဆရာကြီး ဦးရာဇတ်သည် တမျိုးသားလုံးနှင့် သက်ဆိုင်သည့် အရေးတော်ပုံတိုက်ပွဲအား မည်သို့ တဆင့်တက်၍ လျှောက်လှမ်းရမည်ကို ရိုးရိုး ရှင်းရှင်းပင် ညွှန်ကြား၏။

ဆရာကြီး ဦးရာဇတ် ကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၆၃ နှစ် ပြည့်လေပြီ။ ဂုဏ်ရောင်ပြောင်သည့် ၁၃ဝဝ ပြည့် မန္တလေးအရေးတော်ပုံကြီးနှင့် ဆရာကြီး ဦးရာဇတ်၏ ရာဇဝင်ကျောက်စာတိုင်များက မားမားခိုင်ခိုင်နှင့် မြန်မာ့သမိုင်းစဉ်တွင် ထွန်းပြောင်၍နေဆဲဖြစ်၏။
ကိုးကား
-       ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ ဆရာကြီး ဦးရာဇတ် အတ္ထုပတ္တိ (ပထမတွဲ)
-       ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ မန္တလေး ၁၃ဝဝ ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့

Most read this week